ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း - စစ်တပ်နဲ့ ဆရာဒကာ ဆက်ဆံရေး ရှိနေလား

 အောင်ဆန်းတောရ တပ်ဦးကျောင်းက နှစ်လည်ပွဲ
မန္တလေး မစိုးရိမ်တိုက်သစ်က စာချ ဆရာတော် ဦးဝီရသူကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မတပ်ပြီး ဖမ်းဝရမ်း ထုတ်ထားတဲ့ အစိုးရရဲ့ လုပ်ရပ်အပေါ် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ရဲ့ နှစ်ပတ်လည် ညီလာခံကနေ ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပေါ် ဦးဝီရသူရဲ့ ပြောဆိုချက်တွေဟာ အပြုသဘောနဲ့ ဝေဖန် ထောက်ပြတာသာ ဖြစ်တယ်လို့ အဲဒီအဖွဲ့က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

တကယ်လို့ ဦးဝီရသူရဲ့ စကားတွေဟာ ဖရုဿဝါစာ ရုန့်ရင်းကြမ်းတမ်း ခဲ့တယ် ဆိုရင်လည်း သံဃာ့အဖွဲ့အစည်းကသာ ဓမ္မစက်နဲ့ ရှေးဦးစွာ အရေးယူသင့်ပြီး၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တဲ့ ပုဒ်မတပ် တရားစွဲတာဟာ ဥပဒေမဲ့ ဆောင်ရွက်တာပဲလို့ အဲဒီ ဖောင်ဒေးရှင်း အဖွဲ့ရဲ့ ဦးဆောင် ဆရာတော် တစ်ပါး ဖြစ်တဲ့ ဆရာတော် ဦးသောပါကက ဘီဘီစီကို မိန့်ပါတယ်။
"ဆရာတော် မခေါ်ရ" သာသနာရေး ပြောဆိုချက်ကို ဝေဖန်

ဥပဒေကျုးလွန်ပြီး ဝရမ်းပြေး ဖြစ်နေသူကို "ဆရာတော်" လို့ မခေါ်သင့်ဘူး ဆိုတဲ့ သာသနာရေး ဌာနရဲ့ လတ်တလော ထုတ်ပြန်မှုဟာလည်း ဝိနည်းနဲ့ မညီဘူးလို့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့က ဝေဖန်ပါတယ်။

သာသနာရေး ဌာနကတော့ "ဦးဝီရသူ" လို့ နာမည်တပ် ပြောမထားပေမယ့် ရာဇဝတ်ပြစ်မှုနဲ့ ပြစ်ဒဏ်ထိုက်သူ၊ နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပြီး ရပ်ရွာအေး ချမ်းမှု ထိခိုက်အောင် သွေးထိုး လှုံ့ဆော်နေသူတွေဟာ "ရှင်ရဟန်းများ" မဖြစ်သင့်ဘူးလို့ ဆိုထားပါတယ်။

ဦးဝီရသူကို မျက်ကွယ်မှာ တရားစီရင်တော့မယ်
ဒီလို ပြောဆိုတာဟာ ဓမ္မ ဝိနယနဲ့ မညီရုံမက ဗုဒ္ဓဘာသာဝင်တွေ အတွက် အသိအမြင် အမှတ်အယူ မှားစေနိုင်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့က တုံ့ပြန် ဝေဖန် ထားပါတယ်။

"ဆရာတော်"လို့ အလွယ်တကူ ရည်ညွှန်း သုံးစွဲရင် သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံတဲ့ ရဟန်း၊ သံဃာ ဘုန်းတော်ကြီး တွေ အနေနဲ့ အလိုလိုနေရင်း တန်ဖိုးကျသွား နိုင်တယ် ဆိုပြီး သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းကတော့ ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာတော့ ဦးဝီရသူ ဘက်က အွန်လိုင်းပေါ် ဗီဒီယိုတွေ တင်နေပေမယ့် ဘယ်နေရာမှာ ရှိနေလည်း ဆိုတာကို အာဏာပိုင်တွေဘက်က စုံစမ်း ဖော်ထုတ်နိုင်တာမျိုး မရှိသေးပါဘူး။ ဒါ့ကြောင့် ရန်ကုန် အနောက်ပိုင်း ခရိုင်ကနေ မျက်ကွယ်တရားစီရင်မှု စတင်လုပ်လာတော့မယ်လို့ နားလည်ရပါတယ်။

ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ အနေနဲ့ ဦးဝီရသူ နဲ့ အဆက်အသွယ် ရှိမနေသလို၊ လက်ရှိ ဘယ်ရောက်နေသလဲ ဆိုတာလဲ မသိဘူးလို့ ဆရာတော် ဦးသောပါကက မိန့်ပါတယ်။

အမျိုးသမီး မဝင်ရ ကန့်သတ်တာကို အလေးမမူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်
အတိုင်ပင်ခံကိုလည်း တိုက်ရိုက်ဝေဖန်
အမျိုး ဘာသာ သာသနာ စောင့်ရှောင့်ရေး "မဘသ" အဖွဲ့ကနေ နာမည်ပြောင်းထားတဲ့ အဲဒီ အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြုအမူ တစ်ခုကို တိုက်ရိုက် ဝေဖန်ထားတာ ပါဝင်သလို၊ အစိုးရရဲ့ ဥပဒေပိုင်း ပြုပြင်ရေး လုပ်ဆောင် ချက်တချို့ကိုလည်း ဝေဖန်ရှုတ်ချထားပါတယ်။

အမျိုးသမီး မဝင်ရ ကန့်သတ်ထားတဲ့ အောက်စက်တော်ရာကို ဝင်ရောက် ခြေချခဲ့တဲ့ နိုင်ငံ့ခေါင်းဆောင် အမျိုးသမီး ရဲ့ အပြုအမူဟာ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းကို မထီမဲ့မြင် လုပ်တာပဲ ဆိုပြီး ထုတ်ပြန်ချက်ထဲ ရေးထားပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မေလတုန်းက မန်းစက်တော်ရာ ဘုရားဖူး ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရနဲ့ တရားရေး အာဏာပိုင်တွေဘက်က လုပ်ဆောင်နေတဲ့ ဥပဒေကြောင်း ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု တချို့ကိုလည်း သဘောမတူကြောင်း ပြောဆိုထားပါတယ်။

အထူးသဖြင့် ဒီနိုင်ငံမှာ မွေးရင် ဒီနိုင်ငံသား အဖြစ် အသိအမှတ်ပြုပြီး မှတ်ပုံတင် ထုတ်ပေးရမယ် ဆိုတဲ့ အချက် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေထဲ ပါဝင်လာတဲ့ အပေါ် ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့က ဝေဖန်ပါတယ်။

တရားမဝင် လူမျိုးခြားကလေးတွေကိုပါ အဲဒီလို အသိအမှတ် ပြုပေးရမယ် ဆိုရင် လူမျိုးရေး ဝါးမျိုမှုကို အားပေးရာ ရောက်တယ်လို့ အဲဒီ အဖွဲ့က ပြောနေပြီး၊ စစ်မက်ဘေးထက်တောင် ပိုကြောက်ဖို့ ကောင်းတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်၊ ဧည့်စာရင်း ဥပဒေ၊ နောက်ယောင်ခံ စောင့်ကြည့်ရေး ဥပဒေတွေကို အခု အစိုးရလက်ထက် ပယ်ဖျက် ခဲ့တာကြောင့် နိုင်ငံတော် စည်းရိုး ကျိုးပေါက်သွားပြီး မြန်မာနိုင်ငံထဲ ခိုးဝင်သူတွေ တနေ့တခြား ဝင်ရောက်လျက် ရှိနေတယ်လို့ ပြောထားပါတယ်။

မဘသ ဖျက်သိမ်းခံထားရတာ ၂ နှစ် ရှိပြီ

အောင်ဆန်းတောရ တပ်ဦးကျောင်းက နှစ်လည်ပွဲ

"မဘသ"လို့ အသိများတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး နာမည်နဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်း အရ ဖြစ်စေ၊ အဖွဲ့အစည်း အနေနဲ့ ဖြစ်စေ မလုပ်ဆောင်ရဘူး ဆိုပြီး "မဘသ" အဖွဲ့ကို နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဖျက်သိမ်းခဲ့တာ ၂ နှစ် ရှိပြီ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုတဲ့ နာမည်ကို ခံယူခဲ့ပါတယ်။ ဒါပေမယ့်လည်း "အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး" ဆိုတာကို လုံးဝ စွန့်လွှတ်ခြင်းမျိုးတော့ မဟုတ်ပါဘူး။

အင်းစိန်မြို့နယ်ထဲက အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည် ပွဲမှာဆိုရင်လည်း "အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး" ဆိုတဲ့ စာတန်းကို ကျောင်းဝင်း အဝင် မုခ်ဦးမှာ ထိပ်ဆုံးက ရေးထိုးထားပါတယ်။

