စစ်ဘေးရှောင်အရေး၊ ရခိုင်တိုက်ပွဲအရေး ရခိုင်နိုင်ငံရေးသမားများ ဆွေးနွေး

ရခိုင် ကျောက်တော်က စခန်းတစ်ခုကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရတဲ့ မြင်ကွင်း
ရခိုင်ပြည်နယ်က အင်အားအကြီးပါတီ တစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီက မူဝါဒရေးရာ ဦးဆောင်ကော်မတီနဲ့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို စစ်တွေမှာ ပြုလုပ်ခဲ့ပြီး အဲဒီအစည်းအဝေးက ရခိုင်တိုက်ပွဲအရှိန်လျော့ချရေး ၊ စစ်ဘေးရှောင် အရေးတွေ ဖြေရှင်းရေး စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒီအစည်းအဝေးက ရခိုင်အမျိုးသားပါတီညီလာခံ ပြီးကတည်းက ပထမဆုံးအကြိမ် မျက်နှာစုံညီ အစည်းအဝေး ဖြစ်ပြီး မူဝါဒရေးရာ ဦးဆောင်ကော်မတီ၊ ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီနဲ့ လွှတ်တော် သုံးရပ်က ကိုယ်စားလှယ်တွေ တက်ရောက်ကြပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ် လွှတ်တော်ထဲမှာလည်း အမတ်အများစုကို ပိုင်ဆိုင်ထားတဲ့ ပါတီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအပါအဝင် စစ်ဘေးရှောင် ပြည်သူတွေနဲ့ အရပ်သားတွေ ထိခိုက်မှု ရှိနေတဲ့အပေါ် လွှတ်တော်ပိုင်းက ဆောင်ရွက်တာကို ရခိုင်ပြည်သူတွေကြားထဲ အားမလို အားမရမှုတွေ ဖြစ်နေပါတယ်။

ပါတီရဲ့ မူဝါဒဆိုင်ရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က " ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့သွားရောက်ကူညီထားတာ ရှိပါတယ်။ နောက်ပြီးတော့ အစီရင်ခံစာတွေ တင်သွင်းထားတာတွေ ရှိတယ်။ ဆက်ပြီး အစီရင်ခံစာ တင်သွင်းမဲ့လုပ်ရပ်တွေကို ကော်မတီဖွဲ့စည်း ဆောင်ရွက်တာတွေရှိပါတယ် " လို့ပြောပါတယ်။

ရခိုင်ပြည်နယ် အတွင်းမှာ စစ်ပွဲတွေက မရပ်တဲ့အပြင် နေ့စဉ်ရက်ဆက် မြို့နယ် ၈ ခုလောက်မှာ ဖြစ်ပွားနေတဲ့အတွက် စစ်ဘေးရှောင် ပြည်သူ အရေအတွက်လည်း ခြောက်သောင်းကျော်အထိ ရှိလာနေပြီဖြစ်ပါတယ်။

စာသင်ကျောင်းတွေကိုလည်း ကျောင်း ၃၀ လောက် ပိတ်ထားရပြီး တစ်ဝက်တစ်ပျက်နဲ့ ကျောင်းစာ မသင်နိုင်တဲ့ ကျောင်းတွေလည်း ရှိနေပါတယ်။

ရခိုင်အမျိုးသားပါတီဟာ ရခိုင်ပြည်နယ်အတွင်း အင်အားကြီးပါတီတစ်ရပ် ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင်ဦးဆောင်ပါတီ၊ ၁၉၉၀ ရွေးကောက်ပွဲတွင်း ပြည်နယ်အတွင်း အနိုင်ရခဲ့တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်လို ပြိုင်ဘက် ပါတီတွေရှိနေတဲ့အတွက် စိန်ခေါ်မှုတွေ အများအပြားရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။

၂၀၁၅ တုန်းက ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှာ အန်အယ်လ်ဒီက ပြည့်သူလွှတ်တော်အတွက် ၁၇နေရာမှာ ၄ နေရာပဲ အနိုင်ရခဲ့ပါတယ်။

အဲဒီနေရာတွေကတော့ ၂၀၁၅ တုန်းက ဒေါ်အောင်ဆန်းစုကြည် လာရောက်မဲဆွယ်ခဲ့တဲ့ တောင်ကုတ်၊ သံတွဲ၊ ဂွ နဲ့ မာန်အောင်တို့ဖြစ်ပါတယ် ။

အမျိုးသားလွှတ်တော် ၁၂ နေရာအတွက်တော့ အန်အယ်လ်ဒီက တစ်နေရာပဲ နိုင်ခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် ၃၄ နေရာမှာ ၁၀ နေရာပဲနိုင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ အေအန်ပီက အများစု အနိုင်ရခဲ့ပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ အခုလက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေ တိုးပွားနေရသလို မကြာခဏဆိုသလို တိုက်ပွဲတွေကြားထဲ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေလည်း ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
စစ်ဘေးရှောင်အရေး၊ ရခိုင်တိုက်ပွဲအရေး ရခိုင်နိုင်ငံရေးသမားများ ဆွေးနွေး စစ်ဘေးရှောင်အရေး၊ ရခိုင်တိုက်ပွဲအရေး ရခိုင်နိုင်ငံရေးသမားများ ဆွေးနွေး Reviewed by THITHTOOLWIN on 01:55 Rating: 5
Powered by Blogger.