ဆိုရှယ်မီဒီယာပေါ် လေယာဥ်လက်မှတ်ပုံ တင်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း

ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားခဲ့တဲ့ကိစ္စ မစ္စတာ အက်ဘော့နဲ့ ဖုန်းပြောခဲ့တယ်လို့ ဟက်ကာက ပြော

သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း တိုနီ အက်ဘော့ဟာ လေယာဉ်ပေါ်တက်ခါနီး ပြရတဲ့ လက်မှတ်ပုံကို အင်စတာဂရမ် လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့အတွက် သူ့ရဲ့ဖုန်းနံပါတ်နဲ့ နိုင်ငံကူးလက်မှတ်ပါ အချက်အလက် အသေးစိတ်တွေ ဟက်ကာ တစ်ယောက်ရဲ့ ခိုးယူခံလိုက်ရပါတယ်။

အချက်အလက်တွေ ဖော်ထုတ်ရယူခဲ့သူ အဲလက်စ် ဟုပ် ဆိုသူ ဟက်ကာက မစ္စတာ အက်ဘော့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကို အဲဒီ Qantas လေယာဉ်လက်မှတ်ပေါ်ကနေ ၄၅ မိနစ်အတွင်း ရအောင် သူယူနိုင်ခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

အဲဒီနောက်မှာတော့ လုံခြုံရေးအချက်အလက်တွေ ပေါက်ကြားသွားပြီဆိုတာကို အသိပေးနိုင်ဖို့အတွက် မစ္စတာ အက်ဘော့ကို ဆက်သွယ်ဖို့ လနဲ့ချီ သူကြိုးစားခဲ့ရပါတယ်။

Qantas လေကြောင်းကုမ္ပဏီက အခုအခါ သူတို့ရဲ့ လုံခြုံရေးမှတ်တမ်းစနစ်တွေကို အသစ်ပြန်ပြင်လိုက်ပြီလို့ ပြောပါတယ်။

မတ်လ ၂၁ ရက်နေ့က ဆစ်ဒနီကနေ တိုကျိုကိုသွားမယ့် လေယာဉ်ပေါ် တက်ခွင့်လက်မှတ်ပုံကို မစ္စတာ အက်ဘော့က သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ တင်ပြီး လေယာဉ်အမှုထမ်းတွေကို ကျေးဇူးတင်ကြောင်း ရေးခဲ့တာပါ။

မစ္စတာ ဟုပ်က လေယာဉ်ပေါ်တက်မယ့် လက်မှတ်ပုံတွေကို အွန်လိုင်းပေါ် တင်တာဟာ ဘယ်လောက် အန္တရာယ် ကြီးသလဲဆိုတဲ့အကြောင်း သူ့သူငယ်ချင်းတစ်ယောက်နဲ့ မကြာသေးခင်က ပြောနေခဲ့ကြတာ ဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်း မစ္စတာ အက်ဘော့ရဲ့ အချက်အလက်တွေ သူခိုးယူနိုင်သလားလို့ သူငယ်ချင်းက သူ့ကို မက်ဆေ့ခ်ျ ပို့ပြီး လောင်းခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

လေယာဉ်လက်မှတ် ဝယ်တဲ့ နံပါတ် အသေးစိတ်အချက်အလက်တွေကို အဲဒီ လက်မှတ်ပေါ်မှာ ပုံနှိပ်ထားတာဖြစ်တဲ့အတွက် မစ္စတာ အက်ဘော့နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူရယူနိုင်ခဲ့တယ်လို့ မစ္စတာဟုပ်က ဗုဒ္ဓဟူးနေ့တုန်းက သူ့ရဲ့ ဘလော့ဂ်ပေါ်မှာ ရှင်းပြထားပါတယ်။

