လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ NRPC နဲ့ မေလ ၇ ရက်နေ့မှာ ကရင်နီလူငယ်တွေ ထပ်ဆွေးနွေးမယ်

မပြီးပြတ်သေးတဲ့ကြေးရုပ် ဖယ်ရှားရေးကိစ္စကို မေလ ၇ရက်နေ့၊ လွိုင်ကော်မှာ ထပ်ဆွေးနွေးကြမယ်
ကယားပြည်နယ်၊ လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ဖယ်ရှားပေးဖို့ ကြိုးပမ်းတဲ့ လူထုနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ အကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့အထိ ပြဿနာတက်ခဲ့ပြီး မပြီးပြတ်သေးတဲ့ကြေးရုပ် ဖယ်ရှားရေးကိစ္စကို မေလ ၇ရက်နေ့၊ လွိုင်ကော်မှာ ထပ်ဆွေးနွေးကြမယ်လို့ ကရင်နီပြည်လူငယ်အင်အားစု ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုသောမတ်စ်က ဘီဘီစီကိုပြောပါတယ်။

အခုဆွေးနွေးပွဲက ကြေးရုပ်ဖယ်ရှားရေး အောင်မြင်အောင်မဆွေးနွေးနိုင်ခဲ့တဲ့ မတ်လ၂၀ရက်ဆွေးနွေးပွဲ အပြီးထပ်မံပြုလုပ်မယ့် ဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ မတ်လ ၂၀ ရက်နေ့ တွေ့ဆုံ ဆွေးနွေးမှု မအောင်မြင်ခဲ့ပေမယ့် ဧပြီလအတွင်းမှာ အပြီးသတ်ဆွေးနွေးမယ်လို့ သဘောတူထားခဲ့တာပါ။ ဒါပေမယ့် အဲဒီ ဆွေးနွေးပွဲကို မလုပ်ဖြစ်ခဲ့လို့ အခု မေလ ၇ ရက်နေ့မှာ ပြန်လည် ပြုလုပ်ကြမှာဖြစ်ပါတယ်။

ကရင်နီပြည်လူငယ်အင်အားစု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC၊ ကယား ပြည်နယ်အစိုးရအပြင် ကယားပြည်နယ်က လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့က ထပ်မံဆွေးနွေးကြမှာဖြစ်ပါတယ်။

ကရင်နီပြည်လူငယ်အင်အားစုကတော့ ကြေးရုပ်ကို ကယားပြည်နယ်အတွင်းအများပြည်သူပိုင် နေရာမှာ ထားရှိထားတာကို လုံးဝပြောင်းရွှေ့ပေးဖို့ဆိုတဲ့ ရပ်တည်ချက်အတိုင်း ဆက်လက်ဆွေးနွေးမယ်လို့ ကိုသော မတ်စ်က ဘီဘီစီကိုပြောပါတယ်။

ဆွေးနွေးမှုနဲ့ အဖြေရှာနေခြင်းဖြစ်တာကြောင့်လည်း အစိုးရဘက်က ပြည်နယ်ပြင်ပကိုရွှေ့ပြောင်းနိုင်ခြင်း မရှိပါက အများနဲ့မသက်ဆိုင်တဲ့နေရာလို၊ နိုင်ငံရေးပါတီရုံးလို၊ အစိုးရအဖွဲ့ရုံးလိုမျိုးစတဲ့နေရာတွေကိုရွှေ့ပြောင်းစေဖို့ ညှိနှိုင်း နိုင်အောင် လမ်းဖွင့်ထားတယ်လို့လည်း သူကဆိုပါတယ်။

အခုဆွေးနွေးပွဲထပ်လုပ်ဖို့ကိုလည်း ပြီးခဲ့တဲ့ဆွေးနွေးပွဲမှာ NRPC ကိုယ်စားလှယ်အနေနဲ့ လာရောက်ဆွေး နွေးတဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧပြီလကုန်မှာ ကရင်နီပြည်လူငယ်အင်အားစုကို ဖုန်းဆက် အကြောင်းကြားလာတာဖြစ်တယ်လို့ သူကပြောပါတယ်။

