မြန်မာကျန်းမာရေးဝန်ထမ်းများ ပိုးမကူးရေး အလေးပေးဆောင်ရွက်

ရန်ကုန်မြို့ လှိုင်တက္ကသိုလ်ရှိ ကွာရမ်တင်းစင်တာမှာ COVID-19 စစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဇူလိုင် ၁၆၊ ၂၀၂၀)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်သူ ၅,၀၀၀ ကျော်အထိ ရှိလာနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးပညာရှင်တွေပါ ပိုးကူးစက်မခံရအောင် ဆောင်ရွက်နေရသလို ပိုးတွေ့ရှိသူတွေ အပါအဝင် ဆက်စပ်ထိတွေ့သူတွေကို နေရာသစ်တွေ တိုးချဲ့ပြီး သီးခြားကန့်သတ်ထားရှိ ကုသပေးနေတဲ့ အနေအထားနဲ့ ပြည်သူအများ အထူးသတိထား လိုက်နာရမယ့် ကျန်းမာရေးပညာပေး သတိပေးချက်တွေအကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကို မဆုမွန် ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာနိုင်ငံတဝှမ်းလုံးအတိုင်းအတာနဲ့ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်နေတဲ့ အရေအတွက်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၂၀ ရက်နေ့ ည ၈ နာရီအချိန်အထိ ထုတ်ပြန်ချက်အရ နောက်ထပ်ပိုး ၂၇၈ ဦး တွေ့ရှိတဲ့အတွက် ပိုးတွေ့ရှိသူပေါင်း ၅,၅၄၁ ဦးအထိ ရှိသွားပြီဖြစ်ပြီး နောက်ထပ် ၃ ဦး ထပ်မံသေဆုံးလို့ အခုဆိုရင် COVID ကြောင့် သေဆုံးသူပေါင်းက ၉၂ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။

ဒီလို လူအုပ်စုလိုက် ရာနဲ့ချီ နေ့စဉ်လို ဓာတ်ခွဲစစ်ဆေး ပိုးတွေ့ရှိမှုတွေကြောင့် COVID-19 ကပ်ရောဂါ ထိန်းချုပ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပြီး ဆေးရုံဆေးခန်းတွေမှာ ရှေ့တန်းကနေ ကာကွယ်ကုသပေးနေတဲ့ ဆေးပညာရှင်တွေ၊ ဆရာဝန် သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေကိုပါ ပိုးကူးစက်မခံရအောင် အထူးသတိထား ဂရုစိုက် ဆောင်ရွက်နေကြတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

“အခုလက်ရှိကတော့ အရမ်းပင်ပန်းနေကြတာပေါ့နော်။ ကျန်းမာရေး ဝန်ထမ်းတွေရော စေတနာ့ဝန်ထမ်းတွေရော ဒါက မမျှော်လင့်ထားတဲ့ Workload ပေါ့၊ တကယ့်ကို မြန်မြန်ဆန်ဆန်ကြီးပေါ့။ အဓိကကတော့ စိတ်ပိုင်းဆိုင်ရာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အထူးသဖြင့် ပရော်ဖက်ဆာကြီးတွေပေါ့၊ ဝေဘာဂီတို့ တောင်ဥက္ကလာတို့ ဖောင်ကြီးတို့ အဲ့မှာရှိတဲ့ ပါမောက္ခကြီးတွေ ပညာရှင်ကြီးတွေက ကျန်းမာရေးဝန်ထမ်းတွေကို အားပေးနေပါတယ်ခင်ဗျ။ ရှေ့တန်းတိုက်စစ်မှူး ပြည်သူ့ကျန်းမာရေး ကုသရေး အဓိကပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို နိုင်ငံတော်ကလည်း ချီးမြှင့်တာ ၂ ခါရှိပါပြီ။ နောက် ပိုးကူးစက်ခြင်း မခံရအောင် Infection Prevention and Control နဲ့ ပတ်သက်ပြီးတော့လည်း သေချာသင်တန်းပေးပြီး ကာကွယ်ဖို့လိုအပ်တဲ့ Face shield တို့ PPE ဝတ်စုံတွေကိုလည်း လုံလောက်အောင် ထောက်ပံ့ပေးနေတယ်။

