နေအိမ်အကျယ်ချုပ်ကျခံရစဉ် အုန်းထမင်းစားရင်း မွေးနေ့တွေကို ဖြတ်သန်းခဲ့သူ

နိုင်ငံတော် အတိုင်ပင်ခံ တာဝန်ထမ်းဆောင်တဲ့ အခါမှာ ကိတ်မုန့်တွေ ခွဲပြီး မွေးနေ့ကို စုဝေးကျင်းပလေ့ရှိရာမှာ ၂၀၁၉ မွေးနေ့ အကြိုပွဲကိုတော့ ဇွန်လ ၁၇ ရက်နေ့မှာ ကျင်းပ ဂုဏ်ပြုခဲ့
လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ရာထူး ရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ စစ်အစိုးရ လက်ထက် နေအိမ် အကျယ်ချုပ် ကျနေစဉ် ဇွန်လ ၁၉ ရက် ရောက်တိုင်း ရိုးရှင်းတဲ့ မွေးနေ့ပွဲ ကျင်းပလေ့ ရှိတယ်လို့ သူနဲ့ အတူနေဖူးတဲ့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

သမီး ဖြစ်သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည် အိမ်မှာ နေထိုင်ခဲ့ကြစဉ် သုံးယောက်သား အိမ်မှာ ရှိတဲ့ ပစ္စည်းတွေ ၊ ဈေးက မှာထားတဲ့ ပစ္စည်းတွေနဲ့ ပေါင်းပြီး များသောအားဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို မွေးနေ့ ရောက်တိုင်း အုန်းထမင်း ချက်ကျွေး လေ့ရှိတယ်လို့ သူက ဆိုပါတယ်။

အဲဒီနောက် ချက်ပြီးသား အုန်းထမင်းကို ဘုရားဆွမ်းကပ်ကာ ကျန်တာကို သုံးယောက်သား စားကြတယ်လို့ ဒေါ်ခင်ခင်ဝင်းက အတိတ်က ဖြတ်သန်းခဲ့ရတဲ့ အကြောင်းကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ကိုယ့်ရဲ့ ဗမာ ထုံးစံအတိုင်း မုန့်လုံးရေပေါ်နဲ့ မုန့်ကြာစေ့ လုပ်ကျွေးလေ့ ရှိပြီး ဒီလို ဗမာ မုန့်တွေကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျလေ့ ရှိတယ်လို့ သူက ပြောပါတယ်။

မုန့်ကြာစေ့ကို ဒေါ်အောင်ဆန်းစုကြည်က သဘောကျလေ့ ရှိပြီး တခါတလေမှာ ရယ်မောစနောက်လေ့ ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်း က ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် အိမ်အကျယ်ချုပ် ကျစဉ် အတူနေခဲ့တဲ့ ဒေါ်ခင်ခင်ဝင်း
ဒီမုန့်ကို ဘာကြောင့် မုန့်ကြာစေ့ လို့ ခေါ်သလဲ ဆိုတာ မေးတော့ ကြာခွက်ထဲက ကြာစေ့ ကလေးတွေနဲ့ တူလို့ ခေါ်တာ ဖြစ်နိုင်ကြောင်း ၊ ဒေါ်ခင်ခင်ဝင်း ကတော့ အတိတ်ကောက်တဲ့ အနေနဲ့ အခုလို အကျယ်ချုပ်နဲ့ နေရတာ နှစ်တွေ ကြာလာလို့ စေ့ ဆိုတဲ့ သဘောနဲ့ မုန့်ကြာစေ့ လုပ်စားဖြစ်တာပါ ပြောတဲ့ အခါ ဒေါ်အောင်ဆန်း စုကြည်က သဘောကျပြီး ရယ်နေတယ်လို့ ပြောပါတယ်။

တကယ်တော့ ဗမာမုန့်တွေ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သဘောကျတဲ့ အတွက် တခါတလေ မုန့်လက်ကောက်ကြော် ကျွေးရင်လည်း ကြိုက်တယ်လို့ အတူနေခဲ့ဖူးတဲ့ အချိန်က အကြောင်းတွေကို ဒေါ်ခင်ခင်ဝင်းက ပြောပြခဲ့ပါတယ်။

