ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာတယ် ဆိုတဲ့သူတွေကို အာသံပြည်နယ်ထဲကနေ တကယ်ပဲ နှင်ထုတ်မှာလား။

အာသံပြည်နယ်မှာ နိုင်ငံသား အသိအမှတ်ပြု စာရင်းထဲမှာ နာမည် ပါမပါ အတည်ပြုခံရဖို့ ရင်သွေးကလေးငယ်နဲ့အတူ တန်းစီ စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတဦး
အိန္ဒိယနိုင်ငံဘက်ခြမ်း အာသံပြည်နယ်ရဲ့ အရှေ့မြောက်ပိုင်းမှာ လူ ၄ သန်းကျော်လောက် နိုင်ငံသား ဖြစ်ခွင့် ဆုံးရှုံးဖွယ် ရှိနေပြီး သူတို့ရဲ့ အနာဂတ် မရေမရာ ဖြစ်နေပါတယ်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာသူတွေကို ဖော်ထုတ်ဖို့ အိန္ဒိယ အစိုးရရဲ့ တွန်းအားပေး ဆောင်ရွက်မှု တစ်ခုအဖြစ် မနှစ်က ရေးဆွဲ အတည်ပြုခဲ့တဲ့ နိုင်ငံသား အသိအမှတ်ပြုစာရင်း မူကြမ်းတစ်ခုထဲမှာ အဲဒီလူတွေကို ချန်ထားခဲ့တာ ဖြစ်ပါတယ်။

အခု သြဂုတ်လ ၃၁ ရက်နေ့မှာ နောက်ဆုံးထားပြီး အပြီးသတ် စာရင်း ထုတ်ပြန်ဖို့ ရှိတာမို့ ဒီစာရင်းကို အဲဒီက လူတွေက စိုးရိမ်တကြီး စောင့်နေကြတာပါ။

အိန္ဒိယအစိုးရအနေနဲ့ အချေအတင် အငြင်းပွားစရာ ဒီလို ဆောင်ရွက်မှုတွေ လုပ်ရတာ ဘာ့ကြောင့်ပါလဲ။ နောက်ထပ် ဘာတွေ ဖြစ်လာဖို့ ရှိပါလဲ။

နိုင်ငံသား စာရင်း ဘာ့ကြောင့် ထုတ်ရတာပါလဲ။

အရှေ့ပါကစ္စတန်လို့ အရင်က ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင် ရွှေ့ပြောင်း ဝင်လာနေသူတွေနဲ့ ပတ်သက်လို့ အာသံပြည်နယ်မှာ စိုးရိမ်မှုတွေ ပေါ်ထွက်နေတာ အတော်ကြာနေပါပြီ။

