ရခိုင် ပုဏ္ဏားကျွန်းမှာ မြန်မာစစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ


စစ်ရေးပဋိပက္ခ မငြိမ်းနိုင်သေးတဲ့ ရခိုင်ပြည်နယ်အတွင်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ မြန်မာတပ်မတော် စစ်ကြောင်းကို AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေပါဆို ပုဏ္ဏားကျွန်းမြို့နယ်အတွင်း၃ ရက်ဆက်တိုက် ဗုံးခွဲ တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာပါ။ အလားတူ ကျောက်တော်မြို့နယ်အတွင်းမှာလည်း မြေမြုတ်မိုင်းနင်းမိခဲ့လို့ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ဘက်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကနေ မြန်မာတပ်မတော်စစ်ကြောင်း တခုကို ဒီကနေ့ မိုင်းခွဲတိုက်ခိုက်ခဲ့လို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မတော်ပြောခွင့်ရဗိုလ်မှူးကြီး ၀င်းဇော်ဦးက ပြောပါတယ်။

“အဲဒီမှာလမ်း နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ စစ်ကြောင်း တကြောင်းကို မိုင်းခွဲပြီးတော့မှ မိုင်းခွဲတိုက်ခိုက်တာပေါ့။ အဲဒီမှာ မိုင်းခွဲပြီးတာနဲ့ သူပစ်ကိုယ်ပစ် ခနလေးပဲ ပစ်ပြီးပြေးသွားတာ ဘာမှမကြာဘူး။”

ဒီနေ့မနက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ယုံးငူရွာနဲ့ ကျောက်ဆိပ်ရွာအကြား ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်မှု မရှိဘူးလို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် ယုံးငူရွာနဲ့ ကျောက်ဆိပ်ရွာအကြား တပ်မတော်စစ်ကြောင်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ အခြေအနေကို ဒေသခံတဦးက အခုလိုပြောပါတယ်။

“မနက် ၆ နာရီလောက်မှာ။ စစ်ကြောင်းကို မိုင်းခွဲ တိုက်ခိုက်တာ။ စစ်ကြောင်းက မြစ်ဆီက တက်လာတာ။ ယုံးငူရွာက ကျောက်ဆိပ်ဆိုတဲ့ ရွာကို လာတဲ့လမ်းမှာ။ အဲဒီမှာ ကားလမ်းနဲ့ ရထားလမ်းအပြိုင် ရှိတယ်။ ဆို ရထားလမ်းဘေးမှာ မိုင်းပေါက်တာ။ မိုင်းက အကြီး နှစ်လုံးလို့ ပြောတယ်။”

ရခိုင်လက်နက်ကိုင် AA ဘက်ကတော့ ပုဏ္ဏားကျွန်းနယ် ယုံးငူရွာဘက်တိုက်ပွဲ ဖြစ်ပွားကြောင်း အဖွဲ့ပြောခွင့်ရ ခိုင်သုခက အတည်ပြုပြောပါတယ်။

“ပုဏ္ဏားကျွန်းနယ် ယုံးငူရွာနဲ့ ကျောက်ဆိပ်အကြားပေါ့။ အဲဒီမှာ ဒီမနက်ပိုင်းကနေ တိုက်ပွဲဖြစ်ပွားခဲ့တာ ရှိတယ်ဆိုပြီးတော့ သတင်းတော့လာတယ်။ ဒါပေမဲ့ အသေးစိတ် အချက်လက်တော့ တက်မလာသေးဘူး။”

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း မနေ့ကလည်း ပျဉ်လျားရှည်ရွာနဲ့ အောင်ဆိပ်ဆိုတဲ့ရွာကြား မြန်မာစစ်တပ်ရဲ့ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသလို စက်တင်ဘာ ၁၅ ရက်နေ့ကလည်း လက်မဆိပ်က မင်းဇီချောင်းအသွားလမ်းမှာ မိုင်းခွဲတိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့မနက်ပိုင်းမှာလည်း ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာဘက်မှာ မြေမြှုပ်ဗုံးပေါက်ကွဲခဲ့လို့ အမျိုးသမီးတဦး ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ လူနာရဲ့ ဆွေမျိုးသားချင်း တဦးက အခုလို ပြောပါတယ်။

“ဖြစ်စဉ်က တောထဲမှာ မျှစ်သွားခူးတာ။ မျှစ်ခူးတော့ အဲဒီမှာပဲ မိုင်းနင်းမိတယ်ဆိုပါတော့။ စစ်တွေကို ယူသွားတယ်။ မနက်ကတည်းက အရေးပေါ် ယိုးတရုတ်ကားက ယူပြီးတော့ သူတို့ကို စစ်တွေကို ယူသွားတယ်တဲ့။”

မြေမြှုပ်ဗုံး နင်းမိတဲ့အတွက် ခြေထောက်မှာ ဒဏ်ရာပြင်းထန် ရရှိခဲ့လို့ စစ်တွေဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတာပါ။ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲမှုကြောင့် အရပ်သားတွေ သေဆုံးထိခိုက်ဒဏ်ရာရတဲ့ ဖြစ်စဉ်တွေလည်း များပြားလာနေသလို ပေါက်ကွဲမှုဖြစ်စဉ်တိုင်း ဘယ်အဖွဲ့ကနေ ထောင်ထားတဲ့ မိုင်းဖြစ်ကြောင်း ထုတ်ဖေါ်ပြောတာမျိုးတော့ မရှိခဲ့ပါဘူး။

မနေ့က မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ ရှမ်းပြည်နယ် ကျိုင်းတုန်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တိုက်ပွဲလျှော့ချရေးနဲ့ တိုက်ပွဲထပ်မံ မဖြစ်ပွားရေးအပါအ၀င် အချက် ရှစ် ချက်ကို နှစ်ဘက် အဖွဲ့တွေက သဘောတူညီချက် ရရှိခဲ့ပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ စစ်ရေးမရပ်တန့်နိုင်သေးပါဘူး။

ရခိုင်ပြည်နယ်အတွင်း အခြေချရေးဟာ အဓိကရည်မှန်းထားတဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ရခိုင်ပြည်နယ်မှာ AA အဖွဲ့တည်ရှိမှုကို တပ်မတော်က လက်ခံမဲ့ အရိပ်လက္ခဏာ မတွေ့သေးသလို ရခိုင်ပြည်နယ်ကို အပစ်ခတ်ရပ်စဲရေး ဒေသအဖြစ် မသတ်မှတ်သေးတာကြောင့် တိုက်ပွဲရပ်တန့်ရေးဟာ မရေရာတဲ့ အခြေအနေမှာ ရှိနေပါတယ်။

ကိုနိုင်ကွန်းအိန်/ ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရခိုင် ပုဏ္ဏားကျွန်းမှာ မြန်မာစစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ ရခိုင် ပုဏ္ဏားကျွန်းမှာ မြန်မာစစ်တပ် စစ်ကြောင်းတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 06:52 Rating: 5
Powered by Blogger.