မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၇၃ ဦးရှိပြီ

ပေါင်မြို့နယ် သဲဖြူကုန်းရွာ မြေပြိုကျမှုဖြစ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတာကို ၂၀၁၉၊ သြဂုတ် ၁၁ ရက်နေ့က တွေ့ရစဉ်
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီးက မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒီကနေ့ သြဂုတ်လ ၁၆ ရက်နေ့မှာ ၇၃ ဦး ရှိသွားပြီလို့ သိရပါတယ်။

မွန်ပြည်နယ် ပေါင်မြို့နယ်က မလတ်တောင်ပြိုကျမှုအပါအ၀င် ပြည်နယ်တစ်ခုလုံးက ရေဘေးကယ်ဆယ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးကို ဒီကနေ့ RFA က သီးသန့်တွေ့ဆုံမေးမြန်းရာမှာ သြဂုတ်လ ၁၅ ရက်နေ့အထိ ရုပ်အလောင်း ၆၆ ခုကို ရှာတွေ့ထားပြီး နောက်ထပ် ၈ ဦး ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

မွန်ပြည်နယ်အနှံ့အပြားမှာ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့က ကိုဘိုဘိုဝင်းကတော့ ပျောက်ဆုံးနေသူ ၈ ဦးထဲက ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ဒီကနေ့မနက်မှာ တူးဖော် ရရှိထားတာကြောင့် စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၇၃ ဦးထိ ရှိသွားပါပြီဖြစ်ပါတယ်။

ဒါ့အပြင် တောင်ပြိုမှု မဖြစ်ခင်ကတည်းက ပေါင်မြို့နယ်တ၀ိုက်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာကြောင့် လူ ၇ ဦးခန့် သေဆုံးခဲ့သေးတယ်လို့လည်း ဒေါက်တာ ၀င်းမြတ်အေးက ပြောကြားထားပါတယ်။ ဒါကြောင့် ပေါင်မြို့နယ် အနီးတ၀ိုက်မှာ ရေကြီးမှုနဲ့ တောင်ပြို၊ မြေပြိုမှုတွေကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ ဒီကနေ့ထိ အယောက် ၈၀ ရှိသွားပါပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၇၃ ဦးရှိပြီ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၇၃ ဦးရှိပြီ Reviewed by THITHTOOLWIN on 23:40 Rating: 5
Powered by Blogger.