မြန်မာ ရေဘေးဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံ ကူညီ


မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်လူထုအတွက် ထိုင်းနိုင်ငံက အစားအစာနဲ့ တခြားအကူအညီတွေပေးတာကို မြန်မာတာဝန်ရှိသူ တွေ ဒီကနေ့ လက်ခံရယူပါတယ်။ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ လမ်းနဲ့တံတားတွေ ပျက်စီးသွားတာ၊ ဆက်ပြီး ရေကြီးနေဆဲရှိတာကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသလောက်ဖြစ်နေပြီး ကုန်တင်ကားတွေ မသွားနိုင်တဲ့အတွက် နစ်နာ ဆုံးရှုံးတာတွေလည်းရှိနေပါတယ်။

ဒီအကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်နဲ့ အနီးဆုံးပြည်နယ်တွေဖြစ်တဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်း ရေဘေးဒဏ်ကြုံ နေရတာကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး ရေဘေးသင့် ပြည်သူတွေအတွက်အကူညီတွေလည်းလိုအပ်နေတာပါ။ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ် မဲဆောက် ၊ မြ၀တီချစ်ကြည်ရေး တံတားကနေ ရေဘေးသင့် ပြည်သူတွေအတွက် ဆန်၊ စားစရာနဲ့ သောက်ရေသန့် တွေပါတဲ့ကား၃စီးတိုက်ပစ္စည်းတွေကို ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့မှာ လှူဒါန်းခဲ့ပြီး မြန်မာဘက်က လက်ခံယူခဲ့ကြောင်း မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

“သူတို့ဆီက နဲ့ ကျနော်ဒီက တပ်မဟာမှူးတို့က လွဲပြောင်းလက်ခံပါတယ်။ ကား ၃စီးနဲ့ ကွန်တိန်နာဘောက်စ်နဲ့ တစီးနဲ့ ကားလေး ၂စီး အားလုံးပေါင်း ၃စီး အဓိက ဆန်တို့  ၊ ဆီတို့ ၊ ရိက္ခာတို့ ပါတယ်။ ရေသန့်တို့ ပါတယ် စားစရာပါပါတယ်။ ခြောက်ဘီးကားနဲ့ ပေါ့”
ကြီးနေတဲ့ရေက လက်ရှိအချိန်ထိ သိသိသာသာ လျော့မသွားသေးတာကြောင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေတုန်းပဲလို့လည်း သူကပြောပါတယ်။

မြန်မာပြည်ဘက်မှာ ဂျိုင်းတံတား ပျက်စီးနေပြီး ကုန်တင်ကားတွေ ဆက်မသွားနိုင်ဘဲ ဖြစ်နေတာကြောင့် ကုန်ပစည်းတွေ မတင်ပို့နိုင်တဲ့အတွက် ထိုင်းဘက်အတွက် တနေ့ကိုဘတ်သန်း ၂၀၀၀ ဖိုးလောက် နစ်နာနေပါတယ်။မြန်မာဘက်ကတော့ သြဂုတ်လ ၁၂ရက်နေ့က နေစတင်ပြီး ကုန်မပါတဲ့ ကားတွေကိုဖြတ်သန်းသွားလာခွင့် ပေးနေတယ်လို့လည်း မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးက ပြောပြပါတယ်။

“ကုန်မပါဘူးပေါ့ ကုန်ပါခဲ့ရင်လည်း ၁၃ တန်မကျော်တဲ့ ကုန်တွေပေါ့။”

မြန်မာပြည်တနိုင်ငံလုံးအနှံမှာ သဘာဝဘေးကြောင့်လူဦးရေ ၁ သောင်း ၂ ထောင်လောက် အိုးအိမ်စွန့်ခဲ့ရပြီး လက်ရှိမှာ လူဦးရေ စုစုပေါင်း၃ သောင်း ၈ ထောင်ကျော်ဟာ ယာယီရေဘေး ရှောင်စခန်းတွေမှာ ခိုလှုံနေရတယ်လို့ ကုလသမဂ္ဂ လူသားစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံးက ပြီးခဲ့တဲ့ရက်တွေက ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ်မှာဆိုရင် ရေကြီးပြီးမြေပြိုတာကြောင့် သေဆုံးသူ ၆၀ ထက်မနည်းရှိနေပါပြီ။ ရေဘေးဒုက္ခသည်တွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေသာမက ပြည်သူတွေကပါ တနိုင်တပိုင် အကူအညီပေးနေကြပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
မြန်မာ ရေဘေးဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံ ကူညီ မြန်မာ ရေဘေးဒုက္ခသည်တွေအတွက် ထိုင်းနိုင်ငံ ကူညီ Reviewed by THITHTOOLWIN on 00:00 Rating: 5
Powered by Blogger.