ဟာဂ်ျ့ဘုရားဖူး သွားလာမှုအဆင်ပြေရေး ဆော်ဒီခေါင်းခဲ

ဟာဂ်ျ့ဘုရားဖူး သွားလာမှုအဆင်ပြေရေး ဆော်ဒီခေါင်းခဲ
ဆော်ဒီအာရေးဗျက အစ္စလာမ် ဘာသာရေးဆိုင်ရာ အထွဋ်အမြတ် မြို့တွေဆီကို နှစ်စဉ် ဟာဂ်ျ့ ဘုရားဖူး လာရောက်ကြသူ သန်းနဲ့ချီ ရှိတာကြောင့် ဆော်ဒီ နိုင်ငံ အနေနဲ့ ဒီဘုရားဖူးတွေရဲ့ သွားရေး လာရေး အဆင်ပြေအောင် ကြိုးပမ်းနေကြရပါတယ်။ ဒီနှစ်မှာ ဘုရားဖူး လာရောက်သူ ၂ သန်းခွဲလောက် ရှိခဲ့ပြီး ဒီလူတွေ အတွက် သယ်ယူပို့ဆောင်ရေးက အခက်အခဲ တခု ဖြစ်တယ်လို့ ဆော်ဒီ သယ်ယူပို့ဆောင်ရေး ၀န်ကြီး Nabil al-Amoudi က AFP သတင်းအေဂျင်စီကို ပြောပါတယ်။

Jeddah နဲ့ Medina မြို့က လေဆိပ်တွေမှာ ခရီးသည် အပြည့် လိုက်ပါလာတဲ့ လေယာဉ် အစင်းပေါင်း ၇၄၀၀ ဆိုက်ရောက်ခဲ့ကြောင်းနဲ့ ဟာဂ်ျ့ဘုရားဖူး အတွက် ဘတ်စ်ကားပေါင်း ၁၈၀၀၀ ကျော် စီစဉ်ထားကြောင်းလည်း ၀န်ကြီးက ပြောပါတယ်။

ဒီဟာဂ်ျ့ဘုရားဖူးဟာဆိုရင် မူဆလင်တွေ ဘ၀မှာ အနည်းဆုံး တကြိမ်တော့ မဖြစ်မနေ လုပ်ရမယ့် မဏ္ဍိုင်ကြီး ၅ ခုထဲက တခုပါ။ ကမ္ဘာပေါ်မှာ လူအများဆုံး စုဝေးကြတဲ့ ပွဲတော်တွေထဲက တခုဖြစ်တဲ့ ဟာဂ်ျ့ ဘုရားဖူးပွဲတော်ဟာဆိုရင် ဘာသာရေး အထွဋ်အမြတ်မြို့ Mecca နဲ့ အနီးအနားက တောင်ကုန်း တောင်ကြားတွေမှာ ၅ ရက်ကျော်ကြာ ကျင်းပတာပါ။

ဟာဂ်ျ့ ဘုရားဖူး အဆင့် သုံးဆင့်ကို ချိတ်ဆက်ထားတဲ့ ရထားလိုင်းက ဒီနှစ်မှာ ဘုရားဖူး ၃၆၀၀၀၀ ထိ စံချိန်တင် သယ်ယူပို့ဆောင်ပေးနိုင်မယ်လို့လည်း ပို့ဆောင်ရေး ၀န်ကြီးက ပြောပါတယ်။ ၂၀၁၀ ပြည့်နှစ်က စတင်ဖွင့်လှစ်လိုက်တဲ့ ဒီရထားလိုင်းက တနှစ်မှာ ၅ ရက်ဘဲ ပြေးဆွဲတာပါ။ သြဂုတ်လ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ ကျင်းပမယ့် ဒီနှစ် ဟာဂ်ျ့ ဘုရားဖူး လာရောက်သူ ၂ သန်းခွဲလောက်မှာ အများစုက လေကြောင်းကနေ လာရောက်ကြမှာ ဖြစ်ပြီး အနည်းငယ်ဘဲ ကုန်းလမ်း၊ ရေလမ်းကနေ လာရောက်ကြမှာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဟာဂ်ျ့ဘုရားဖူး သွားလာမှုအဆင်ပြေရေး ဆော်ဒီခေါင်းခဲ ဟာဂ်ျ့ဘုရားဖူး သွားလာမှုအဆင်ပြေရေး ဆော်ဒီခေါင်းခဲ Reviewed by THITHTOOLWIN on 08:50 Rating: 5
Powered by Blogger.