 ဒေါ်စု အကျယ်ချုပ်ကျနေစဉ် ၂၀၀၆ သူ့မွေးနေ့မှာ NLD ရုံးမှာ ငှက်လွှတ်ကာ လွတ်မြောက်ရေး ဆုတောင်းခဲ့ကြ
အိမ်အကျယ်ချုပ် ကျစဉ် ကာလတွေမှာ မွေးနေ့တိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုကာလလို ကိတ်မုန့်ကြီးတွေ လှီးတာတွေ ဘာတွေ လုပ်ခဲတယ်လို့ သူက ဆိုပါတယ်။

အဲဒီ အချိန်တုန်းကဆိုရင် ခြံအမှတ် ၅၄ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ကို ၀င်ထွက်ခွင့် ရသူ တချို့ ဖြစ်တဲ့ ဥပမာ ဦးထင်ကျော် တို့လို သူတွေက မွေးနေ့ လက်ဆောင် အဖြစ် ဒေါ်စု လိုအပ်တဲ့ အစားအသောက် ၊ အင်္ကျီ စ တွေ စသဖြင့် ပေးလေ့ ရှိတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အုန်းထမင်း ကြိုက်လေ့ရှိပြီး သူ့မွေးနေ့မှာ ချက်ကျွေးတဲ့ အုန်းထမင်း ကို သီးသီးသန့်သန့် ရေခဲသေတ္တာထဲ သိမ်းထားလေ့ ရှိတယ် ၊ သူစားချင်တဲ့အခါ ပြန်ထုတ်နွှေး စားလေ့ ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

တခါတရံ ကျရင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေါ်ခင်ခင်ဝင်းတို့ သားအမိ နှစ်ယောက်နဲ့ အတူ ရုပ်ရှင် ကြည့်လေ့ ရှိပြီး အရင်တုန်းက ဂန္တ၀င်မြောက်တဲ့ နိုင်ငံခြား ရုပ်ရှင်တွေကို သူ့ဆီမှာ စုထားတဲ့ အခွေပြား လေးတွေ ဖွင့်ပြီး အိမ်ထဲမှာ အတူကြည့်ကြတယ်လို့ ပြောပါတယ်။

၂၀၁၈ မွေးနေ့ပွဲကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူ ကျင်းပခဲ့
မွေးနေ့မှာ ဘာလုပ်လေ့ရှိလဲ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမြဲတမ်း သန့်သန့်ရှင်းရှင်း နေလေ့ရှိသူ ဖြစ်ပြီး မွေးနေ့ ရောက်ရင်တော့ ခါတိုင်းထက် သပ်သပ်ရပ်ရပ် နေတာ တွေ့ရသလို ပျော်ပျော်ရွှင်ရွှင် နေတတ်တယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

မွေးနေ့ မနက်မှာ ဆွမ်းတော်ကပ် ၊ ဘုရားရှိခိုးပြီး သူကြိုက်တဲ့ အစားလေးတွေ စားတယ် ၊ ရယ်ရယ်မောမော နဲ့ စလိုက် နောက်လိုက် နေတတ်သူ တယောက် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

တခါတလေ ရုပ်ရှင် ကြည့်ကြပြန်ရင်လည်း သာမန်လူတွေက ဖျော်ဖြေရေး အနေနဲ့ ကြည့်ပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အဲလို မဟုတ်ဘဲ မင်းသား မင်းသမီး တွေရဲ့ လှုပ်ရှားဟန် ကို ပညာ မျက်စိ နဲ့ ကြည့်လေ့ ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ရှင်းပြပါတယ်။

၂၀၁၉ ဇွန်လ ၁၅ ရက်နေ့ လရောင်တောမှာ ကျင်းပခဲ့တဲ့ ဒေါ်စု မွေးနေ့ပွဲ
ဘယ်နေရာမှာ ဆိုရင်ဖြင့် မျက်ခုံးဘယ်လို လှုပ်တာ ဘယ်နေရာမှာ ပါးလေး တခြမ်းနဲ့ ရယ်လိုက်တာ စသဖြင့် သရုပ်ဆောင်တွေရဲ့ သရုပ်သကန်ကို ပေါ်အောင် ဒေါ်အောင်ဆန်းစုကြည်က အနုပညာ မျက်စိနဲ့ ကြည့်ကြောင်း ၊ ဒါတွေကို ပြန်ပြီး ပြောလေ့ပြောထ ရှိကြောင်း နဲ့ ဒီအချက်တွေက သူတို့လို အတူနေခဲ့ရသူတွေ အတွက် မှတ်သားလောက် စရာတွေ ဖြစ်ခဲ့ရတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