အဲဒီလိုအကြောင်းကြားတဲ့အချိန် ဧပြီလ ၃၀ရက်နေ့မှာပဲ ပြည်နယ်အစိုးရက ကယားပြည်နယ်အတွင်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပက်သက်တဲ့ကြေးရုပ်၊ ကျောက်ရုပ်၊ ကျောက်တိုင်၊ ဥယျာဉ်ပန်းခြံစတဲ့ အထိမ်းအမှတ် မော်ကွန်း တွေကို သက်ဆိုင်ရာဒေသန္တရအာဏာပိုင်အဖွဲ့တွေက ဥပဒေနဲ့အညီထိန်းသိမ်းစောင့် ရှောက်ဖို့ တာဝန်လွှဲတဲ့ စာကို ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်ရှိုကိုယ်စား ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးညီညီမင်းက လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်တဲ့စာကို ကရင်နီပြည်နယ်လူငယ်အင်အားစုအဖွဲ့ဝင် အချို့ကိုယ်တိုင်တွေ့မြင်ခဲ့ရတယ်လို့ ကိုသောမတ်စ်ကပြောပါတယ်။

အဲဒီထုတ်ပြန်ထားတဲ့ စာအပြင် တွေ့ဆုံပွဲနဲ့ ပက်သက်ပြီး ဘီဘီစီက အစိုးရအဖွဲ့ကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

ဒီကြေးရုပ် ဖွင့်ပွဲ မတိုင်ခင်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့ကြပြီး အစိုးရ လုံခြုံရေး ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေ ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာတွေရှိ
ကယား ပြည်နယ် အတွင်းက အထိမ်းအမှတ် မော်ကွန်းတွေကို ဒေသ အာဏာပိုင် အဖွဲ့က ထိန်းသိမ်း စောင့်ရှောက်ဖို့ ပြည်နယ် အစိုးရ ထုတ်ပြန်ထားတဲ့ စာနဲ့ ပတ်သက်ပြီး လွိုင်ကော်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်စည်သူကို ဘီဘီစီက မေးမြန်းရာမှာတော့ အဲဒီ စာကို ကိုယ်တိုင်မတွေ့ရပေမယ့် အစိုးရအဖွဲ့တံဆိပ်တုံးနဲ့ အတွင်းရေးမှူးလက်မှတ်ကြောင့် စာအစစ်အမှန်အဖြစ် သူအနေနဲ့ယူဆထားတယ်လို့ ပြောပါတယ်။

မလ ၇ ရက်နေ့ ကြေးရုပ်ကိစ္စ ထပ်မံဆွေးနွေးဖို့အကြောင်းကိုတော့ သူ့ကို အကြောင်းကြားထားတာမရှိသေးဘူးလို့ ဒေါက်တာ ခင်စည်သူက ပြောပါတယ်။ ဒါပေမယ့် သူ အနေနဲ့ အရင် တွေ့ဆုံပွဲ တုန်းက အသိသက်သေ အဖြစ် ပါဝင်ခဲ့ပြီး အခု ထပ်တွေ့ဖြစ်ရင်လည်း ပါဝင်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကြေးရုပ်ကို ဖယ်ရှားဖို့နဲ့ ဆက်ထားရှိရေး အငြင်းပွားကာ အပြန်အလှန် ဆန္ဒတွေ ဖော်ထုတ် ကန့်ကွက်နေကြတဲ့ကြားကပဲ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ကြေးရုပ် ဖြစ်မြောက်ရေးကော်မတီ ဆိုတဲ့ အဖွဲ့က လွိုင်ကော်မြို့၊ ကန္တာဟေဝန်ပန်းခြံထဲမှာ စိုက်ထူခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

ဒီကြေးရုပ် ဖွင့်ပွဲ မတိုင်ခင်ကတည်းက ဒေသခံတွေက ကန့်ကွက်ခဲ့ကြပြီး အစိုးရ လုံခြုံရေး ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေ ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာတွေ ရှိသလို ဆန္ဒပြသူ ၅၀ ဝန်းကျင်ကိုလည်း အမှုဖွင့် တရားစွဲဆို တာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ဖက် ညှိနှိုင်း အပြီးမှာ အစိုးရဘက်က တရားစွဲဆိုမှုတွေကိုတော့ ပြန်လည် ရုပ်သိမ်း ပေးခဲ့ကာ အခုလို နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ အကောင်ထည်ဖော် ဆောင်ရွက်ပြီး ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ NRPC နဲ့ မေလ ၇ ရက်နေ့မှာ ကရင်နီလူငယ်တွေ ထပ်ဆွေးနွေးမယ် လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ NRPC နဲ့ မေလ ၇ ရက်နေ့မှာ ကရင်နီလူငယ်တွေ ထပ်ဆွေးနွေးမယ် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.