ဆဲဗင်းဂျူလိုင်လမ်းလျှောက်ပွဲ ဦးဆောင်သူရှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆို

၅၇နှစ်မြောက် 7 July နှစ်ပတ်လည်အထိမ်းအမှတ်အနေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂတွေဦးဆောင်ပြီး ဆင်ရေတွင်းကားမှတ်တိုင်ကနေ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အဦးအဟောင်းအထိ လမ်းလျှောက်ချီတက်ခဲ့ကြစဉ်
ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့က  ၅၇ ကြိမ်မြောက် 7 July အထိမ်းအမှတ်အဖြစ် တကသ ရင်ပြင်ကို ချီတက်အလေးပြုကြတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဗကသကျောင်းသားတွေကို ကမာရွတ်မြိုနယ်နဲ့ လှိုင်မြို့နယ်တွေက ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက တရားလိုလုပ်ပြီး တရားစွဲဆိုတာတွေ ရှိလာပါတယ်။

ကမာရွတ်မြိုနယ် ဆင်ရေတွင်းမှတ်တိုင်နဲ့ စိုက်ပျိုးရေးမှတ်တိုင်တွေကနေ  ရန်ကုန်တက္ကသိုလ်မှာရှိတဲ့ တကသ ရင်ပြင်ကို ချီတက်အလေးပြုခဲ့တဲ့ ဗကသကျောင်းသားတွေထဲက ကိုမင်းသွေးသစ်၊ ကိုစိုင်းသူဝင်း၊ မအိသီရိကျော်နဲ့ ကိုခန့်မင်းထက် တို့အပါအဝင် ခြောက်ဦးကို ကမာရွတ် ရဲစခန်းမှူးက ငြိမ်းစုစီ ဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခဲ့ပါတယ်။

အလားတူ ဆဲဗင်းဂျူလိုင်အခမ်းအနားကို အင်းယားကန်ဘောင်ကနေ တကသရင်ပြင်ကို ချီတက်လမ်းလျှောက်ခဲ့တဲ့ ဒဂုံတက္ကသိုလ်က တကသကျောင်းသား ကိုမင်းဟန်ထက်နဲ့ တကသ ကျောင်းသားဟောင်း ကိုဇင်မင်းဖြိုးတို့ကို လှိုင်မြို့နယ် ရဲတပ်ဖွဲ့က ပုဒ်မ ၁၉နဲ့ တရားစွဲဆိုထားတာပါ။ တရားစွဲဆိုခံရသူတွေဟာ ဘာကြောင့် သူတို့ တရားစွဲဆိုခံရတာလဲဆိုတာ အတိအကျ မသိရသေးပါဘူး။

ဒီအမှုတွေနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရက စွဲဆိုခိုင်းတာလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ရဲတပ်ဖွဲ့က တိတိကျကျ မဖြေကြားဘဲ အထက်အမိန့်အရလို့ ပြောဆိုကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းပေမယ့် တစ်စုံတရာဖြေကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခံထားရတဲ့ ကိုမင်းသွေးသစ် ကတော့ ဒီနှစ် 7 July အခမ်းအနားမှာ သူတို့ထုတ်ပြန်တဲ့ ကြေညာချက်ကြောင့် ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။

"ဒီနှစ်မှာ ကျနော်တို့ ကြေညာချက်ထဲမှာ ရခိုင်မှာတိုက်ပွဲဖြစ်နေတဲ့ကိစ္စတွေလည်း ပါတယ်ပေါ့ စစ်တပ်ကနေ အရပ်သားတွေ မတရားသတ်နေတာလည်း ပါတယ် ကျောင်းပတ်ဝန်းကျင် မလုံခြုံတဲ့ကိစ္စတွေလည်းပါတယ် အဲတာတွေကြောင့်မို့ ပြည်ထဲရေးကို တပ်က ဖိအားပေးတရားစွဲခိုင်းတယ်လို့ ကျနော်တို့ကမြင်တယ်"

ကျောင်းသားတွေကို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းနဲ့ဖြေကြားလို့မရဘဲ စခန်းကို လာရောက်ဖို့သာ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီလိုတရားစွဲဆိုတာဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် 7 July အထိမ်းအမှတ် ပြုလုပ်တာကို တရားစွဲဆိုတာလည်းဖြစ်ပါတယ်။

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ဒီမိုကရေစီအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီအစိုးရက ဇူလိုင် ၇ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားတွေကို စက်သေနတ်တွေနဲ့ ပစ်ခတ်ချေမှုန်းခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ဇူလိုင် ၈ ရက် မနက်လင်းချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်တွေနဲ့ ခွဲပြီးဖျက်ဆီးခဲ့ပါတယ်။

ဒါကြောင့်  7 July နေ့ရောက်တိုင်း အထိမ်းအမှတ်အခမ်းအနားတွေကို စစ်အစိုးရလက်ထက်မှာ ကျောင်းသားတွေက နည်းလမ်းမျိုးစုံနဲ့ ကျင်းပခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရလက်ထက်ကနေ မနှစ်ကထိ ဆဲဗင်းဇူလိုင် အခမ်းအနားတွေ တကသရင်ပြင်မှာ ကျင်းပတာတွေကို ဖမ်းဆီးတရားစွဲဆိုတာတွေ မရှိခဲ့ပါဘူး။

