ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွား၊ လူ ၉ ဦး သေဆုံး

လေယာဉ်ပျက်ကျရာ အချင်းဖြစ်နေရာအနီးတွင် ကူညီကယ်ဆယ်ရေးသမားများအား တွေ့ရစဉ် (ဆင်ဟွာ)
စတော့ဟုမ်း၊ ဇူလိုင် ၁၅ ရက်(ဆင်ဟွာ)

  ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီး ဇူလိုင် ၁၄ ရက်က ပျက်ကျမှုဖြစ်ပွားရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၉ ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

လူ ၉ ဦး တင်ဆောင်လာသည့် လေယာဉ်ငယ်တစ်စီးသည် ဇူလိုင် ၁၄ ရက် ညနေပိုင်းက ဆွီဒင်နိုင်ငံ မြောက်ပိုင်း Umeå မြို့အနီးတွင် ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်ပေါ်တွင် သက်ရှင်ကျန်ရစ်သူမရှိ အားလုံးသေဆုံးခဲ့ကြောင်း ဒေသခံ ကူညီကယ်ဆယ်ရေးဌာနက သတင်း ထုတ်ပြန်ထားသည်။

ဆွီဒင်ရုပ်မြင်သံကြားသတင်းများအရ အချင်းဖြစ်လေယာဉ်မှာ ပျံသန်းပြီးမကြာမီ   Umeåလေဆိပ်အနီး ကျွန်းတစ်ခုတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း ၊ လိုက်ပါလာသူများမှာ အဓိကအားဖြင့် လေထီးခုန်အားကစားဝါသနာရှင်များဖြစ်ကြောင်း သိရသည်။

ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စီးနှင့် ရေယာဉ်တစ်စီး  အချင်းဖြစ်နေရာသို့ သွားရောက်ပြီးဖြစ်ကြောင်းသိရသည်။

အချင်းဖြစ်နေ့တွင်ပင် ဆွီဒင် ၀န်ကြီးချုပ်  Stefan Löfvenက ကြေညာချက်ထုတ်ပြန်ခဲ့ရာ သေဆုံးသူများအတွက် ၀မ်းနည်းကြောင်းနှင့် ၄င်းတို့၏ မိသားစုဝင်များအား နှစ်သိမ့်စကားပြောကြားကြောင်း၊ အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ အစိုးရသည် သက်ဆိုင်ရာဌာနများနှင့်အတူ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်ဟု သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွား၊ လူ ၉ ဦး သေဆုံး ဆွီဒင်နိုင်ငံ မြောက်ပိုင်းတွင် လေယာဉ်ငယ်တစ်စီးပျက်ကျမှုဖြစ်ပွား၊ လူ ၉ ဦး သေဆုံး Reviewed by THITHTOOLWIN on 21:59 Rating: 5
Powered by Blogger.