“နောက် ကျန်းမာရေးဝန်ထမ်းတွေကိုပါ ပိုးကူးစက်မှု ရှိလာတော့ ပိုဆိုးတယ်။ လုပ်ရတဲ့ကြားထဲမှာ ကူးစက်မှုတွေရှိလာတော့ စိတ်ဓာတ်ပိုင်းဆိုင်ရာလည်း ထိခိုက်တယ်။ အဲ့ဒါမျိုးတွေ မရှိအောင် မဖြစ်အောင် Strictly monitored လုပ်တာ၊ တင်းတင်းကျပ်ကျပ် စောင့်ကြည့်တာ၊ အချင်းချင်း သတိပေးတာတွေပါ သေချာလုပ်နေပါတယ်။ အိမ်ပြန်ပြီး နားရမယ့်ကိစ္စတွေဆိုလည်း တချို့ကျတော့ အိမ်မပြန်ချင်တော့ဘူး။ အိမ်ပြန်ရင် အိမ်မှာ သက်ကြီးရွယ်အို မိဘတွေရှိတယ်၊ ကလေးတွေ ရှိမယ်ပေါ့။ ဆေးရုံအနီးတဝိုက်နေရာတွေ အဲ့လိုနေရာတွေ ကျနော်တို့ စီစဉ်ပေးပြီးတဲ့ အခါကျတော့ အိမ်မပြန်ဘဲနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနိုင်အောင်လည်း စီစဉ်ပေးနေပါတယ်။ ပြီးတော့ ကုသနေရင်းနဲ့ Risk ရှိလို့ Exposure ရှိရင် ပိုးစစ် Swab ယူလို့ Clear ဖြစ်တယ်ဆိုရင်လည်း သက်ဆိုင်ရာ ပါမောက္ခဌာနမှူး ဆရာဝန်ကြီးတွေရဲ့ Recommendation နဲ့ လုပ်ငန်းခွင်ကို အမြန်ဆုံး ပြန်ဝင်နေကြတယ်။ လုပ်အားမဆုံးရှုံးရအောင်ပေါ့နော်။ လူနာတွေကို စိတ်မချလို့ဆိုပြီး လုပ်ငန်းခွင် ပြန်ဝင်ချင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေ တော်တော်များပါတယ်ခင်ဗျာ။”

အခုဆိုရင် နေ့စဉ်ရက်စက်ဆိုသလို ဓာတ်ခွဲစစ်ဆေးခန်းတွေကနေ လူရာနဲ့ချီ ပိုးတွေ့ရှိနေတာကြောင့် ဒီပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်တဲ့ လူထောင်ဂဏန်းလောက်ကို သီးခြားကန့်သတ်ခွဲပြီး စောင့်ကြည့်နေရတဲ့ COVID Quarantine Center တွေ နေရာသစ်တွေ တိုးချဲ့ပြီး စီစဉ်ဆောင်ရွက်ပေးနေရတဲ့ နောက်ဆုံးအခြေအနေကိုလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရက ရှင်းပြပါတယ်။

“အဓိက ပိုးတွေ့ရှိလူနာ များလာတာနဲ့အမျှ Contact ဆက်စပ်သူတွေ များလာနေတယ်။ Contact များလာတာနဲ့အမျှ Quarantine လုပ်ရမယ့်သူတွေ များလာတယ်။ ပိုးတွေ့လူနာတွေအတွက် ဆေးရုံကိုလည်း စီစဉ်နေရသလို Quarantine ထားဖို့ Primary Contact ထိတွေ့ဆက်စပ်သူတွေကို ထားဖို့ နေရာတွေလည်း စီစဉ်နေရပါတယ်။ လူနာအတွက်လည်း Medical Care ပေးနိုင်မယ့် ဆေးဝါးကိရိယာ အပြည့်အစုံ Facility ဝန်ဆောင်မှုပေးနိုင်တဲ့ နေရာလိုသလို Quarantine အတွက်လည်း Quarantine လည်းဖြစ်မယ်၊ သူ့ကျန်းမာရေးကိုလည်း Surveillance စောင့်ကြပ်ကြည့်ရှုနိုင်မယ့် အနေအထား လိုတဲ့အတွက် အခု ကျနော်တို့ လက်ရှိအနေအထားကတော့ နေရာတွေ ပိုပြီးလိုလာတယ်။

“Quarantine သမားတွေအတွက်ရော ဆေးရုံသမားတွေ အတွက်ရော နှစ်ခုပေါင်းပြီး နေရာတွေ တော်တော်များများကို လိုနေတယ်လို့ အကြမ်းဖျင်း ပြောရမယ်။ အခုက နေရာတွေများများ လိုလာပြီး ဝန်ထုပ်ဝန်ပိုးတွေ ပိလာနေတယ်။ ဒါတွေကို ချိန်နေရပါတယ်။ တက်လာတဲ့ Burden ကို ဘယ်လိုလုပ်ကြမလဲ ဆိုတာကို နေ့စဉ် စဉ်းစားနေပြီးတော့ ပေါ်လစီအပြောင်းအလဲ ထပ်လုပ်ရမယ်ဆိုရင်လည်း ဝန်ကြီးဌာနအနေနဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ လမ်းညွှန်မှုကို ခံယူပြီးတော့ လိုအပ်တာတွေကို အရေးကြီးအဆင့်အနေနဲ့ အချိန်နဲ့တပြေးညီ ကျနော်တို့ ဆောင်ရွက်လျက်ရှိပါတယ်။”

အခုဆိုရင် လူ ၈၀ ကျော်သေဆုံး လူ ၅,၀၀၀ ကျော်အထိ ပိုးတွေ့ရှိမှုတွေ ဖြစ်လာနေပြီး ပိုးကူးစက်မှု အန္တရာယ်များတဲ့ ဒေသတွေ နေရာတွေကို ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး အသွားအလာ ကန့်သတ်တာ၊ ပြည်သူတွေ နေအိမ်တွေထဲမှာပဲနေဖို့ ညွှန်ကြားတာ အပါအဝင် ကာကွယ်ထိန်းချုပ်မှုတွေ အရှိန်အဟုန်နဲ့ ဆောင်ရွက်ချိန် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ကြဖို့နဲ့ ကျမ်းမာရေး လမ်းညွှန်ချက်တွေကို အထူးလိုက်နာကြဖို့ ဒေါက်တာသန်းနိုင်စိုးက တိုက်တွန်းပါတယ်။