နေအိမ် အကျယ်ချုပ်အတွင်းက မွေးနေ့ပွဲတွေမှာတခါတလေ ကျရင်တော့ သူ့မိသားစု အကြောင်း ကိုယ့်မိသားစု အကြောင်း အပြန်အလှန် လွတ်လွတ်လပ်လပ် ပြောဖြစ်ကြတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

 နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာစဉ်
အင်းစိန်ထောင်ထဲ ကျင်းပခဲ့တဲ့ မွေးနေ့ပွဲ

၂၀၀၉ ခုနှစ် မေလ ၇ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒေါ်ခင်ခင်ဝင်း တို့ သားအမိ နှစ်ယောက်ကို အင်းစိန်ထောင် ခေါ်သွားခံခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့က ဇွန်လ ၁၉ ရက် ဖြစ်တာကြောင့် ထောင်ထဲမှာ မွေးနေ့ ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ဆိုသူဟာ လုံခြုံရေး အစောင့်အကြပ်တွေ ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ဝန်း အတွင်းကို ၂၀၀၉ ခုနှစ် မေလ ၃ ရက်တုန်းက အင်းယားကန်ကို ရေသန့်ဘူးကြီးနဲ့ တွယ်ဖက် ဖြတ်ကျော်ကာ ၀င်ရောက်ခဲ့ပါတယ်။

အာဏာပိုင်တွေက အကျယ်ချုပ်ချထားတဲ့ ဒေါ်အောင်ဆန်း စုကြည် ရဲ့ အိမ်ထဲကို လုံခြုံရေး အကန့်အသတ်တွေကို ဖြတ်ကျော် ၀င်ရောက်ခဲ့တဲ့ မစ္စတာ ယက်တော ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ပြီး ပြန်ထွက်ခွာဖို့ အလွန်တရာ မောပန်း နေတဲ့ အတွက် သူ့ကို ခေတ္တ နားခိုခွင့် ပေးခဲ့မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် အပို့ခံခဲ့ရပါတယ်။

အင်းစိန်ထောင်ထဲမှာ မွေးနေ့ ဖြတ်သန်းခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ထံကို သံရုံးတခုက ပန်းခြင်းတခြင်း ပို့ခွင့်ပြုဖို့ တောင်းခံခဲ့ရာမှာ အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျနေစဉ်မှာ သူ့ရဲ့ ၆၁နှစ် မွေးနေ့ကို ဖယောင်းတိုင်မီးထွန်း လွတ်မြောက်ရေး အတွက် ဆုတောင်း
ပန်းခြင်း သေးသေးလေးလို့ အာဏာပိုင်တွေ တွက်ဆ ထားပေမယ့် လက်တွေ့မှာ ပို့လိုက်တာက သစ်ခွပန်းခြင်းကြီး ဖြစ်လို့ အံ့သြခဲ့ရတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

ဒါ့အပြင် ကိတ်မုန့်တွေလည်း အများအပြား လက်ခံရရှိခဲ့ပြီး သူတို့သားအမိနဲ့ ဒေါ်အောင်ဆန်းစုကြည် စားဖို့ထက် အတော်ကို များနေတဲ့အတွက် ထောင်ကျနေတဲ့ တခြား အကျဉ်းသားတွေ အကုန်လုံးထံ ဝေခိုင်း ခဲ့တယ်လို့ ဆိုပါတယ်။

ရလာတဲ့ သစ်ခွပန်းခြင်းကိုလည်း ဘယ်နေရာ ဘယ်ဌာနမှာ ဘယ်နှယောက် ရှိလဲ မေးမြန်းကာ မျှဝေ ပေးခဲ့တဲ့ အဖြစ်ကို ဒေါ်ခင်ခင်ဝင်းက ပြန်ပြောပြပါတယ်။

