Julian Assange ကို လန်ဒန်တရားရုံးက ထောင်ဒဏ်ချမှတ်

သံရုံးရှေ့ဆန္ဒပြသူများ

အင်တာနက်မှာ လျို့ဝှက်ချက်တွေကို ဖွင့်ချနေတဲ့ WikiLeaks ၀ဘ်ဆိုဒ်ထူထောင်သူ Julian Assange ကို လွန်ခဲ့တဲ့ ၇ နှစ်က အီကွေဒေါသံရုံးမှာ မခိုလှုံခင်မှာ အာမခံပေးထားတာကို ချိုးဖောက်မှုနဲ့ လန်ဒန်မြို့တော်က တရားရုံးက ထောင်ဒဏ် သီတင်းပတ် ၅၀ ကျခံဖို့ စီရင်ချက် ချလိုက်ပါတယ်။

ဆွီဒင်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်နဲ့ တရားစွဲခံထားရတဲ့အတွက် ဖမ်းဆီးပြီး ပြန်ပို့ခံရမှာကို စိုးရိမ်တာကြောင့် ၂၀၁၂ ခုနှစ်မှာပဲ Assange ဟာ အီကွေဒေါသံရုံးမှာ ခိုလှုံ တိမ်းရှောင်ခဲ့တာပါ။

ဆွီဒင်နိုင်ငံက နောက်ပိုင်းမှာ အမှုကို ရုပ်သိမ်းလိုက်ပေမဲ့ အမေရိကန် အစိုးရရဲ့ လျို့ဝှက်သတင်း အချက်အလက်တွေကို WikiLeaks ၀ဘ်ဆိုဒ်မှာ ဖော်ပြခဲ့မှုအတွက်၊ ဗြိတိသျှ အာဏာပိုင်တွေက ဖမ်းဆီးပြီး အမေရိကန်ကို လွှဲပြောင်းပေးမှာ စိုးရိမ်တာကြောင့် သံရုံးမှာ ဆက်လက် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လထဲမှာတော့ အီကွေဒေါနိုင်ငံက ခိုလှုံခွင့် ပြန်လည် ရုပ်သိမ်းလိုက်ပြီးနောက် ဗြိတိသျှရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးခဲ့တာပါ။

သူ့ကိုလွှဲပြောင်းပေးဖို့ တောင်းခံထားတဲ့ အမေရိကန် ပြည်ထောင်စုကတော့ အမေရိကန်အစိုးရရဲ့ လျို့ဝှက်အချက်အလက် ထောင်နဲ့ချီပြီး ပေါက်ကြားမှုနဲ့ ဆက်နွယ်ပြီး ကွန်ပြူတာ ဖောက်ထွင်းမှုနဲ့လည်း တရားစွဲဆိုထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
Julian Assange ကို လန်ဒန်တရားရုံးက ထောင်ဒဏ်ချမှတ် Julian Assange ကို လန်ဒန်တရားရုံးက ထောင်ဒဏ်ချမှတ် Reviewed by THITHTOOLWIN on 06:01 Rating: 5
Powered by Blogger.