တနင်္သာရီမြို့နယ်ရဲမှူး ရဲခေါင်မြင့် အမည်ဖြင့် ဖုန်းဘေ လိမ်လည်မှုဖြစ်ပွား


18.7.2019

တနင်္သာရီမြို့နယ်၊ မောတောင်မြို့မှာ တနင်္သာရီမြို့နယ်ရဲမှူး ရဲခေါင်မြင့် အမည်ဖြင့် ဖုန်းဘေ ၃၄ သိန်းကျော် လိမ်လည်မှုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ဇူလိုင်လ ၁၀ ရက်နေ့က မောတောင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးထံသို့ ဖုန်းနံပါတ် 09 267 987 280ဖြင့် မြို့နယ်ရဲမှူးဟု ပြောဆိုပြီး ဖုန်းဘေဖြည့်ချင်ကြောင်းပြောဆိုပြီး မောတောင်မြို့ရှိ ဘေအရောင်းဆိုင်နှင့် ချိတ်ဆက်ပေးရန်ပြောကြားတာကြောင့် Music Hero ဖုန်းအရောင်းဆိုင်နှင့် ချိတ်ဆက်ပေးခဲ့ကြောင်းသိရပါတယ်။


""ရပ်/ကျေးအုပ်ချုပ်ရေးမှူးဆီကို ဖုန်းတစ်လုံးဝင်လာတယ်။ ဖုန်းဘေထည့်ချင်လို့ဆိုင်တစ်ဆိုင်ကိုချိတ်ဆက်ပေးပါပြောလို့ အုပ်ချုပ်ရေးမှူးက Music Hero ဆိုကိုသွားပြီး ခုနကရဲမှူးလို့ပြောပြီးခေါ်တဲ့ဖုန်းနံပါတ်ကို ဆိုင်ရှင်ကိုပေးတယ်။ ဆိုင်ရှင်ရဲ့ဖုန်းနံပါတ်ကိုလည်း ရဲမှူးလို့ပြောတဲ့သူဆီပြန်ပို့ပေးပြီးချိတ်ဆက်ပေးတယ်။ အပြန်အလှန်ချိတ်ဆက်ပြီး မက်ဆေ့ဝင်လာလို့ရှိရင်ငွေဖြည့်ပေးဖို့ပြောတယ်။ ညနေ ၃ နာရီခွဲမှာ ရဲမှူးဆိုတဲ့သူလာလိမ့်မယ်အဲအချိန်ကျရင် ဖုန်းဘေရှင်းပေးလိမ့်မယ်လို့ အုပ်ချုပ်ရေးမှူးကပြောပြီးပြန်ထွက်သွားတယ်။ နောက်တော့ဖုန်းမက်ဆေ့တွေဝင်လာတယ်။ ဖုန်းနံပါတ်တွေကအများကြီးပဲ ရဲမှူးလို့ပြောတဲ့ဖုန်းနံပါတ် ၁ လုံးအပြင် နောက်ထပ် ဖုန်းနံပါတ် အလုံး ၆၀ ပို့ပေးပြီး ဖုန်းနံပါတ် ၁ လုံးကို ၅ သောင်းခွဲနှုန်းနဲ့ အီးလုတ်နဲ့ ပို့ခိုင်းလို့ ဘေအရောင်းဆိုင်ကပို့ပေးလိုက်တယ်။ ဖုန်းဘေဖိုး ၃၄ သိန်း ၄ သောင်း ၂ ထောင့် ၅ ရာဖြစ်သွားတယ်""လို့ မောတောင်နယ်မြေရဲကင်းစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


ဖုန်းဘေအမြောက်အများ လွဲပြောင်းဝယ်ယူမှုအပေါ် ဆိုင်ရှင်မှ ချိတ်ဆက်ပေးသူအား အကြောင်းမကြားပဲ မိမိဆန္ဒဖြင့် လွဲပြောင်းပေးပြီး ဖုန်းဘေမလောက်ငှတာကြောင့် တနင်္သာရီမြို့ရှိ မအေးသိန်းဖုန်းဆိုင်သို့ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ခိုင်းရာ မအေးသိန်းမှ အဆိုပါကိစ္စဟာသမားရိုးကျမဖြစ်နိုင်ကြောင်းပြောဆိုပေမယ့် Music Hero ဖုန်းအရောင်းဆိုင်ပိုင်ရှင်မှ လွဲပြောင်းခိုင်းခဲ့ကြောင်းသိရပါတယ်။

""ဖုန်းဘေ လိမ်လည်မှုက ကျွန်မဆိုင်ကဖြစ်တာတော့မဟုတ်ဘူး မောတောင်မြို့က Music Hero ဖုန်းအရောင်းဆိုင်ပိုင်ရှင်က လွဲခိုင်းလို့ ဖုန်းနံပါတ် ၁ လုံးကို ၅ သောင်းခွဲနှုန်းနဲ့ ၂၅ လုံးလွဲပေးလိုက်ပါတယ်။ ဘေလွဲခ ၁၃ သိန်း ၇ သောင်း ၅ ထောင် ကိုတော့ Music Hero ကလာပေးပြီးပါပြီ""လို့ တနင်္သာရီမြို့တွင် ဖုန်းအရောင်းဆိုင်ဖွင့်ထားတဲ့ မအေးသိန်းကပြောပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မောတောင်မြို့ မှ Music Hero ဖုန်းအရောင်းဆိုင်ပိုင်ရှင် ဦးမင်းမင်းဌေးမှ မောတောင်နယ်မြေရဲစခန်းတွင် ငွေကြေးလိမ်လည်မှုဖြင့်တိုင်တန်းထားကြောင်းသိရပါတယ်။

မြတ်ထွဋ် (မြိတ်)
https://www.facebook.com/Myat-Htut-Myeik
တနင်္သာရီမြို့နယ်ရဲမှူး ရဲခေါင်မြင့် အမည်ဖြင့် ဖုန်းဘေ လိမ်လည်မှုဖြစ်ပွား တနင်္သာရီမြို့နယ်ရဲမှူး ရဲခေါင်မြင့် အမည်ဖြင့် ဖုန်းဘေ လိမ်လည်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.