အိန္ဒိယနိုင်ငံကို နှစ်ခြမ်းခွဲလိုက်အပြီး ပါကစ္စတန်ပိုင် တစိတ်တဒေသ ဖြစ်လာတဲ့ အရှေ့ဘင်္ဂလား ကနေ လူသန်းနဲ့ ချီပြီး အိန္ဒိယနိုင်ငံထဲ ဖြတ်ကျော် ဝင်လာကြတဲ့အတွက် ၁၉၅၁ ခုနှစ်မှာ အာသံပြည်နယ်မှာ ပထမဆုံးအကြိမ်အဖြစ် NRC ခေါ် နိုင်ငံသား အသိအမှတ်ပြု စာရင်းကို ထုတ်ပြန်ခဲ့တာပါ။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က အာသံပြည်နယ် ရွာတစ်ရွာက NRC စခန်းမှာ နိုင်ငံသား အသိအမှတ်ပြု စာရင်းမှာ ကိုယ့်နာမည်ပါမပါ ကြည့်ဖို့ စောင့်ဆိုင်းနေကြစဉ်
အဲဒီတုန်းက အလုံးအရင်းနဲ့ ရွှေ့ပြောင်း ဝင်လာနေတဲ့ မွတ်ဆလင်တွေကြောင့် ဟိန္ဒူတွေ အများစု နေထိုင်နေတဲ့ အာသံပြည်နယ်ရဲ့ ဒေသန္တရ လူနေမှု အနေအထား ပြောင်းသွားမှာကို စိုးရိမ်နေကြတဲ့ ဒေသခံ လူမျိုးရေး ဝါဒီ အုပ်စုတွေကြောင့် ဒီနိုင်ငံသား အသိအမှတ်ပြု စာရင်းကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၇၀ ပြည့်လွန်နှောင်းပိုင်း နှစ်တွေမှာ ဒီပြဿနာ ထပ်ပေါ်လာခဲ့ပါတယ်။ ၁၉၇၉ ခုနှစ် မတ်လ ၂၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပါကစ္စတန်ကနေ ခွဲထွက်ပြီး လွတ်လပ်ရေး ကြေညာခဲ့တဲ့အတွက် စစ်ပွဲ ဖြစ်ပွားခဲ့ရာမှာ လူ သန်းပေါင်းများစွာ အိန္ဒိယ နိုင်ငံထဲ ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီထဲက အတော်များများဟာ အာသံပြည်နယ်မှာ အခြေချ ခဲ့ကြပါတယ်။

၁၉၇၉ ခုနှစ် ရောက်တဲ့အခါ တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေကို ဆန့်ကျင်ဆန္ဒပြတဲ့ လှုပ်ရှားမှုတစ်ခုကို AASU အာသံ ကျောင်းသားများ သမဂ္ဂအဖွဲ့က ဦးဆောင် လုပ်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ အဲဒီ ဆန္ဒပြ လှုံ့ဆော်လှုပ်ရှားမှုက အကြမ်းဖက် ဆူပူမှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီး ဆန္ဒပြ လူအုပ်ကြီးရဲ့ လက်ချက်နဲ့ တရားမဝင် ရွှေ့ပြောင်းဝင်လာသူတွေလို့ ယူဆရသူ ၂၀၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ အများစုဟာ မွတ်ဆလင်တွေ ဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၅ ခုနှစ်မှာတော့ AASU နဲ့ တခြား ဒေသခံအုပ်စုတစ်ချို့က ဝန်ကြီးချုပ် ရာဂျစ် ဂန္ဒီ ဦးဆောင်တဲ့ ဖက်ဒရယ် အစိုးရနဲ့ သဘောတူချက်တစ်ခု လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီသဘောတူချက်ထဲမှာ ၁၉၇၁ ခုနှစ် မတ်လ ၂၄ ရက် မတိုင်ခင် အာသံပြည်နယ်မှာ နေထိုင်နေတယ် ဆိုတာကို သက်သေ မပြနိုင်တဲ့ သူမှန်သမျှ ရွေးကောက်ပွဲ မဲပေးခွင့်ရှိသူစာရင်းကနေ ပယ်ဖျက်ခံရမှာ ဖြစ်ပြီး တရားမဝင် ရွှေ့ပြောင်းလာသူအဖြစ် သတ်မှတ်ခံရမယ်လို့ ပါရှိပါတယ်။

ဒါပေမဲ့ အဲဒီ သဘောတူချက်ကို အကောင်အထည် ဖော်နိုင်တဲ့ အခြေအနေ မရောက်ခဲ့ပါဘူး။

ဒါဆိုရင် ဒီလောက်နှစ်တွေ အကြာကြီးကြာမှ ဘာ့ကြောင့် ဒီ NRCနိုင်ငံသား အသိအမှတ်ပြု စာရင်းကို ပြင်ဆင် ရေးဆွဲဖို့ ဖြစ်လာတာလဲ။