“အခု ကူးစက်မှုနှုန်းကလည်း တက်လာရင် သေဆုံးမှုနှုန်းကလည်း တက်လာနေတယ်။ ပြည်သူတဦးတယောက် ဆုံးရှုံးသွားတိုင်း ကျနော်တို့ မိသားစုနဲ့ထပ်တူ ခံစားရပါတယ်။ ပြည်သူတွေအားလုံးက ကွင်းဆက်တွေကို အားလုံးဝိုင်းဝန်းပြီး ဖြတ်တောက်ပေးဖို့ လိုပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ Request လုပ်ပြီး အနူးအညွတ် ပန်ကြားနေတဲ့ အချက်ကတော့ ပြည်သူတွေ တတ်နိုင်သမျှ မိမိအိမ်မှာ နေပေးဖို့ပေါ့နော်။

“နောက်တခုက အိမ်ပြင်ကို မဖြစ်မနေ အပြင်ကိုထွက်ရတဲ့သူ အလုပ်ကိစ္စနဲ့ဖြစ်ဖြစ် စျေးသွားလို့ပဲဖြစ်ပါစေ အဲ့လူက အိမ်အပြင်ကို ထွက်ပြီဆိုကတည်းက Mask ကို စနစ်တကျ သေချာတပ်သွားမယ်၊ တခြားသူတွေနဲ့ ခပ်ခွာခွာနေမယ်၊ လူစုလူဝေး အုပ်စုဖြစ်နိုင်တဲ့ နေရာတွေကို ရှောင်မယ်၊ ပြန်လာတာနဲ့ အိမ်ပြန်ရောက်လာတာနဲ့ လက်ကို စက္ကန့် ၂၀ စင်ကြယ်အောင် ဆေးကြောမယ်၊ ပြီးရင် ကိုယ်ဝတ်ထားတဲ့ အဝတ်စားတွေကို ဆပ်ပြာနဲ့စိမ်ပြီး လျှော်မယ်။ ရေမိုးချိုး သန့်စင်ပြီးမှ အိမ်ကမိသားစုနဲ့ ထိတွေ့မယ်။ ကျန်တဲ့သူတွေလည်း အကူးစက်မခံရတော့ဘူးပေါ့။ အဲ့လိုနည်းမျိုးတွေနဲ့ အားလုံးအတူတကွ ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုရင် လာမယ့် ၂ ပတ် ၃ ပတ်လောက်အတွင်းမှာ အကောင်အထည်မြင်ရမှာ ဖြစ်ပါတယ်။”

အခုချိန်မှာတော့ ဆေးပညာရှင် ဆရာဝန် သူနာပြုတွေ၊ ဓာတ်ခွဲခန်းပညာရှင်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ အင်အားဖြည့်တင်းနေပြီး ပရဟိတ စေတနာ့ဝန်ထမ်းတွေဘက်ကလည်း အင်တိုက်အားတိုက် ကူညီနေကြပါတယ်။ လူနာတွေအတွက် လိုအပ်တဲ့ နေရာအဆောက်အဦတွေ အတွက်လည်း အလှူရှင်တွေဘက်က ကူညီပံ့ပိုးနေကြတဲ့ တချိန်တည်းမှာပဲ ကုသမှုတွေပေးနိုင်ဖို့ အစိုးရဆေးရုံ ဆေးခန်းတွေအပြင် ပုဂ္ဂလိက ဆေးရုံတွေမှာပါ လူနာတွေ ခွဲဝေကုသ ဝန်ဆောင်မှုပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေပါတယ်။

ဒါပေမယ့်လည်း နေ့စဉ်လိုလို ရာနဲ့ချီ ပိုးတွေ့ရှိပြီး လူထောင်ချီ ကူးစက်လာနေတဲ့ အတွက် သီးခြားခွဲထားရှိတဲ့ ကွာရမ်တင်းစင်တာတချို့မှာ ဝန်ထမ်းမလုံလောက်မှု၊ နေရေးစားရေး အဆင်မပြေမှု အခက်အခဲတွေ ဖြစ်နေသလို ပြည်သူလူထုကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်လာနေပါတယ်။


မဆုမွန်/VOA (Burmese)

https://burmese.voanews.com/a/covid19-myanmar-health-workers/5590511.html

မြန်မာကျန်းမာရေးဝန်ထမ်းများ ပိုးမကူးရေး အလေးပေးဆောင်ရွက် မြန်မာကျန်းမာရေးဝန်ထမ်းများ ပိုးမကူးရေး အလေးပေးဆောင်ရွက် Reviewed by THITHTOOLWIN on 23:53 Rating: 5

No comments:

Powered by Blogger.