ငါးမျိုးတုံးမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်မှာ ၆၅ ရက်ကြာ ငါးမဖမ်းရအမိန့် ထုတ်ပြန်

စစ်တကောင်းက ဈေးတခုမှာ ငါးသွားရောင်းမယ့် တံငါသည် တဦး
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးကောင်ရေ လျော့နည်းလာနေတာကို ကာကွယ်ဖို့အတွက် ကမ်းရိုးတန်းတလျှောက်မှာ ၆၅ ရက်ကြာ ငါးမဖမ်းဖို့ အစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

ဒီအမိန့်ဟာ ဘယ်လို ငါးဖမ်းလှေ သင်္ဘော မဆို အကြုံးဝင်မှာ ဖြစ်ပြီး ငါးဖမ်းလှေတွေကို တားဆီး အရေးယူဖို့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့တွေကို တနင်္လာနေ့က စလို့ ချထားမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ဘီဘီစီကို ပြောပါတယ်။

တံငါသည် ထောင်ပေါင်းများစွာကတော့ ဒီပိတ်ပင်မိန့်ကြောင့် သူတို့မှာ ဝင်ငွေ မရှိ ဖြစ်ရလိမ့်မယ် ဆိုပြီး ကန့်ကွက် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

ငါးသားပေါက် ရာသီနဲ့ ချိန်ကိုက်ပြီး မေလ ၂၀ ရက်ကနေ ဇူလိုင်လ ၂၃ ရက်နေ့အတွင်း ငါးမဖမ်းကြဖို့ အစိုးရက ပိတ်ပင်တားမြစ်ထားပါတယ်။

" ဒီသဘာဝ အရင်းအမြစ်တွေကို ရေရှည်တည်တံ့အောင် မသုံးတတ်ဘူး ဆိုရင် တချိန်မှာ ပျက်စီး ပျောက်ကွယ်သွားလိမ့်မယ်" လို့ ဘင်္ဂလားဒေ့ရှ် ငါးမွေးမြူရေးနဲ့ ရေလုပ်ငန်း ဝန်ကြီး အက်ရှ်ရက်ဖ် အာလီ ခန်း ခါစရူ က ပြောကြောင်း Dhaka Tribune သတင်းစာမှာ ကိုးကား ဖေါ်ပြထားပါတယ်။ "ငါးတွေကို ပေါက်ဖွားခွင့်၊ ရှင်သန်ကြီးထွားခွင့် အချိန်ပေးသင့်တယ်၊ မဟုတ်ရင် အနာဂါတ်မှာ ဒုက္ခရောက်လိမ့်မယ်" လို့ သူက ပြောပါတယ်။

ဒီအမိန့်အတိုင်း အရေးယူဖို့ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့တွေနဲ့ ရေတပ် တပ်ဖွဲ့တွေကို ဘင်္ဂလားပင်လယ်အော်မှာ ချထားမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ စီးပွားဖြစ် ငါးဖမ်းလုပ်ငန်းတွေအပေါ် ရေတို ပိတ်ပင် တားမြစ်မိန့်တွေ အရင်က ထုတ်ပြန်ခဲ့ဖူး ပေမယ့် အခုလို ဒေသခံ တံငါသည်တွေ အပါအဝင် ငါးဖမ်းလှေတွေ အားလုံးကို ရက်တာရှည် ပိတ်ပင်တာ ဒါပထမဆုံး အကြိမ် ဖြစ်ပါတယ်။

အခုအခါ နှစ်စဉ်နှစ်တိုင်း မေလ ၁၀ ရက်နေ့ကနေ ဇူလိုင်လ ၂၃ ရက်နေ့အထိ ငါးမဖမ်းရ အမိန့် ထုတ်ပြန်မယ်လို့ အစိုးရက ပြောပါတယ်။

ဒီတားမြစ်မိန့်ကို ပြန်စဉ်းစားပေးဖို့ ဘင်္ဂလားဒေ့ရှ် ငါးလုပ်ငန်းအဖွဲ့က ဝန်ကြီးချုပ်ထံ ပန်ကြားထားပါတယ်။ ဒါ့အပြင် လျော်ကြေးပေးဖို့လည်း တောင်းထားပါတယ်။

ဒေသခံတွေရဲ့ နေ့စဉ် အစားအစာတွေမှာ ငါး (ဥပမာ) ငါးသလောက် လို ငါးမျိုးတွေက အရေးပါတဲ့ အပိုင်းကဏ္ဍကနေ ပါဝင်နေပြီး ပြည်ပကိုလည်း တင်ပို့နေတာပါ။

အရင်က ဘင်္ဂလား ပင်လယ်အော် ရေပြင်မှာ ငါးသလောက်တွေ အများအပြား ပေါက်ဖွား ရှင်သန်ခဲ့ပေမယ့် လတ်တလော ဆယ်စုနှစ်တွေအတွင်း တရားလွန် ငါးဖမ်းလာမှုတွေကြောင့် ငါးကောင်ရေတွေ လျော့ကျလာနေပါတယ်။ ကမ္ဘာတဝန်း ဖမ်းဆီးရတဲ့ ငါးသလောက်ကောင်ရေ စုစုပေါင်းရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာ ဖြစ်ပြီး ငါးသလောက် ဈေးကွက်ဟာ ဒေါ်လာ ၂ ဘီလျံကျော်ဘိုးလောက် ရှိပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်း 


BBC Burmese
https://www.bbc.com
ငါးမျိုးတုံးမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်မှာ ၆၅ ရက်ကြာ ငါးမဖမ်းရအမိန့် ထုတ်ပြန် ငါးမျိုးတုံးမသွားစေဖို့ ဘင်္ဂလားဒေ့ရှ်မှာ ၆၅ ရက်ကြာ ငါးမဖမ်းရအမိန့် ထုတ်ပြန် Reviewed by THITHTOOLWIN on 10:00 Rating: 5
Powered by Blogger.