ဖျာပုံတွင် ယာဉ်တိုက်မှုကြောင့် ဆရာဝန် (၃) ဦးသေဆုံး၊ (၃) ဦးဒဏ်ရာရ


ဖျာပုံ ၁၁ ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့တွင် ယနေ့ နံနက် ၃ နာရီခွဲက ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ဆရာဝန် (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်(၁၁)ရက် နံနက်ပိုင်းတွင် ဖျာပုံ-ကျိုက်လတ်ကားလမ်းပေါ်ရှိ ချောင်းတွင်း တံတားအနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးကြည့်ရှုရာ ချောင်းတွင်း တံတားအနီး လမ်း၏အနောက်ဘက်ခြမ်း၌ ဖျာပုံမြို့ဘက်သို့ ဦးတည်၍ရပ်တန့်ထားသော ကွန်ကရစ်တိုင်များ တင်ဆောင်ထားသည့် ၁၀ ဘီးယာဉ်အား ၎င်းယာဉ်၏နောက်ဘက်မှ လားရာတူ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက် မောင်းနှင်၍ ဆရာဝန်(၆)ဦး လိုက်ပါလာသော အဖြူရောင်ကားသည် နောက်မှဝင်တိုက်မိသဖြင့် ကွန်ကရစ်ဓါတ်မီးတိုင်များ ကားနောက်မှန်ထိ ဖောက်ထွက်သွားရာ ယာဉ်မောင်း ဒေါက်တာဝေယံမျိုးထက်၊ ဒေါက်တာအေးမြတ်သူနှင့် ဒေါက်တာပန်ဂျာထွယ် တို့(၃)ဦးမှာ အခင်းဖြစ်နေရာတွင်ပင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြသည်။

 ဒေါက်တာနေမျိုးစု၊ ဒေါက်တာလှမျိုးသူနှင့် ဒေါက်တာနှင်းအိစိုးတို့တွင် (မစိုးရိမ်ရ) ဒဏ်ရာများ ရရှိသွားသဖြင့် သေဆုံးသူ (၃)ဦး နှင့် ဒဏ်ရာရသူ(၃)ဦးတို့အား ဖျာပုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမှတ်(၈၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ခေတ္တတပ်ဖွဲ့စုမှူး ရဲအုပ်ဇာနည်ထွန်းမှ တရားလိုပြုလုပ်၍ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကနဦးသတင်းအရ သိရသည်။

သပြေထွန်း
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
ဖျာပုံတွင် ယာဉ်တိုက်မှုကြောင့် ဆရာဝန် (၃) ဦးသေဆုံး၊ (၃) ဦးဒဏ်ရာရ ဖျာပုံတွင် ယာဉ်တိုက်မှုကြောင့် ဆရာဝန် (၃) ဦးသေဆုံး၊ (၃) ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:31 Rating: 5
Powered by Blogger.