၂၀၀၉ ခုနှစ်မှာ အာဘီဂျိ ရှာမား ဆိုသူ အမျိုးသားတစ်ဦးက NRC စာရင်းကို အသစ်ပြင်ဆင် ရေးဆွဲပေးဖို့ တရားရုံးချုပ်ကို ပန်ကြားစာ တင်သွင်းခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ တရားရုံးချုပ်က ၂၀၁၆ ခုနှစ် ဇန္နဝါရီလ ၃၁ ရက် မတိုင်ခင် NRC စာရင်း ပြင်ဆင်ရေးဆွဲဖို့ ဖက်ဒရယ် အစိုးရကို ညွှန်ကြားခဲ့ပါတယ်။

ဒါပေမဲ့လည်း လူ ၃၂ သန်းကျော်ရဲ့ သက်သေခံ စာရွက်စာတမ်းတွေကို စစ်ဆေးမှုတွေ အပါအဝင် လုပ်ငန်းစဉ်တွေ များပြား ကြီးမားလွန်းတာကြောင့် NRC စာရင်း ပထမ မူကြမ်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကျမှ ထုတ်ပြန်နိုင်ခဲ့ပါတယ်။

အာသံပြည်နယ်ထဲ ရွှေ့ပြောင်း ဝင်ရောက်လာသူတွေကြောင့် ဒေသခံတွေအကြား ဆယ်စုနှစ်နဲ့ချီ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေ
NRC စာရင်း ဒုတိယ မူကြမ်းကိုတော့ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စာရင်းထဲမှာ ဘယ်သူတွေ ပါသလဲ။

၁၉၇၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ မတိုင်ခင် ဒါမှမဟုတ် အဲဒီနေ့မှာ အာသံပြည်နယ်ကို ရောက်လာတယ်လို့ သက်သေပြနိုင်သူတွေရဲ့ အမည်တွေကို NRC စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။

အာသံပြည်နယ်ထဲမှာ နေထိုင်နေတဲ့ သူမှန်သမျှ မြေပိုင်၊ မြေငှား မှတ်တမ်း စာချုပ်၊ ရွေးကောက်ပွဲ ဆန္ဒမဲပေးခွင့် လက်မှတ်၊ ဒါမှမဟုတ် နိုင်ငံကူး လက်မှတ် အပါအဝင် နိုင်ငံသား ဖြစ်ကြောင်း သက်သေပြနိုင်တဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြဖို့ လိုပါတယ်။

၁၉၇၁ ခုနှစ်နောက်ပိုင်း မွေးတဲ့သူတွေဟာလည်း သတ်မှတ်ထားတဲ့ နေ့ရက်မတိုင်ခင် သူတို့ရဲ့မိဘ ဒါမှမဟုတ် အဘိုးအဘွားတွေ အိန္ဒိယနိုင်ငံမှာ အခြေချ နေထိုင်နေကြောင်း သက်သေပြနိုင်ရမှာ ဖြစ်ပါတယ်။

အာသံပြည်နယ်မှာ နေထိုင်နေတဲ့ လူ ၃၂.၉ သန်းထဲက ၂၈.၉ သန်းဟာ အသိအမှတ်ပြု နိုင်ငံသားတွေ ဖြစ်တယ်လို့ စာရင်းမူကြမ်းထဲမှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။

၎ သန်းလောက်ကတော့ စာရင်းထဲ မဝင်ခဲ့ပါဘူး။

ဒါ့ကြောင့် သူတို့ရဲ့ အမည်တွေကို မဲပေးခွင့် ရှိသူ စာရင်းကနေ ပယ်ဖျက်နိုင်ဖွယ် ရှိပြီး သူတို့ကို တရားဝင် နိုင်ငံသားအဖြစ် သတ်မှတ်တော့မှာ မဟုတ်ပါဘူး။
Image caption လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေကတော့ ဒီစာရင်းဟာ ပူးပေါင်းကြံစည်မှု တစ်ခု ဖြစ်တယ်လို့ စွပ်စွဲနေပြီး လူတွေ အစုလိုက် ဒုက္ခရောက်နိုင်တဲ့ ကပ်ဘေးကြီးတစ်ခုဖြစ်လာခိမ့်မယ်လို့ ဆိုနေကြ။