အဲဒီနောက် ထောင်အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်အစားအစာ ကြိုက်တတ်လဲ ကျွန်တော်တို့လုပ်ပေးပါ့မယ် လို့ ဒေါ်ခင်ခင်ဝင်းကို မေးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ရယ်နေတယ် ၊ အဲဒီ အချိန်မှာ အုန်းထမင်း ကြိုက်တယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောလိုက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်က နောက်ကနေ ဆက်တိုက် ဆိုသလို 'အန်တီ စားတဲ့ အုန်းထမင်းက အ၀င်း( ဒေါ်ခင်ခင်ဝင်း) ချက်တာကိုပဲ ကြိုက်တာနော်' ဆိုပြီး ဝင်ပြောခဲ့ဖူးတာ အမှတ်တရ ရှိနေတယ်လို့ ဆိုပါတယ်။

ထောင်တွင်း အတွေ့အကြုံများ

ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နေခဲ့ရစဉ် သာမန် ရက်တွေမှာ ထောင်က ကျွေးတဲ့ အစားအစာ အတိုင်း သူ့ကို ကျွေးတာ ကြိုက်ပြီး အထူးတလည် သူ့အတွက် လုပ်ပေးတာမျိုးကို နှစ်သက်လေ့ မရှိဘူးလို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

သူ့အနေနဲ့ ဘာစားချင်တယ် ဘာမစားချင်ဘူး ဆိုတာ ပြောလေ့ မရှိတဲ့ အတွက် အင်းစိန်ထောင် အတွင်း အတူနေခဲ့ရစဉ် သူ့အတွက် ဘာမှ ချက်မကျွေးခဲ့ရဘူးလို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

ဒါ့အပြင် အပြင်က လာပို့တာတွေ သံရုံးတချို့က လာပို့တဲ့ အစားအသောက် မှန်သမျှ ကိုလည်း အကျဉ်းသား အားလုံး ဘယ်နှယောက် ရှိသလဲ မေးပြီး ပြန်ခွဲဝေကာ ကျန် အကျဉ်းသားတွေ လက်ထဲ ရောက်အောင် ပို့ပေးလေ့ ရှိတယ်လို့ သူက ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမုန့်တွေလည်း ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်
မွေးနေ့ လက်ဆောင်

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အထိန်းသိမ်းခံ ဘ၀မှာ မွေးနေ့လက်ဆောင် အဖြစ် အပြင်လူတွေ ပေးတာ များများ စားစား လက်ခံ ရလေ့မရှိဘဲ ရင်းနှီးတဲ့ မိတ်ဆွေ တွေ ဖြစ်တဲ့ ဒေါက်တာ တင်မျိုးဝင်း တို့ မိသားစုလိုမျိုး ၊ ခြံထဲ ၀င်ထွက်ခွင့် ရှိသူတွေ ဖြစ်တဲ့ ဆရာ ဦးထင်ကျော် တို့လို မိတ်ဆွေရင်းတွေကသာ ပေးလေ့ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်း က ဆိုပါတယ်။

လက်ဆောင် အနေနဲ့ ပေးလေ့ရှိတာကတော့ ဒေါ်စု ဝတ်လေ့ ရှိတဲ့ ချည်ထည် ပိတ်စလေးတွေ ၊ မုန့်တွေ လူရင်းတွေက ပေးလေ့ရှိတယ်လို့ သူက ပြောပါတယ်။

မွေးနေ့လက်ဆောင် ပေးကြတဲ့ အခါမှာလည်း လူတွေက သူတို့ စိတ်ထဲ ရှိတဲ့ အတိုင်း ဥပမာ ဗိုလ်ချုပ် ရုပ်ထုတွေ ၊ ပန်းချီကားတွေ အရမ်းပေးလေ့ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

အဲဒီ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည် အိမ်ကို ထိန်းသိမ်း စောင့်ရှောက် နေရချိန် ဖြစ်နေတော့ စတိုအခန်းထဲမှာကော ဘုရားစင်ပေါ်မှာပါ ပြည့်နေတဲ့ အပြင် ဗိုလ်ချုပ်ပုံတွေ ဆိုရင်လည်း မြေကြီးပေါ်မှာ ချထားလို့လည်း မကောင်း ၊ စားပွဲပေါ်မှာလည်း ပြည့်နေတော့ ဒါတွေ ထားဖို့ အခက်အခဲ ရှိနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒ ရှိနေတာက မွေးနေ့ လက်ဆောင်တွေ သူ့ကို ပေးမယ့် အစား သူ့မိခင် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှာ လှူတာကို ပိုသဘောကျလေ့ ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမုန့်တွေလည်း ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်
မျှဝေတတ်သူ

