တပ်မတော်နဲ့ RCSS/SSA တို့ နှစ်ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား

RCSS/SSA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်/ Photo: Kan Thar/RFA
ရှမ်းပြည်နယ် မိုင်းပြင်းနဲ့ ပင်လုံမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့တွေမှာ ရှမ်းပြည် ပြန်လည်ထူထောင်ကောင်စီနဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ်မှာ တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေနဲ့ RCSS တပ်တွေ တိုက်ပွဲဖြစ်ခဲ့သလို ၂၇ ရက်နေ့မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် နားတစ်ကျေးရွာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ RCSS ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေတဲ့ RCSS တပ်တွေကို လာရောက်ရှာဖွေ တိုက်ခိုက်ခဲ့တာလို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“၂၆ ရက်ဖြစ်တာက ဒီလို့ မူးယစ်ဆေးဝါးမီးရှို့ပွဲ အခမ်းအနားတစ်နေရာမှာလုပ်တယ်၊ အဲဒီသတင်းရလို့ သူတို့က ကျနော်တို့ကို ရှာဖွေပြီးတိုက်တာ ”

ဒီတိုက်ပွဲတွေဖြစ်ပွားတဲ့နေရာတွေမှာ တပ်မတော်ဘက်က တပ်အင်အားဖြည့်တင်းတာတွေ လုပ်နေပြီး RCSS ဘက်ကတော့ အဲဒီနေရာကနေ ဆုတ်ခွာပေးလိုက်တယ်လို့ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော်အနေနဲ့ RCSS နယ်မြေတွေကို ဝင်ရောက်လာတဲ့အခါမှာ ဆက်ဆံရေးရုံးတွေကို အကြောင်းမကြားဘဲ ဝင်ရောက်လာတာကြောင့် အခုလို ထိတွေ့မှုတွေဖြစ်တာလို့လည်း ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တိုက်ပွဲတွေဖြစ်တာ ဟုတ်ကြောင်းနဲ့ နယ်မြေကျူးကျော်လာလို့ ထိတွေ့မှုတွေဖြစ်တာလို့ ပြောပါတယ်။

“ ၂၆ ရက်နေ့ဖြစ်တာက နယ်မြေကျူးကျော် ဝင်ရောက်လာတာကြောင့် တိုက်ပွဲဖြစ်ပွားတာ တပ်မတော်ရဲ့ နယ်မြေဆိုတာထက် အဓိကသူတို့ကို သတ်မှတ်ပေးတဲ့နယ်မြေနဲ့ မဆိုင်တဲ့နေရာကို ဝင်လာလို့ဖြစ်တာ”

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာမှာ ပြည်နယ်နဲ့ တိုင်းအဆင့် JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေးပူးပေါင်းအဖွဲ့တွေက ဖြေရှင်းပေးနိုင်မှုအားနည်းတာကြောင့် အခုလို တိုက်ပွဲတွေဖြစ်နေတာလို့  စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ဒီလိုတိုက်ပွဲတွေဖြစ်တာနဲ့ ပတ်သက်ပြီး ဦးသန်းစိုးနိုင်က အခုလို ပြောပါတယ်။

“ အဲဒီကိစ္စတွေနဲ့ပတ်သက်ပြီး နှစ်ဘက်တပ်တွေညှိနှိုင်းပြီး ကိုယ်တပ်တွေနဲ့ကိုယ် ဆုတ်နိုင်တဲ့အနေထားရှိမှ ဖြစ်မှာပါ၊ ဒီအတိုင်းဆက်လုပ်နေရင်  တိုက်ပွဲတွေက ဆက်ဖြစ်နေမှာ ကြားနေရမှာပါ”

ဒီတိုက်ပွဲဖြစ်ပွားတာတွေနဲ့ပတ်သက်ပြီး ဆက်ဆံရေးရေးတွေကနေတဆင့် တိုင်းစစ်ဌာနချုပ်တွေကို တိုက်ပွဲဖြစ်တဲ့အကြောင်း အကြောင်းစာတွေပို့ထားပြီး လာမယ်ဇူလှိုင်လအတွင်း တပ်မတော်တာဝန်ရှိ သူတွေနဲ့ တွေဆုံဖို့ရှိတယ်လို့လည်း RCSS က ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။

“ အရင်ကလည်း အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ညှိနှိုင်းထားတာရှိပါတယ်၊ နောက်လ ဒုတိယပတ်လောက် ခန့်မှန်းပေါနော်၊ တွေဆုံပြီးတော့ ဘယ်လို့လုပ်ကြမလဲဆိုတာ ညှိနှိုင်းသွားမှာပါ”

RCSS အဖွဲ့ဟာ အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေထဲမှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားတာအများဆုံး အဖွဲ့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လတုန်းက တပ်မတော်ညှိနှိုင်းရေးအဖွဲ့တွေ တွေ့ဆုံကာ ညှိနှိုင်းပြီး တိုက်ပွဲတွေဖြစ်ပွားတာတွေကို လျောချနိုင်ခဲ့ပြီး အခုပြန်လည်တိုက်ပွဲတွေ ပြန်ဖြစ်တာဖြစ်ပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦး စုစည်းတင်ပြထားပါသည်။

RFA Burmese
https://www.rfa.org/burmese
တပ်မတော်နဲ့ RCSS/SSA တို့ နှစ်ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား တပ်မတော်နဲ့ RCSS/SSA တို့ နှစ်ရက်ဆက်ပြီး တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 23:01 Rating: 5
Powered by Blogger.