အဲဒီလူတွေကို သူတို့ဟာ နိုင်ငံသားတွေ ဖြစ်တယ်ဆိုတာ ပြနိုင်တဲ့ နောက်ထပ် အထောက်အထားတွေ တင်ပြဖို့ ပြောထားပါတယ်။

အဲဒီထဲက ၃.၆၂ သန်းဟာ သူတို့ကို နိုင်ငံသား အသိအမှတ်ပြု စာရင်းထဲမှာ ထပ်ထည့်ပေးဖို့ တင်ပြထားတယ်လို့ ယူဆရပါတယ်။

အခုနှစ် ဇွန်လ ၂၆ ရက်နေ့တုန်းက အာဏာပိုင်တွေက မနှစ်က NRC စာရင်းထဲမှာ ပါခဲ့တဲ့ အာသံ ဒေသခံ နောက်ထပ် တစ်သိန်းကို စာရင်းထဲကနေ ထုတ်ပယ်လိုက်ကြောင်းနဲ့ သူတို့ နိုင်ငံသား အစစ်အမှန် ဖြစ်ကြောင်းကို အစကနေ ပြန် သက်သေပြ လျှောက်တင်ရမှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဒါ့အပြင် NRC စာရင်းပြုစုတဲ့ အာဏာပိုင်တွေဟာ စာရင်းမူကြမ်းထဲကနေ ထုတ်ပယ်လိုက်တဲ့ လူအတော်များများကို အနားကပ်ပြီးမှ နို့တစ်စာ ထုတ်ပြန်တာ၊ ဝေးလံတဲ့ ရုံးတွေဆီ သွားပြီး စစ်ဆေးခံခိုင်းတာတွေ လုပ်ခိုင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ရှိနေပါတယ်။

ဒီနိုင်ငံသားအသိအမှတ်ပြုစာရင်း အသစ်ပြင်ဆင်ရေးဆွဲတဲ့ လုပ်ငန်းစဉ်ကို အိန္ဒိယ တရားရုံးချုပ်က စောင့်ကြည့်လေ့လာနေခဲ့တာ ဖြစ်ပြီး အခု အပြီးသတ် NRC စာရင်းကို သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပြန်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

ဒီNRC စာရင်းနဲ့ပတ်သက်လို့ ဘယ်လို တုံ့ပြန်မှု ထွက်ပေါ်နေသလဲ

တုံပြန်မှုတွေက အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

အိန္ဒိယနိုင်ငံတဝန်းက ဟိန္ဒူ အတော်များများက ဒါဟာ ရဲရင့်ပြတ်သားတဲ့ ဆောင်ရွက်မှု ဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ကြပြီး တခြား အစိုးရအဖွဲ့တွေ မလုပ်ရဲတာကို ဟိန္ဒူ အမျိုးသားရေးဝါဒီ BJP ပါတီ အစိုးရက အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ အတိုက်အခံ ပါတီတွေကတော့ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီဟာ မိသားစုတွေ ကွဲအောင် လုပ်တယ်၊ လူသန်းပေါင်းများစွာကို ညတွင်းချင်း နိုင်ငံမဲ့တွေ ဖြစ်အောင် လုပ်နေတယ်လို့ ဝေဖန်ရှုတ်ချခဲ့ပါတယ်။

 ဝေဖန်မှုတွေ ရှိနေပေမဲ့ ဒီလုပ်ငန်းစဉ်ဟာ မျှတပြီး ပွင့်လင်းမြင်သာမှု ရှိတယ်လို့ တာဝန်ရှိပုဂ္ဂိုလ်တွေက အခိုင်အမာ ပြောနေ
အတိုက်အခံ ကွန်ဂရက်ပါတီ ခေါင်းဆောင် ရာဟူး ဂန္ဒီက ဒီNRC စာရင်းကြောင့် လူတွေအကြား မလုံမခြုံစိတ်တွေ အကြီးအကျယ် ပေါ်ပေါက်စေတယ်လို့ ပြောပါတယ်။