ဒေါ်အောင်ဆန်းစုကြည် ဟာ မွေးနေ့ရယ်မှ မဟုတ်ပဲ စားသောက်စရာတွေ ရှိနေရင် အဟောသိကံ ဖြစ်မယ့် အစား အိမ်မှာ ရှိတဲ့ အစောင့် စစ်သားတွေ ရဲတွေကို မျှပေးလေ့ ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

အခါကြီး ရက်ကြီး တွေဆိုရင် အပြင်က လာပို့တတ်တဲ့၊ သင်္ကြန် ဆိုရင်လည်း သင်္ကြန်ထမင်း ၊ ရွှေရင်အေး စတဲ့ လာပို့တာတွေကို သုံးယောက်စာ ချန်ပြီး ကျန်သမျှကို ရဲတွေ အစောင့်တွေကို ဝေပေးလေ့ရှိတယ်လို့ သူက ပြောပါတယ်။

တချို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဒီလို မျှဝေ ပေးတာကို ကြည်ကြည်နူးနူး ပြန်ပြောလေ့ ရှိကြပြီး သူတို့ အနေနဲ့ ဒီခြံကြီးမှာသာ စောင့်နေရတယ် အာဏာပိုင်တွေ တာဝန်ရှိသူတွေက ရေဘူးတောင် ထောက်ပံ့ပေးလေ့ ရှိတာ မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရှိတဲ့ အစာကို မျှဝေ ကျွေးတယ်လို့ ပြောလေ့ရှိကြောင်း ဒေါ်ခင်ခင်ဝင်းက ပြန်ပြောပြပါတယ်။

ဒီလို ရင်းနှီးမှု ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ လက်ဆောင်လာပေးတာတို့ ၊ သူတို့ တာဝန်ထက် ကျော်ပြီး လုပ်ရတဲ့ အရာတွေကိုတော့ မလုပ်ရဲကြဘူး၊ လုပ်လေ့ မရှိဘူးလို့ သူက ဆိုပါတယ်။

 ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာမုန့်တွေလည်း ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်
ခြံအမှတ် ၅၄ အတွင်း ဖြတ်သန်းခဲ့တဲ့ မွေးနေ့များ

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့မွေးနေ့တွေမှာ မှတ်မှတ်သားသား ရှိစရာတွေ ပြောလေ့ မရှိပေမယ့် တခြား အခါကြီး ရက်ကြီး တွေ ဖြစ်တဲ့ အာဇာနည်နေ့တို့ ဘာတို့ကျရင်တော့ သူ့ပြောဆိုချက်တွေကို အပြင်လူကြားအောင် လွှင့်ပေးလေ့ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

သူမွေးနေ့တွေကို သိပ်ကြီးကြီးကျယ်ကျယ် မလုပ်ဘဲ အဲဒီနေ့မှာ ဘုရားတရား လုပ်တယ် ၊ ဘုရားရှိခိုး၊ ဆွမ်းတော်ကပ်၊ မနက်စာ အတူစားကြပြီး ပုံမှန် ဆိုရင်တော့ မနက် ၁၀ နာရီ မှာ စန္ဒယား တီးတတ်၊ ကျန် အချိန်မှာ စာဖတ်လေ့ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ဆိုပါတယ်။

သူ့မွေးနေ့မှာ ဗမာ မုန့်လေးတွေ လုပ်ပေးရင် တအားကျေနပ်လေ့ရှိပြီး သူစားတာက နည်းနည်းပဲ ဖြစ်တာကြောင့် ကျန်တာကို နီးစပ်ရာ မျှဝေ ကျွေးတဲ့ အကျင့် ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။
တခါတလေကျရင် မိသားစုတွေ အကြောင်း ပြောဆို ဖလှယ်လေ့ရှိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်
အတူနေခဲ့ရသူရဲ့ အမှတ်တရ