ဒီနှစ်မှာ လူထုအရေးတော်ပုံတွေကနေ ပေါက်ဖွားတဲ့ ဒီမိုကရေစီအစိုးရလက်ထက်မှာ ဒီလိုအခမ်းအနား ကျင်းပတာကို တရားစွဲဆိုတာကြောင့် ဝေဖန်မှုတွေရှိနေပါတယ်။

ဒီလိုအခမ်းအနားပြုလုပ်တာကို အားပေးရမယ့် ဒီမိုကရေစီအစိုးက အခုလိုတရားစွဲဆိုတာဟာ တော်လှန်ရေးတွေကို သစ္စာဖောက်တာလို့ ၇၄/၇၅ ကျောင်းသားဟောင်း ဦးကျော်အောင်က ပြောပါတယ်။

    ဒီမိုကရေစီအစိုးရဟာ တရားစွဲဖို့ ခွင့်ပြုတယ်ဆိုရင် တော်လှန်ရေးကို သစ္စာဖောက်တာပဲလို့ အစ်ကိုတို့ကမြင်တယ်

"7 July အခမ်းအနားတွေဆိုရင် ဘာဘဲပြောပြော ကျောင်းသားတွေရဲ့ သမိုင်းမှတ်တိုင်တစ်ခုဘဲလေ စစ်အာဏာရှင်ဆန့်ကျင်ခဲ့တဲ့ သမိုင်းကို အစိုးရအနေနဲ့ အသိအမှတ်ပြုသင့်တယ် ဒီပွဲတွေကို ဖြစ်မြောက်အောင် အားပေးကူညီပေးသင့်ပါလျက်နဲ့ အခုလို နှိပ်ကွပ်တာကတော့ ရုပ်လည်းဆိုးတယ် ဒီမိုကရေစီတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဒီမိုကရေစီအစိုးရဟာ တရားစွဲဖို့ ခွင့်ပြုတယ်ဆိုရင် တော်လှန်ရေးကို သစ္စာဖောက်တာပဲလို့ အစ်ကိုတို့ကမြင်တယ် ကျောင်းသားတွေ သွေးမြေကျအောင် တော်လှန်ခဲ့တဲ့ဖြစ်ရပ်ကို မျက်ကွယ်ပြုတယ် စော်ကားတယ် သစ္စာဖောက်တယ်လို့ မြင်တယ်"

ဒီလိုစွပ်စွဲပြောဆိုတာတွေနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန်ကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ -

dr-myonyunt-350.jpg"ဆူပူလိုတဲ့ရည်ရွယ်ချက် မရှိတဲ့အတွက် ဒီဟာကို အတတ်နိုင်ဆုံးဖြစ်အောင်တော့ အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်မယ်လို့ မျှော်လင့်ပါတယ် ဒါပေမဲ့ တည်ဆဲဥပဒေကိုတော့ ဘာဘဲပြောပြော နိုင်ငံသားတိုင်း လိုက်နာရမှာပါ ဒီဟာက မသင့်တော်ဘူးထင်ရင်လည်း ဒီဥပဒေကို ပြင်ဆင်ပြောင်းလဲဖို့ ကျနော်တို့ စည်းရုံးလှုပ်ရှားရမှာပဲ ဖြစ်ပါတယ်"

တရားစွဲဆိုခံရတဲ့အထဲက ကိုမင်းသွေးသစ်၊ ကိုခန့်မင်းထက်နဲ့ ကိုစိုင်းသူဝင်းတို့ သုံးဦးကတော့ ရဲစခန်းမှာ စစ်ဆေးခံထားရပြီး ကိုယ်ပိုင်ခံဝန်ရယူထားတယ်လို့ သိရပါတယ်။

ကမာရွတ်မြို့နယ်မှာ တရားစွဲဆိုခံထားရတဲ့ ဗကသကျောင်းသား ခြောက်ဦးဟာ လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမာရွတ်မြို့နယ် တရားရုံးမှာ ပထမဆုံး တရားရင်ဆိုင်ရမှာဖြစ်ပြီး လှိုင်မြို့နယ် ရဲစခန်းမှာ အမှုဖွင့်ခံရသူ နှစ်ဦးကတော့ မနေ့က စစ်ဆေးခံခဲ့ပြီး ဘယ်နေ့တရားရင်ဆိုင်ရမယ်ဆိုတာ မသိရသေးဘူးလို့ ပြောပါတယ်ခင်ဗျာ။

RFA Burmese
https://www.rfa.org
ဆဲဗင်းဂျူလိုင်လမ်းလျှောက်ပွဲ ဦးဆောင်သူရှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆို ဆဲဗင်းဂျူလိုင်လမ်းလျှောက်ပွဲ ဦးဆောင်သူရှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆို Reviewed by THITHTOOLWIN on 21:47 Rating: 5
Powered by Blogger.