တခါ အိမ်နီးချင်း အနောက်ဘင်္ဂလားပြည်နယ်က ပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘနားဂျီး ကလည်း အကြီးအကျယ် ဝေဖန် ပြောဆိုခဲ့ပါတယ်။ ဒီNRC စာရင်းကြောင့် သွေးချောင်းစီးမှုကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူက ဟောကိန်းထုတ်ခဲ့ပြီး ဒီလုပ်ဆောင်မှုဟာ ဒီမိုကရေစီစနစ်ကို မထီလေးစား ပြုလိုက်တာပဲလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေသခံ အိန္ဒိယ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ ဒီလုပ်ငန်းစဉ်ဟာ မွတ်ဆလင်တွေကို ပစ်မှတ်ထားတာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောပါတယ်။ NRC စာရင်းပြုစုရေးအဖွဲ့ အကြီးအကဲ ပရာတိခ် ဟဂျီလာ က စာရင်းထဲက ပယ်ဖျက်ခံရသူတွေဟာ မတူကွဲပြားတဲ့ ဘာသာအမျိုးမျိုး၊ အုပ်စုအမျိုးမျိုးက လာတဲ့ သူတွေ ဖြစ်တယ်လို့ ဘီဘီစီ အူရဒူဌာနကို ပြောပါတယ်။

ဒေသခံတွေကတော့ NRC စာရင်း ပြင်ဆင်ထုတ်ပြန်တဲ့ လုပ်ဆောင်မှုကို အာသံပြည်နယ်က ကွဲပြားခြားနားတဲ့ လူမျိုးစု၊ ဘာသာစကားနဲ့ တိုင်းရင်းလူမျိုးနွယ် အုပ်စုတွေ ရောနှော ပါဝင်တဲ့ အာသံပြည်နယ်သား အများစုက အခိုင်အမာ ထောက်ခံကြတယ်လို့ ပြောပါတယ်။

အခုလို မတူကွဲပြားတဲ့ သူတွေ ရောနှောနေတဲ့ အာသံပြည်နယ်သားတွေအတွက် တပြေးညီ အဖြစ်ဆုံး အချက်တစ်ခုကတော့ အာသံဘာသာစကား ဖြစ်ပါတယ်။ ဘာသာရေးအရဆိုရင် အာသံပြည်နယ်မှာ အများစုဟာ ဟိန္ဒူနဲ့ မွတ်ဆလင်တွေ နေထိုင်နေကြတာပါ။

NRC လုပ်ငန်းစဉ်ကို ဒေသခံ ဟိန္ဒူတွေက အကြီးအကျယ် ထောက်ခံအားပေးပုံ ရပေမဲ့ ဒေသခံ မွတ်ဆလင်တွေကတော့ သူတို့ရဲ့ ဘာသာရေးကြောင့် သူတို့ကို ဘင်္ဂလားဒေ့ရှ်က ဝင်လာတဲ့ နိုင်ငံခြားသားတွေအဖြစ် သတ်မှတ် ခံရမှာကို စိုးရိမ်တဲ့အတွက် သတိကြီးကြီး ထားနေပုံ တွေ့ရပါတယ်။

မွတ်ဆလင်တွေအစား ဟိန္ဒူဘာသာဝင် ရွှေ့ပြောင်းဝင်လာသူတွေကို ပိုလိုလားပုံ ပြနေတဲ့ ဟိန္ဒူ အမျိုးသားရေးဝါဒီ အစိုးရရဲ့ ပြောစကားတွေကြောင့် ကြောက်ရွံ့နေကြတာပါ။

