ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာ မြတ်မေတ္တာမွန်သင်္ဘောကျင်း၌ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား


ရန်ကုန် သြဂုတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ရွာမကျေးရွာအုပ်စု ခနောင်မီးခြစ်စက်ကျေးရွာရှိ မြတ်မေတ္တာမွန် သင်္ဘောကျင်းတွင် ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ် အချိန်က အောက်တိန်းဆီတင် တွဲသင်္ဘောပေါ်၌ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားသည်။

စုရတနာထွန်း အမည်ရှိ အောက်တိန်းဆီတင် တွဲသင်္ဘော ဘက်တွဲအမှတ် OB 562 ကို ရေယာဉ်ကုန်းဘတ်ရှိ ကြမ်းခင်း(ဆင်ဆာ) အား ပြင်ဆင်ရန် ဝရိန်းစက်ဖြင့် ဖြတ်တောက်စဉ် ၄င်းနှင့် ပေ၂၀ ခန့်အကွာရှိ ဆီသိုလှောင်ကန်သို့ အပူကူးပြောင်းပြီး မီးလောင်ပေါက်ကွဲခဲ့ရာ ရေယာဉ်၏ ယာဘက်ပဲ့ပိုင်းရှိ အလျား၂၄ပေ၊ အနံ ၂၀ ပေ၊ ထု(၇)မီလီမီတာ သံပြား ပွင့်ထွက်ပေါက်ကွဲ၍ ဆီတင် သင်္ဘောယာဉ်တွင် ဝရိန်းဆော်သူ စိန်ထွန်း(၂၈)နှစ် နှင့် ဇေယျာမင်း(၂၉)နှစ် တို့ နှစ်ဦးမှာ လွင့်စဉ်သေဆုံးခဲ့ပြီး၊ သက်တင်ဖြိုး(၂၃)နှစ် ဒဏ်ရာရ (မစိုးရိမ်ရ) ဒလမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး တင်လှခိုင်(၄၅)နှစ်(သင်္ဘောကျင်းတွင် အထွေထွေလုပ်ကိုင်သူ) မှာ သံပြားဖြတ်စများ ထိမှန်၍ ဘ ပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။ ပေါက်ကွဲမှု ကြောင့် ခနောင်မီးခြစ်စက်ကျေးရွာ အတွင်းရှိ နေအိမ်တဲ(၂)လုံးပျက်စီးပြီး အဆိုပါနေအိမ်မှ မဖြူဖြူဝင်း(၄၂)နှစ် မှာ ဒဏ်ရာရ (မစိုးရိမ်ရ)ဆေးကုသမှု ခံယူလျက်ရှိကြောင်းသိရသည်။

ပဲ့နင်း(ရေယာဉ်မှူး) ဦးဝင်းမြင့် အသက်(၅၃)နှစ် မောင်းနှင်းသော အောက်တိန်းဆီတင် တွဲသင်္ဘောသည် သီလဝါဆိပ်ကမ်းရှိ မြတ်မေတ္တာမွန် ကုမ္ပဏီ မှ အောက်တိန်း(ဓာတ်ဆီ ၉၂)အား ဂါလံ(၃)သိန်းတင်ဆောင်၍ ဇူလိုင် ၂၅ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ရှိ မြတ်မေတ္တာမွန်ကုမ္ပဏီသို့ သွားရောက်ပို့ဆောင်ခဲ့ပြီး၊ သြဂုတ်လ ၅ ရက်နေ့ တွင် တံတားဦးမြို့နယ်မှ ပြန်လည်ထွက်ခွာခဲ့ရာ သြဂုတ် ၂၇ ရက် ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်က ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာရှိ မြတ်မေတ္တာမွန်သင်္ဘောကျင်းတွင် (ဆင်ဆာ) ပြင်ဆင်ရန် ဆိုက်ကပ် ထားရှိ ကြောင်း၊ လုပ်ငန်းဆောင်ရွက်ချိန်တွင် ဆီသိုလှောင်ကန်များအတွင်း၌ စက်သုံးဆီများမရှိဘဲ ၄င်းစက်သုံးဆီ ဂက်စ် အငွေ့များကျန်ရှိနေပြီး ရေယာဉ်ကုန်းဘတ်မှ ဝရိန်းစက်ဖြင့် ဖြတ်တောက်ရာက မီး၏အပူရှိန်ကြောင့် မီးလောင် ပေါက်ကွဲခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(ဒလ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာ မြတ်မေတ္တာမွန်သင်္ဘောကျင်း၌ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား ဒလမြို့နယ် ခနောင်မီးခြစ်စက်ကျေးရွာ မြတ်မေတ္တာမွန်သင်္ဘောကျင်း၌ မီးလောင်ပေါက်ကွဲမှုဖြစ်ပွား Reviewed by THITHTOOLWIN on 00:08 Rating: 5
Powered by Blogger.