အဲဒီနောက်မှာတော့ မစ္စတာ အက်ဘေ့ာ လေယာဉ်လက်မှတ်ဝယ်တုန်းက ပေးခဲ့တဲ့ အချက်အလက်မှတ်တမ်းတွေထဲ ခိုးဝင်ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းနံပါတ် ရဖို့ HTML ကုဒ်နံပါတ်ကို ရှာခဲ့ပါတယ်။ အဲဒီ ကုဒ်နံပါတ်ကနေ မစ္စတာ အက်ဘော့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Qantas လေယာဉ်အမှုထမ်းဆီကနေလည်း မေးမြန်းနိုင်ခဲ့ပါတယ်။

"တိုနီ အက်ဘော့ရဲ့ နိုင်ငံကူးလက်မှတ်၊ ဖုန်းနံပါတ်နဲ့အတူ သူ့အကြောင်း Qantas လေကြောင်းကုမ္ပဏီရဲ့ မက်ဆေ့ခ်ျတွေကို ရယူနိုင်ခဲ့ပါတယ်။ ဒါတွေရခဲ့တာကို ကျွန်တော်တစ်ယောက်တည်း သိထားတယ်"လို့ မစ္စတာဟုပ်က ဘလော့ဂ်ပေါ်မှာ ရေးထားပါတယ်။

"တိုနီအက်ဘော့ရဲ့ အင်စတာဂရမ်ကို တွေ့တဲ့သူတိုင်း အဲဒီအချက်အလက်တွေ ခိုးယူလို့ရမှာပဲ။ ဒီအကြောင်း တစ်ယောက်ယောက်ကို ပြောပြသင့်တယ်လို့ ကျွန်တော် ခံစားမိတယ်။ တာဝန်ရှိသူတစ်ယောက်ယောက်ကိုပေါ့"

သြစတြေးလျနိုင်ငံဆိုင်ရာ အွန်လိုင်းအချက်အလက် လုံခြုံရေး ဆောင်ရွက်နေတဲ့ Australian Signals Directorate ဌာနကို မစ္စတာဟုပ် ဆက်သွယ်ခဲ့ပါတယ်။ ဒီကိစ္စ အကြောင်းကြားခဲ့တဲ့အတွက် မစ္စတာဟုပ်ကို ကျေးဇူးတင်တယ်လို့ ဆိုပြီး ဒီကိစ္စကို စုံစမ်းစစ်ဆေးပါ့မယ်လို့ သူတို့ကပြောခဲ့ပါတယ်။

အဲဒီနောက် အခြေအနေကို အသိပေးဖို့အတွက် မစ္စတာ အက်ဘော့ရဲ့ ဝန်ထမ်းတွေကို ဆက်သွယ်ဖို့ သူ လပေါင်းများစွာ ကြိုးစားခဲ့ရပါတယ်။ HTML ကုဒ်ကနေ ရခဲ့တဲ့ မစ္စတာ အက်ဘော့ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကိုတော့ သူမခေါ်ချင်ခဲ့ဘူးလို့ ပြောပါတယ်။

တော်တော်ကြီးကြာတော့မှ ဒီလိုအချက်အလက်တွေ အခိုးခံခဲ့ရတယ်ဆိုတဲ့အကြောင်း သိထားတယ်ဆိုတဲ့ မစ္စတာ အက်ဘော့ရဲ့ ကိုယ်ရေးအရာရှိနဲ့ သူအဆက်အသွယ် ရခဲ့ပြီး မစ္စတာအက်ဘော့ အတွက် နိုင်ငံကူးလက်မှတ်အသစ် ပြန်ထုတ်ပေးဖို့ စီစဉ်နေတာကို သိခဲ့ရပါတယ်။

သူရထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်လို့ စကားပြောလို့ ရမလားဆိုပြီး မစ္စတာ အက်ဘော့က မေးခဲ့တယ်လို့ မစ္စတာဟုပ်က သူ့ရဲ့ ဘလော့ဂ်ပေါ်မှာ ရေးထားပါတယ်။

အချက်အလက်တွေ အခိုးမခံရအောင် ဘာတွေသိထားသင့်သလဲဆိုတာ ဝန်ကြီးချုပ်ဟောင်းက သူ့ကို မေးခဲ့တယ်လို့ မစ္စတာဟုပ်က ပြောပြပါတယ်။ဒါ့အပြင် IT နည်းပညာနဲ့ပတ်သက်တဲ့ သိကောင်းစရာ ဆောင်ရန်ရှောင်ရန် စာအုပ်ရော ရှိသလား ဆိုပြီး သူ့ကို မေးခဲ့သေးတယ်လို့လည်း ဆိုပါတယ်။