အာသံပြည်နယ်ဟာ NRC နိုင်ငံသား အသိအမှတ်ပြု စာရင်း ထုတ်ပြန်တဲ့ တစ်ခုတည်းသော ပြည်နယ်ဖြစ်
နိုင်ငံသား အသိအမှတ်ပြု စာရင်း လုပ်ငန်းစဉ်မှာ ဘယ်လိုမျိုး ကြုံရသလဲ။

NRC စာရင်းအရ မထင်မှတ်ထားတဲ့ ရလဒ်တွေ ပေါ်ခဲ့ပြီးဖြစ်ပါတယ်။ ရဲဝန်ထမ်းဟောင်းတွေ၊ လက်ရှိ နိုင်ငံရေးခေါင်းဆောင်တွေ၊ NRC စာရင်း ပြုစုရာမှာ ပါဝင်သူတွေ အပါအဝင် အစိုးရဝန်ထမ်းတချို့တောင် ဒီ NRC နိုင်ငံသား အသိအမှတ်ပြု စာရင်းထဲမှာ သူတို့အမည် မတွေ့ခဲ့တာတွေ ရှိခဲ့ပါတယ်။

အသေးအဖွဲ စာလုံးပေါင်း အမှားအယွင်းတွေကြောင့်လည်း အထောက်အထား စာရွက်စာတမ်းတွေ ပယ်ချခံရတာတွေ ရှိခဲ့သလို တချို့ မိသားစုတွေဆိုရင် ကလေးတစ်ယောက်က စာရင်းထဲမှာ ပါပြီး နောက်တစ်ယောက်က ပါမလာတာ တွေ့ရပါတယ်။

အာသံပြည်နယ်ဟာ ရေကြီးရေလျှံလေ့ ရှိတဲ့အတွက် မိသားစု အတော်များများဟာ မကြာခဏ ဆိုသလို သူတို့ပိုင် ပစ္စည်းတွေနဲ့အတူ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေ ပျောက်လေ့ ရှိပါတယ်။

အသိမ်းအဆည်း မတတ်တာ၊ ပညာချို့တဲ့တာ ဒါမှမဟုတ် ဥပဒေကြောင်းအရ လျှောက်ထားဖို့ ငွေကြေး မတတ်နိုင်တာတွေကြောင့် မိသားစု တချို့အနေနဲ့ အထောက်အထား စာရွက်စာတမ်းတွေ ထုတ်မပြနိုင်တဲ့အတွက် ဒီလုပ်ငန်းစဉ်ဟာ အတော်လေးကို ကသောင်းကနင်းနိုင်တာကို တွေ့ရမှာပါ။

မရေမရာ ဖြစ်နေတဲ့ စိတ်ဖိစီးမှုဒဏ်ကို မခံနိုင်တော့လို့ တချို့ဆို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာမျိုးတွေ ရှိခဲ့တယ်လို့ ကျန်ရစ်သူ မိသားစုတွေနဲ့ အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေက ပြောပါတယ်။

အရပ်သားတွေ အတွက် တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး တောင်းဆိုလှုပ်ရှားတဲ့အဖွဲ့က ဇမ်ဆာအလီ က အာသံပြည်နယ်မှာ သေကြောင်းကြံစည်မှု ၅၁ ခု ပါတဲ့ စာရင်း တစ်ခုကို ထုတ်ပြခဲ့ပြီး ဒီသေကြောင်းကြံမှုတွေဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးရတော့မှာကို စိုးရိမ်မှု၊ စိတ်ဖိစီးမှုတွေနဲ့ ဆက်နွယ်နေတယ်လို့ ပြောပါတယ်။ သေကြောင်းကြံမှု အများစုဟာ နိုင်ငံသား အသိအမှတ်ပြု စာရင်း ပထမမူကြမ်း ထုတ်ပြန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန္နဝါရီလ နောက်ပိုင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လူတွေအစုလိုက် အပြုံလိုက် နှင်ထုတ်ဖို့ ရှိသလား။

