ကချင်စစ်ဘေးရှောင်ကူညီရေး ဥရောပရောက် ကချင်များ ဆွေးနွေး

သတင်းဓာတ်ပုံ - KACHIN COMMUNITY CZECH REPUBLIC
၆ ကြိမ်မြောက် ဥရောပ-ကချင်ဆွေးနွေးပွဲ (European Kachin Seminar) ကို ဇူလိုင် ၂၅ ကနေ ၂၈ ရက်နေ့အထိ ချက်ပြည်သူ့သမ္မတနိုင်ငံ Caslav မြို့မှာ ကျင်းပနေပြီး ကချင်ဒေသက စစ်ဘေးဒုက္ခသည် IDP တွေကို ဘယ်လိုကူညီသွားကြမလဲဆိုတဲ့ ကိစ္စကို အလေးထားဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် ဥရောပရောက် ကချင်လူငယ်တွေကြား မိမိတို့ ရိုးရာယဉ်ကျေးမှုကို ဘယ်လိုလက်ဆင့်ကမ်း သယ်ဆောင်သွားကြမလဲ ဆိုတာနဲ့ ကချင်လူမျိုးတွေ စုစုစည်းစည်းတွေ့ဆုံပြီး ရင်းနှီးမှု ပိုရနိုင်အောင် လုပ်တဲ့ပွဲဖြစ်တယ်လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ ချက်ပြည်သူ့သမ္မတနိုင်ငံက ကိုနော်ဂျာက VOA မြန်မာပိုင်းကို ပြောပါတယ်။

European Kachin Seminar ပွဲတွေကို နယ်သာလန်နိုင်ငံမှာ ၂၀၁၃ ခုနှစ်ကစလို့ ကျင်းပ ခဲ့တာဖြစ်ပြီး၊ ဒိန်းမတ်၊ နော်ဝေ၊ ဂျာမနီနဲ့ ဒီနှစ်မှာတော့ ချက်ပြည်သူ့သမ္မတနိုင်ငံမှာ ကျင်းပတာပါ။
သတင်းဓာတ်ပုံ - KACHIN COMMUNITY CZECH REPUBLIC
ဒီပွဲကို တကမ္ဘာလုံးမှာ စုပေါင်းဖွဲ့စည်းထားတဲ့ World Kachin Congress အဖွဲ့ဝင်တွေလည်း တက်ရောက်ကြသလို ဥရောပတိုက်ထဲက ဆွီဒင်၊ နယ်သာလန်၊ ဂျာမနီ၊ ချက်၊ ဗြိတိန်တို့က ကိုယ်စားလှယ်တွေရော အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နိုင်ငံက ကိုယ်စားလှယ်တွေပါ စုစုပေါင်း လူ(၈၀)ကျော် တက်ရောက်တယ်လို့ ဆိုပါတယ်။

ဒိန်းမတ်နဲ့ နော်ဝေက ကိုယ်စားလှယ်တွေကတော့ ဒီနှစ်မှာ တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ကချင် အစားအသောက်နဲ့ ဧည့်ခံသလို ရိုးရာအကနဲ့လည်း ဖျော်ဖြေပြီး ပျော်ရွှင်ဖွယ် အားကစားပွဲတွေကိုလည်း ကျင်းပခဲ့ ကြပါတယ်။ ဥရောပနိုင်ငံတချို့ကို ရောက်နေကြတဲ့ ကချင်တိုင်းရင်းသား ၁၀၀၀ ကျော်ရှိမယ်လို့ အကြမ်းဖျင်း ခန့်မှန်းကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကချင်စစ်ဘေးရှောင်ကူညီရေး ဥရောပရောက် ကချင်များ ဆွေးနွေး ကချင်စစ်ဘေးရှောင်ကူညီရေး ဥရောပရောက် ကချင်များ ဆွေးနွေး Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.