"မဘသ" ကို ဖျက်သိမ်းစေတဲ့ လုပ်ရပ်ကို အသိအမှတ် မပြုပဲ ဒီနာမည်ကို ဆက်လက်ထိန်းသိမ်း သွားမယ်လို့ ဆရာတော် ဦးသောပါကက မိန့်ပါတယ်။ လက်ရှိမှာလည်း သံဃမဟာနာယကနဲ့ အစိုးရက အာဏာပိုင်တွေထံကနေ "မဘသ" နာမည် မသုံးရ ဆိုတဲ့ ဖိအားမျိုး ပေးမနေဘူးလို့ ဆိုပါတယ်။

တပ်မတော်က သိန်းရာချီ ပေးလှူ
စစ်တပ်နဲ့ "ဆရာဒကာ" ဆက်ဆံရေးမျိုးလား

ဇွန် ၁၇ ရက် နှစ်ပတ်လည်ပွဲမှာ ရဟန်း သံဃာတွေ၊ သီလရှင် ဆရာကြီး ဆရာလေးတွေ အပါအဝင် လူပုဂ္ဂိုလ်တွေပါ စုဝေးခဲ့ကြတာ ဖြစ်ပြီး အရေအတွက် အားဖြင့် လေးထောင်ကျော် ရှိတယ်လို့ ဆရာတော် ဦးသောပါကက မိန့်ပါတယ်။

အင်းစိန် ရွာမကျောင်း ဆရာတော်ကြီး အမှုးပြုတဲ့ ဆရာတော် ဘုရားကြီးတွေထံကနေ ဩဝါဒ ခံယူခဲ့တာ ဖြစ်ပြီး၊ တိုင်းပြုပြည်ပြု သာသနာပြု လုပ်ငန်းတွေ၊ ယဉ်ကျေးမှုနဲ့ စာရိတ္တ မြှင့်တင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ကြဖို့ ဆရာတော်ကြီးတွေက မိန့်ကြား ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လုပ်ငန်းမျိုးတွေ လုပ်ဆောင်နိုင်ဖို့ အခု ဗဟိုအဆင့် နှစ်ပတ်လည်ပွဲမှာ အရေအတွက် လေးထောင်ကျော် စုဝေး နိုင်ခဲ့သလို တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့လည်း ကွန်ရက်တွေ ချိတ်ဆက်ပြီး လုပ်ဆောင် သွားနိုင်တဲ့ အင်အားမျိုး ရှိနေတယ်လို့ ဆရာတော် ဦးသောပါကက မိန့်ပါတယ်။

အောင်ဆန်းတောရ တပ်ဦးကျောင်းပွဲမှာ ရန်ကုန်တိုင်း စစ်ဌာချုပ်က ကျပ်ငွေ သိန်း ၃ဝဝ လှူဒါန်းပါတယ်။ ဒါပေမယ့် ဆွေနွေး စကားပြောတဲ့ အစီအစဉ်တွေ ထည့်သွင်း မထားတဲ့ အတွက် ဦးဝီရသူ အမှုကိစ္စ အပါအဝင် ဘယ်လို အကြောင်းချင်းရာမျိုးမှ တပ်မတော်ဘက်က ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အဖွဲ့ကို အထူးပြောကြားတယ် ဆိုတာမျိုး ရှိမနေဘူးလို့လည်း ဆရာတော် ဦးသောပါကက မိန့်ပါတယ်။

"ဦးဇင်းတို့ အနေနဲ့ အားလုံးကို ဆရာဒကာ အဖြစ် သတ်မှတ်ထားတယ်၊ ဆရာဒကာ မသတ်မှတ်ချင်တဲ့သူတွေတော့ ရှိကောင်း ရှိမှာပေါ့" လို့ ဆရာတော် ဦးသောပါကက မိန့်ပါတယ်။

အစိုးရကို ဝေဖန်နေတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း အနေနဲ့ တပ်မတော်နဲ့ ကြားမှာ "ဆရာဒကာ" ဆက်ဆံရေးမျိုး ထူထောင်ထားလား ဆိုတဲ့ ဘီဘီစီရဲ့ အမေးကို ဆရာတော် ဦးသောပါကက တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း - စစ်တပ်နဲ့ ဆရာဒကာ ဆက်ဆံရေး ရှိနေလား ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်း - စစ်တပ်နဲ့ ဆရာဒကာ ဆက်ဆံရေး ရှိနေလား Reviewed by THITHTOOLWIN on 22:52 Rating: 5
Powered by Blogger.