ဒါကိုတော့ အသေအချာ မသိရပါဘူး။ ဒါပေမဲ့ လောလောဆယ်တော့ ဒီလို လုပ်မယ့်ပုံ မရှိဘူးလို့ အကဲခတ်တွေက ပြောပါတယ်။

NRC စာရင်းထဲကနေ ပယ်ဖျက်ခံခဲ့ရသူတွေအနေနဲ့ နိုင်ငံသား ဖြစ်ခွင့် ချက်ချင်း ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး။ NRC စာရင်းကနေ ပယ်ဖျက်ခံရတာကို အယူခံဝင်ဖို့ ရက်ပေါင်း ၁၂၀ ရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် နရန်ဒရာ မိုဒီကတော့ တရားမဝင် ရွှေ့ပြောင်း ဝင်လာသူ မွတ်ဆလင်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့မယ်လို့ တသမတ်တည်း ပြောထားခဲ့တာပါ။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဒါကို လုံးဝ လက်ခံမယ့်ပုံ မရှိဘူးလို့ ဘီဘီစီ သတင်းထောက် ဆူတစ် ဘစ်စ်ဝါး က ပြောပါတယ်။

အဲဒီအတွက် အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလို အလားတူ နိုင်ငံမဲ့ အုပ်စုသစ် တစ်စု ဖန်တီးလာနိုင်မယ့် ပုံ ရှိနေတယ်လို့ သူက ပြောပါတယ်။

အိန္ဒိယအစိုးရရဲ့ NRC စာရင်းဟာ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ဖို့ ပူးပေါင်း ကြံစည်မှု တစ်ခု ဖြစ်တယ်လို့ အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေက စွပ်စွဲနေ
အိန္ဒိယနိုင်ငံဟာ NRC စာရင်း ဒါမှမဟုတ် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ တရားဝင် သဘောတူ စာချုပ် ချုပ်ဆိုထားတာမျိုး မရှိပါဘူး။

NRC စာရင်းဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စ တစ်ခုသာ ဖြစ်ပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နှစ်ဦးနှစ်ဘက် သက်ဆိုင်တဲ့ ကိစ္စရပ် မဟုတ်ဘူး ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက အမြဲ ပြောထားခဲ့တယ်လို့ ဒေသတွင်း လုံခြုံရေးကိစ္စရပ် ကျွမ်းကျင်သူ ဆီရှာဒရီ ချာရီ က ပြောပါတယ်။

ဒါဟာ အိန္ဒိယအစိုးရက ပြန်ပို့ချင်နေတဲ့ တရားမဝင် ရွှေ့ပြောင်းသူတွေကို တစ်ယောက်မှ ပြန်လက်ခံမှာ မဟုတ်ဘူး ဆိုတာကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြချင်တဲ့ သဘော ဖြစ်တယ်လို့ သူက ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ထိတ်လန့်နေ

NRC စာရင်းမှာ မပါတဲ့ သူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ပေါ်ထွက်နေပါတယ်။

စာရင်းမှာ မပါသူတွေရဲ့ ကိုးကွယ်ရာဘာသာနဲ့ ပတ်သက်လို့ အစိုးရက ဖော်ပြတာမျိုး မရှိပေမဲ့ အများစုဟာ ဘင်္ဂါလီ ဘာသာစကားပြော မွတ်ဆလင်တွေ ဖြစ်တယ်လို့ ယူဆရပါတယ်။