ဒေါ်အောင်ဆန်းစုကြည်ဟာ တခုခု ဆိုရင် သူ့အတွက် ပိုပိုလျှံလျှံ သိပ် ထားလေ့ မရှိဘဲ နီးစပ်ရာ ကျွေးတဲ့ အကျင့် ဝါသနာ ရှိတဲ့ အပြင် နောက်ထူးခြားမှု တခုက သူစကားပြောတဲ့အခါ ဟာသနှော ပြောတတ် တယ်လို့ ဆိုပါတယ်။

အစောင့် ရဲဘော်လေးတွေကိုလည်း လေးလေးစားစား ဆက်ဆံလေ့ ရှိပြီး သူတို့အပေါ် အပြစ်မြင်လေ့ မရှိဘူးလို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ သူတို့လည်း သူတို့ တာဝန် ထမ်းဆောင်နေတာပဲလို့ သူက ပြောလေ့ ပြောထ ရှိတယ်လို့ ဆိုပါတယ်။

နောက်ထူးထူးခြားခြား တခုက သူ့ရဲ့ ရိုးဖြောင့်တဲ့ စိတ်ဓာတ်ပဲလို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

တဖက်ခြံက သရက်ပင်ရဲ့ သရက်ကိုင်းကြီး သူတို့ခြံထဲ ထိုးကျနေတဲ့ အခါ အဲဒီ အကိုင်းက ကြွေလာတဲ့ သရက်ကင်းတွေကို ဒေါ်ခင်ခင်ဝင်းရဲ့ သမီးကို ကောက်ခိုင်းပြီး စုထားကာ များလာတဲ့အခါ တဖက်ခြံကို သွားပြန်ပေးလေ့ ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ သူများ ပစ္စည်းကို ရလို စိတ်မရှိကြောင်း ၊ အင်မတန် ရိုးဖြောင့် ဖြူစင်တာကို ပြကြောင်း ၊ ဒီအကျင့် စရိုက်တွေက သူ့မိခင် ဒေါ်ခင်ကြည်က သူငယ်စဉ် ကတည်းက သင်ပေးထားတဲ့ သူများပစ္စည်းဆို မပေးဘဲ မယူ မကျွေးဘဲ မစားရဘူး ဆိုတဲ့ မူကို ရင်ဝယ် ပိုက်ထားတာကို ပြကြောင်း ဒေါ်ခင်ခင်ဝင်းက ထောက်ပြခဲ့ပါတယ်။

၂၀၁၈ တုန်းက နေပြည်တော်မှာ မွေးနေ့ ကိတ်ခွဲ ကျင်းပပွဲ

ရင်တွင်းဖြစ်စကား

အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ရင်း စေတနာနဲ့ လုပ်ရပ်တွေကို အများက သိသလောက် ဖြစ်နေကြပြီး သူနေထိုင်ရာ အရပ်မှာ ဆိုရင် သံဃာတွေကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဆွမ်းလောင်းဖို့ ပြင်ဆင် ကြသလို စတုဒိသာ တွေလည်း ကျွေးမွေးဖို့ စီစဉ် နေတဲ့ အပြင် သူ အသက်ရှည် ကျန်းမာစေဖို့ ဆုတောင်းတာတွေ တွေ့ရတဲ့ အတွက် အများကြီး ကျေနပ် အားရမိတယ်လို့ ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။

ပြည်သူ လူထုရဲ့ ဒေါ်စု အပေါ် ထားတဲ့ မေတ္တာနဲ့ အားကိုး အားထားမှုကို ဒါတွေ ကြည့်ပြီး ခန့်မှန်း လို့ ရတဲ့ အတွက် ကြည်နူးမိတယ်လို့ သူက ထပ်လောင်း ပြောပြခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
နေအိမ်အကျယ်ချုပ်ကျခံရစဉ် အုန်းထမင်းစားရင်း မွေးနေ့တွေကို ဖြတ်သန်းခဲ့သူ နေအိမ်အကျယ်ချုပ်ကျခံရစဉ် အုန်းထမင်းစားရင်း မွေးနေ့တွေကို ဖြတ်သန်းခဲ့သူ Reviewed by THITHTOOLWIN on 01:39 Rating: 5
Powered by Blogger.