ဒေါ်လာ သိန်းချီလုပ်ကိုင်နေကြတဲ့ မြန်မာ့မူးယစ်ဆေးဝါးဈေးကွက်

ရခိုင်ပြည်နယ် မောင်တောမြို့မှာ စိတ်ကြွဆေးပြား ၄ သိန်းခွဲဖမ်းမိ
ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့က မောင်တောမြို့မှာ စိတ်ကြွဆေးပြား ၄ သိန်းခွဲလောက်ဖမ်းမိခဲ့ပါတယ်။

စက်တင်ဘာလ ၆ ရက် ည ၁၀ နာရီအချိန်လောက်မှာ မြို့ဦးကျေးရွာ အုပ်စု၊ လသာ ကျေးရွာက လူတယောက်ရဲ့ မီးဖိုချောင်ခန်းထဲမှာ wy စာတန်းပါ စိတ်ကြွဆေးပြား ၈၁၇၀ ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

အနီးနားကပ်လျက်ရှိနေတဲ့ သမီးဖြစ်သူရဲ့ အိမ်ကို ဆက်လက်ရှာဖွေရာမှာတော့ wy စာတန်းပါ စိတ်ကြွဆေးပြား ၄၄၆၅၀၀ ကိုဆက်လက်တွေ့ရှိဖမ်းမိခဲ့ပါတယ်။ စုစုပေါင်း အရေအတွက်က ၄၅၄၆၇၀ ဖြစ်ပါတယ်။ အဲဒီ စိတ်ကြွဆေး ၄ သိန်းခွဲလောက်ဟာ အမေရိကန် ဒေါ်လာ ၆ သိန်းကျော် တန်ပါတယ်။ မြန်မာငွေနဲ့ ဆိုရင် ကျပ်သန်း ၉၀၀ ကျော်ဖိုး ဖြစ်ပါတယ်။

မောင်တောမြို့ မူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ ဒုရဲမှူးမြင့်ဆွေကတော့ သူတို့အနေနဲ့ လုပ်ရိုးလုပ်စဉ် အတိုင်းပဲ သတင်းအရရှာဖွေ ဖမ်းဆီးရာကနေ မိခဲ့တာလို့ ဘီဘီစီကို ပြောပါတယ်။ မူယစ်ဆေးဝါးကို နှိမ်နင်းဖို့ နိုင်ငံတော်သမ္မတကိုယ်တိုင်က စီမံချက်ချ ဆောင်ရွက်နေတဲ့ အတိုင်း လုပ်တာလို့လည်း ဆိုပါတယ်။

အဲသလို ဖမ်းမိခဲ့တာဟာ စက်တင်ဘာလ ၆ ရက် သောကြာနေ့ပါ။

စက်တင်ဘာလ ၆ ရက်နေ့မှာပဲ စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့အဝင် ပင်လယ်ဘူး၊ ကောလင်း ကားလမ်းပေါ်မှာ ဆိုင်ကယ် ၂ စီးနဲ့သယ်လာတဲ့ ဘိန်းမဲ ၃၈ ဒသမ ၆၁ ကီလိုဂရမ်ဖမ်းမိခဲ့ပါတယ်။ မြန်မာကျပ်ငွေ သိန်း ၁ ထောင်ကျော်ဖိုးတန်ပါတယ်။ ဒေါ်လာ ၆ သောင်းခွဲ ၇ သောင်းနီးပါးနဲ့ ညီမျှပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့မှာ စက်တင်ဘာ ၇ ရက်နေ့က ကားနဲ့တင်လာတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းမိ
အဲဒီနေ့မှာပဲ ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဆပ်ပြာခွက်နဲ့ထည့်ထားတဲ့ ဘိန်းဖြူ ၁ ဒသမ ၄၅ ကီလို ဖမ်းမိပါတယ်။ ကျပ်ငွေ ၁၄၅၀ သိန်း ဒေါ်လာ ၁ သိန်းဖိုးနီးပါးဖြစ်ပါတယ်။

စက်တင်ဘာလ ၅ ရက် ကြာသပတေးနေ့ကလည်း အမ်းမြို့မှာ ဆေးခြောက် ၄ ကီလိုဂရမ် မြန်မာအလေးချိန်နဲ့ဆိုရင် ၂ ပိဿာခွဲလောက် ဖမ်းမိခဲ့ပါတယ်။

စက်တင်ဘာလ ၅ ရက်နေ့မှာပဲ ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ ကဖင်း ၁၉၅၀ ကီလိုဂရမ်ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲဒီကဖင်းတွေဟာ မြန်မာငွေ ကျပ် ၁၉၅ သန်း၊ အမေရိကန် ဒေါ်လာနဲ့ဆိုရင် ဒေါ်လာ ၁ သိန်း ၃ သောင်းရှိပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဝိန်းခမ်းကျေးရွာ လွယ်ဂျယ်မိုးမောက်ကားလမ်းပေါ်မှာလည်း စက်တင်ဘာလ ၈ ရက် နေ့က ဘိန်းဖြူ ဒသမ ၇၃ ဂရမ်ဖမ်းမိခဲ့ပါတယ်။

စက်တင်ဘာလ ၇ ရက် ပင်လည်ဘူးမှာ မူးယစ်ဆေးဝါးဖမ်းမိ
စက်တင်ဘာလ ၈ ရက်နေ့မှာပဲ ရှမ်းပြည်နယ်နောင်ချိုမြို့ ကျောက်တောရွာအနီးမှာတော့ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးစဉ်နောက်လှည့်မောင်းပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ကျကျန်ခဲ့တဲ့ ကျောပိုးအိတ်ထဲမှာ စိတ်ကြွဆေးပြား ၁၉၈၈၀ ပြားသိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီနေ့မှာပဲ တနင်္သာရီတိုင်း မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်က ထမင်းဆိုင်တဆိုင်မှာ စိတ်ကြွဆေးပြား ၃၉၆၀ ပြားဖမ်မိပါတယ်။ မြိတ်မြို့ ရာပြည့်ရပ်ကွက်မှာလည်း အိုက်စ် ဒသမ သုည ၆ ဂရမ်ကို ဆက်စပ်ဖမ်းဆီးခဲ့ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့ကလည်း ရန်ကုန်ကနေ ရခိုင်ပြည်နယ်ကို မောင်းနှင်လာတဲ့ လူစီးဘတ်စ်ကား ၂ စီးပေါ်ကနေ စိတ်ကြွဆေးပြား ၂ သန်း ၆ သိန်းကျော်ဖမ်းမိခဲ့ပါတယ်။ အဲဒီစိတ်ကြွဆေးပြားတွေရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ သန်းတန်ဖိုးရှိပါတယ်။

ဒီသတင်းတွေကို ကြည့်ရင် မြန်မာနိုင်ငံဟာ ရက်အနည်းငယ်အတွင်းမှာတွင် ဒေါ်လာ သိန်းသန်းချီတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ရောင်းဝယ်ဖြန့်ဖြူးနေတဲ့ ဈေးကွက်ကြီးတခုဖြစ်နေတာကို သိမြင်နိုင်ပါတယ်။

 မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင် ပညာပေးဟောပြောစဉ် 

BBC Burmese
https://www.bbc.com
ဒေါ်လာ သိန်းချီလုပ်ကိုင်နေကြတဲ့ မြန်မာ့မူးယစ်ဆေးဝါးဈေးကွက် ဒေါ်လာ သိန်းချီလုပ်ကိုင်နေကြတဲ့ မြန်မာ့မူးယစ်ဆေးဝါးဈေးကွက် Reviewed by THITHTOOLWIN on 04:02 Rating: 5
Powered by Blogger.