တရားဥပဒေ စိုးမိုးမှုနဲ့ ငြိမ်ဝပ်ပိပြားမှု မရှိတဲ့အချက်က အကြမ်းဖက်မှု ပြဿနာတွေ ဖြစ်လာစေမယ့် အဓိက အချက်တွေ ဖြစ်ပေမဲ့ သြဂုတ်လ ၃၁ ရက်နေ့ အပြီး အခြေအနေတွေကို ကိုင်တွယ်နှိမ်နှင်းဖို့ အိန္ဒိယ အစိုးရ အနေနဲ့လည်း သေသေချာချာ ပြင်ဆင်ထားတာမျိုး မရှိဘူးလို့ ဒေသခံ သတင်းမီဒီယာတွေမှာ စွပ်စွဲ ဖော်ပြနေကြပါတယ်။

အိန္ဒိယ အစိုးရက ထိန်းသိမ်းရေး စခန်းတွေနဲ့ နိုင်ငံခြားသား တရားမဝင် ရွှေ့ပြောင်းသူတွေ ဆိုတဲ့ လူတွေရဲ့ အမှုတွေကို ကြားနာစစ်ဆေးဖို့ ခုံရုံး ရာပေါင်းများစွာ တည်ထောင်ဖို့ ရှိပြီး နိုင်ငံခြားသူတွေအဖြစ် သတ်မှတ်ခံရသူ တဦးချင်းစီရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်တဲ့ ဗဟို အချက်အလက်စုစည်းထားရှိရာ စနစ်တစ်ခုကိုလည်း ထားရှိမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အာသံပြည်နယ် အခြေစိုက် အကြီးတန်း သတင်းထောက်လည်းဖြစ်၊ လေ့လာသုံးသပ်သူ တစ်ဦးလည်းဖြစ်တဲ့ ရာဂျိဗ် ဘက်တာချရီယာ က NRC စာရင်း ထုတ်ပြန်အပြီး အာသံပြည်နယ်မှာ ရေရှည် အခြေအနေအတွက် အစီအစဉ်တွေ ရေးဆွဲဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။ နိုင်ငံခြားသားတွေ အဖြစ် ထုတ်ဖော် ကြေညာထားသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တကယ်တမ်း ပြန်ပို့နိုင်ဖို့က သိပ်မသေချာလှပဲ ဒီလူတွေရဲ့ အရေးကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတာ အိန္ဒိယအစိုးရက ဘာမှ စီစဉ်ထားတာ မရှိဘူးလို့ ဆိုပါတယ်။

ဒီတော့ အပြီးသတ် စာရင်း ထွက်လာတဲ့အခါ ဘယ်လို ဖြစ်လာမလဲ။

အယူခံတွေ၊ စိန်ခေါ်မှုတွေ အားလုံးကို ရင်ဆိုင်အပြီး ထုတ်ပြန်ရမယ့် ဒီစာရင်းကြောင့် အကြမ်းဖက်မှုတွေ ဖြစ်လာစေနိုင်တယ်လို့ အာသံပြည်နယ်မှာ NRC စာရင်း အကြောင်း သတင်းယူဖို့ အာသံပြည်နယ်မှာ ရောက်နေတဲ့ ဘီဘီစီသတင်းထောက် နီတင် ဆရီဗက်စ်တာဗာ က ပြောပါတယ်။

ပိုင်ဆိုင်ထားတဲ့ မြေတွေ၊ မဲပေးခွင့်တွေ၊ လွတ်လပ်ခွင့်တွေ ဆုံးရှုံးမှာကို စိုးရိမ်လာကြတဲ့အခါ အကြမ်းဖက်မှုတွေ လုပ်လာနိုင်တယ်လို့ သူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာတယ် ဆိုတဲ့သူတွေကို အာသံပြည်နယ်ထဲကနေ တကယ်ပဲ နှင်ထုတ်မှာလား။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ခိုးဝင်လာတယ် ဆိုတဲ့သူတွေကို အာသံပြည်နယ်ထဲကနေ တကယ်ပဲ နှင်ထုတ်မှာလား။ Reviewed by THITHTOOLWIN on 01:10 Rating: 5
Powered by Blogger.