'ခွဲမထွက်ရ' ဆိုတဲ့ စကားလုံးကို ညှိနှိုင်းမရခဲ့လို့ ဆွေးနွေးမှုတွေ တစ်ဆို့ခဲ့ |
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား ပြည်ထောင်စုက 'ခွဲမထွက်ရ'ဆိုတဲ့ စကားလုံးကို ညှိနှိုင်းမရလို့ ၂၁ ရာစုပင်လုံညီလာခံမှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဆက်ဆွေးနွေးဖို့ တစ်ဆို့နေတာတွေ ရှိခဲ့ပေမဲ့ အခုတော့ နှစ်ဖက်အကြား ဖြေရှင်းလို့ ရခဲ့ပြီလို့ အစိုးရဘက်က ပြောခွင့်ရသူ ဦးဇော်ဌေးက ဆိုပါတယ်။
"ကျွန်တော်တို့ အခုညှိနေတဲ့ထဲမှာ ခွဲမထွက်ရဆိုတာ မပါတော့ဘူး။ တစ်စည်းတစ်လုံးတည်းနေဖို့အတွက် စုပေါင်းဖော်ဆောင်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ ပုံစံမျိုး စဥ်းစားတယ်" လို့ ပြောပါတယ်။
'ခွဲမထွက်ရ' ဆိုတဲ့ စကားလုံးအစား 'စုပေါင်းဖော်ဆောင်ရန်တာဝန်ရှိသည်' ဆိုတဲ့ စကားလုံးကို သုံးနှုန်းခဲ့တယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။
၂၀၁၇ ခုနှစ်က ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးရဲ့ နိုင်ငံရေး ကဏ္ဍအောက်မှာ ဆွေးနွေးတဲ့အခါ နိုင်ငံတော်ရဲ့နယ်မြေဟူသမျှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့ စကားလုံးကို ထည့်သွင်းဖို့ တပ်မတော်သားအစုအဖွဲ့က တင်ပြခဲ့ပါတယ်။
အဲဒီ စကားလုံးကို ပြည်ထောင်စုသဘောတူစာချုပ်မှာ ထည့်သွင်းဖို့ တင်ပြတဲ့အပေါ် တိုင်းရင်းသားအဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြတဲ့အတွက် ဒီစကားလုံးနဲ့ပတ်သက်လို့ ၂ နှစ်ကျော်ကြာ ညှိနှိုင်းမရ ဖြစ်ခဲ့တာပါ။
'ခွဲမထွက်ရ' ဆိုတဲ့ စကားလုံးဟာ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓာတ်၊ ပင်လုံကတိတို့ကို ဆန့်ကျင်နေတဲ့အပြင် တို့တာဝန် အရေးသုံးပါးရှိတဲ့အတွက် ခွဲမထွက်ရဆိုတဲ့စကားလုံးကို ထည့်သွင်းဖို့မလိုဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်း တချို့ကကန့်ကွက်ခဲ့ကြတာပါ။
ဒါပေမဲ့လည်း အခုအခါမှာတော့ ခွဲမထွက်ရဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ အဆင်ပြေသွားပြီလို့ အစိုးရဘက်က ပြောခွင့်ရသူ ဦးဇော်ဌေးက မနေ့ သြဂုတ် ၁၃ ရက်မှာ ကျင်းပတဲ့ (၉) ကြိမ်မြောက် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
နှစ်ဦးနှစ်ဖက်က ထိုက်သင့်မျှတတဲ့ အလျှော့အတင်း ဆောင်ရွက်နိုင်ခဲ့လို့သာ ပင်လုံ စတုတ္ထအစည်းအဝေးရဲ့ ရလဒ်ဖြစ်လာမယ့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃)ပါ အကြောင်းအရာတွေကို သဘောတူညီနိုင်ခဲ့တာဖြစ်ကြောင်း ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အဲဒီအစည်းအဝေး နိဂုံးချုပ်မှာ ပြောခဲ့တယ်လို့ NCA-S EAO ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
'ခွဲမထွက်ရ' ဆိုတဲ့စကားရပ် ထည့်သွင်းဖို့ဖြစ်လာတဲ့အချိန်ကစလို့ ဒီစကားလုံးနဲ့ ပတ်သက်ပြီး အစိုးရ ခေါင်းဆောင်တွေ၊ တပ်မတော်ခေါင်းဆောင်တွေကြား အမြင်မတူတာတွေ ရှိခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ခွဲမထွက်ရေးက အရေးကြီးသလို ခွဲမထွက်ချင်တဲ့၊ ခွဲထွက်စရာမလိုတဲ့ ပြည်ထောင်စုကြီး ဖြစ်လာအောင် အားလုံး လက်တွဲပူးပေါင်းပြီး အကောင်အထည် ဖော်ဖို့ကလည်း အင်မတန် အရေးကြီးတယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ထိုး သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောခဲ့ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပြည်ထောင်စုရဲ့ မည်သည့်အစိတ် အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရလို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့အတွက် 'ခွဲမထွက်ရ' ဆိုတဲ့ စကားရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ် လိုအပ်တဲ့စကားရပ်ဖြစ်တယ်လို့ NCA သုံးနှစ်ပြည့် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ၂ နှစ် ကျော် ညှိနှိုင်းပြီးတဲ့နောက်မှာတော့ အငြင်းပွားစရာ မရှိတော့ပေမဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ စကားလုံးအဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတော့ ဆက်လက်ဆွေးနွေးရအုံးမှာ ဖြစ်ပါတယ်။
BBC Burmese
No comments:
Post a Comment