သမ္မတအိမ်တော်သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ

စက်တင်ဘာ (၄) ရက် သမ္မတအိမ်တော်သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့တဲ့၊ နေပြည်တော်အခြေစိုက် သတင်းထောက်တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း၊ နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူနဲ့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး တို့က ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

“အခုအခါ ပိုးတွေ့သတင်းထောက်နေထိုင်တဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်က အဆောင်ကို အသွားအလာ ကန့်သတ်လိုက်ပြီး၊ အနီးကပ်ထိတွေ့သူနဲ့ တစ်ဆင့်ခံထိတွေ့သူအားလုံးကို စာရင်း ကောက်ယူနေတယ်” လို့ နေပြည်တော်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်က RFA ကို ပြောပါတယ်။ အားလုံးကို ချက်ချင်း ဆေးစစ်ချက် မယူနိုင်သေးပေမယ့် သီးသန့်ခွဲထုတ်ပြိး အသွားအလာ ကန့်သတ်စောင့်ကြည့်မယ်လို့ ဆိုပါတယ်။

စက်တင်ဘာ (၄) ရက်နေ့က၊ သမ္မတအိမ်တော်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပြီး နေပြည်တော်အခြေစိုက် သတင်းထောက် (၃၀) ကျော် တက်‌ရောက် သတင်းယူခဲ့ပါတယ်။

စက်တင်ဘာ (၉) ရက်နေ့မှာတော့ “သမ္မတအိမ်တော်က လက်ထောက်ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ အရာရှိတစ်ဦးမှာ ရောဂါပိုးတွေ့ရှိရကြောင်း” သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေး က အိမ်တော်သတင်းထောက်တွေကို အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့တဲ့ အိမ်တော်သတင်းထောက် (၃၀) ကျော်ကို စက်တင်ဘာ (၁၀) ရက် ကြာသပတေးနေ့မှာ ချက်ချင်းအာခေါင်တို့ ဖတ်ယူပြီး ကျန်းမာရေးစစ်ဆေးဖို့ သမ္မတရုံးက စီစဉ်ပေးခဲ့ပါတယ်။ ဒီကနေ့ ဆေးစစ်ချက်အဖြေ ထွက်လာတဲ့အခါ သတင်းထောက် (၃၀) ကျော်ထဲက သတင်းထောက်တစ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် “သတင်းစာရှင်းပွဲကို တက်ရောက်ခဲ့သူ ပိုးတွေ့လူနာဖြစ်တဲ့၊ သမ္မတရုံး လက်‌ထောက်ညွှန်ကြားရေးမှူးရဲ့ ဇနီးမှာလည်း ရောဂါပိုးတွေ့ရှိရတယ်” လို့ ဦးဇော်ဌေးက ဒီကနေ့ အတည်ပြုပြောဆိုပါတယ်။

နေပြည်တော် ပြည်ထောင်စုနယ်မြေမှာ ဒီကနေ့ စက်တင်ဘာ (၁၂) ရက်နေ့ထိ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ (၂၆) ဦး ရှိသွားပြီဖြစ်ကြေင်း၊ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးစုကြည်က RFA ကို အတည်ပြုပြောကြားထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/one-journalist-from-npt-is-corona-positive-09122020025543.html

သမ္မတအိမ်တော်သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ သမ္မတအိမ်တော်သတင်းစာရှင်းပွဲ တက်ရောက်ခဲ့တဲ့ သတင်းထောက်တစ်ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိ Reviewed by THITHTOOLWIN on 18:31 Rating: 5

No comments:

Powered by Blogger.