" အဓိကကတော့ သူ့လို နာမည်ကြီး ပုဂ္ဂိုလ်တဦးတောင်မှ သတိမမူမိဘဲ သူ့ရဲ့ လေယာဉ်လက်မှတ်ကို လူမှုကွန်ရက်ပေါ် တင်လိုက်မိတယ်ဆိုရင် တခြားသာမန်လူ ဘယ်သူမဆို လုပ်မိနိုင်တယ် ဆိုတဲ့ အချက်ပါပဲ" လို့ မစ္စတာဟုပ်က သူ့ဘလော့ဂ်မှာ ရေးထားပါတယ်။

ဒီကိစ္စကို လွန်ခဲ့တဲ့ လပေါင်း အတော်ကြာကြာကတည်းက ကိုင်တွယ်ဖြေရှင်းခဲ့တယ်လို့ Qantas လေကြောင်းကုမ္ပဏီကပြော

"ဒီကိစ္စအကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို အခုနှစ်အစောပိုင်းက မစ္စတာ အက်ဘော့ ဆက်သွယ် အသိပေးထားခဲ့ပြီး အဲဒီကတည်းက ဖြေရှင်းဆောင်ရွက်ခဲ့ပြီးပါပြီ"လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က SBS သတင်းဌာနကို ပြောပါတယ်။

ဒီကိစ္စကို ဇူလိုင်လမှာ ကိုင်တွယ်ဆောင်ရွက်ပြီးပြီလို့ Qantas လေကြောင်းကုမ္ပဏီက သူ့ကို ပြောကြောင်း မစ္စတာဟုပ်က ပြောပါတယ်။

မစ္စတာဟုပ် ပြောခဲ့တဲ့ ကိစ္စ တကယ် ဖြစ်ခဲ့တယ်ဆိုတာကို Qantas က အတည်ပြုခဲ့ပြီး သူတို့ကို အသိပေးအကြောင်းကြားခဲ့တဲ့ မစ္စတာဟုပ်ကို ကျေးဇူးတင်တယ်လို့ SBS သတင်းဌာနကို ပြောပါတယ်။ ဒီကိစ္စကို လအတော်ကြာကြာကတည်းက ကိုင်တွယ်ဖြေရှင်းပြီးသွားပြီလို့ ဆိုပါတယ်။

"လေယာဉ်ခရီးသည်တွေကို ကျွန်တော်တို့ အကြံပေးချင်တာကတော့ လေယာဉ်ပေါ်တက်ရင် ပြရတဲ့ လက်မှတ်ပုံတွေကို လူမှုကွန်ရက်မှာ မတင်ကြပါနဲ့လို့၊ ဒါမှမဟုတ် တင်ချင်တယ် ဆိုရင်လည်း အရေးကြီးတဲ့ ကိုယ်ရေးအချက်အလက်တွေ မပါအောင် ဖျက်ပြီးမှ တင်ပါလို့ ပြောချင်ပါတယ်"

၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သြစတြေးလျ ဝန်ကြီးချုပ်တာဝန် ယူခဲ့တဲ့ မစ္စတာ အက်ဘော့ဟာ အငြင်းပွားမှုတွေ ရှိနေတဲ့ကြားက ယူကေ အစိုးရရဲ့ အခမဲ့ ကုန်သွယ်ရေး အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-54204898

ဆိုရှယ်မီဒီယာပေါ် လေယာဥ်လက်မှတ်ပုံ တင်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း  ဆိုရှယ်မီဒီယာပေါ် လေယာဥ်လက်မှတ်ပုံ တင်ခဲ့မိလို့ ဒုက္ခရောက်ခဲ့ရတဲ့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း Reviewed by THITHTOOLWIN on 21:15 Rating: 5

No comments:

Powered by Blogger.