အိမ်ဖြူတော်အနီးပစ်ခတ်မှုကြောင့် သမ္မတ သတင်းရှင်းလင်းပွဲယာယီရပ်နားခဲ့

သတင်းစာ ရှင်းလင်းပွဲကို ခဏ ရပ်ခဲ့တဲ့ သမ္မတ ဒေါ်နယ်ထရမ့်။ (သြဂုတ် ၁၀၊ ၂၀၂၀)

တနင်္လာနေ့ မွန်းလွဲပိုင်းက အိမ်ဖြူတော်အနားမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် သမ္မတ ဒေါ်နယ်ထရမ့်ဟာ သတင်းစာ ရှင်းလင်းပွဲကို ခဏ ရပ်ခဲ့ပြီး သူ့ရဲ့ ကိုယ်ရေး လုံခြုံရေးအဖွဲ့တွေရဲ့ အစောင့်အရှောက်ကို ခံယူ ခဲ့ရပါတယ်။ မိနစ်အနည်းငယ် အကြာမှာတော့ သမ္မတ ထရမ့် သတင်းစာ ရှင်းလင်းပွဲကို ပြန်ရောက်လာပြီး အိမ်ဖြူတော်အနီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနဲ့ လူတစ်ယောက်ကို ဆေးရုံကို တင်လိုက်ရကြောင်း ပြောပါတယ်။


အသက် ၅၁နှစ်အရွယ်ရှိတဲ့ လူတစ်ယောက်က သမ္မတရဲ့ အထူး လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဆီကို ချဉ်းကပ်ပြီး သူ့မှာ လက်နက်ရှိတယ်လို့ ပြောကြောင်း၊ အဲဒီနောက် လှည့်ထွက်သွားပြီး အကျႌအိတ်ထဲက တစုံတခု ထုတ်ဟန် ပြုတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရကြောင်းလည်း ကိုယ်ရေး လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ Tom Sullivan က ပြောပါတယ်။ အဲဒီလူမှာ တကယ် လက်နက် ရှိ၊ မရှိ အသေးစိတ် ပြောကြားတာတော့ မရှိပါဘူး။


ပစ်ခတ်မှုက ၁၇ လမ်းနဲ့ Pennsylvania Avenue လမ်းထောင့်မှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီနေရာက အိမ်ဖြူတော်အနား အများပြည်သူ သွားလာနိုင်တဲ့နေရာနဲ့ ကန့်သတ်ထားတဲ့နေရာ နှစ်ခုဆုံရာ နေရာဖြစ်ပါတယ်။


သတင်းစာ ရှင်းလင်းပွဲကို ရောက်နေတဲ့ သတင်းထောက် တစ်ဦးကလည်း သေနတ်သံ နှစ်ချက် ကြားလိုက်တယ်လို့ ပြောပါတယ်။


လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အန္တရာယ် ကင်းရှင်းကြောင်း ပြောအပြီးမှာ သတင်းစာ ရှင်းလင်းပွဲ ပြန်မစ စရာအကြောင်း မရှိဘူးလို့ မြင်မိကြောင်းလည်း သမ္မတ ထရမ့်က ပြောခဲ့ပါတယ်။


VOA (Burmese)

https://burmese.voanews.com/a/trump-shooting/5538896.html

အိမ်ဖြူတော်အနီးပစ်ခတ်မှုကြောင့် သမ္မတ သတင်းရှင်းလင်းပွဲယာယီရပ်နားခဲ့ အိမ်ဖြူတော်အနီးပစ်ခတ်မှုကြောင့် သမ္မတ သတင်းရှင်းလင်းပွဲယာယီရပ်နားခဲ့ Reviewed by THITHTOOLWIN on 23:40 Rating: 5

No comments:

Powered by Blogger.