မြန်မာမြေရှားသတ္တုကို တရုတ် အဝင်မခံတော့တာ ဘာ့ကြောင့်လဲ

 မြေရှားအထုတ်ဆုံး နိုင်ငံတွေထဲ တရုတ်က ပထမ၊ မြန်မာက စတုတ္တ
မြေရှားသတ္တု Rare Earth ကို ပမာဏ အများဆုံး ထုတ်ခဲ့တဲ့ နိုင်ငံတွေထဲ မြန်မာဟာ တရုတ်၊ အမေရိကန်နဲ့ ဩစတြေးလျတို့နောက် စတုတ္တမြောက် ရှိနေတယ်လို့ အမေရိကန် အစိုးရရဲ့ ဘူမိလေ့လာရေး အသင်း USGS က ဆိုပါတယ်။

၂ဝ၁၈ ထဲမှာဆိုရင် မြန်မာနိုင်ငံဟာ မြေရှားသတ္တု တန် ငါးထောင် ထုတ်ခဲ့တယ်လို့ USGS ရဲ့ စရင်းယားတွေက ဖော်ပြ နေပါတယ်။

ဒါပေမယ့် မြန်မာဟာ မြေရှားသတ္တု စတုတ္တမြောက် အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးတော့ မရှိပါဘူး။

ဥပမာ ဘရာဇီးနဲ့ အိန္ဒိယလို နိုင်ငံတွေမှာ ဆိုရင် မထုတ်ယူပဲ ထားတဲ့ ပမာဏ မက်ထရစ် တန်ချိန်ပေါင်း သိန်းရာနဲ့ချီ ရှိပေမယ့် တစ်နှစ်မှာ တန်ချိန် တစ်ထောင် ကနေ နှစ်ထောင် ကြားသာ တကယ်တမ်း ထုတ်ယူကြပါတယ်။

မြန်မာပြည် မြေအောက်ထဲ မြေရှားသတ္တု ဘယ်လောက် ပမာဏ ရှိနေနိုင်တယ် ဆိုတာကိုတော့ USGS က တိတိကျကျ မပြောဆို နိုင်ပါဘူး။

မြေရှားသတ္တု ဆိုတာ ဘာလဲ

မြေရှားသတ္တု Rare Earth အဖြစ် သတ်မှတ်ထားတဲ့ ဒြပ်စင် ၁၇ မျိုး အုပ်စု ရှိပါတယ်။ အဲဒီ ဒြပ်စင်တွေဟာ နည်းပညာ အသုံးပြု ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အင်မတန် အသုံးဝင်ပါတယ်။

ပြည့်ဖြိုးမြဲ စွမ်းအင်လို့ ခေါ်ကြတဲ့ ရုပ်ကြွင်းလောင်စာ အပေါ် မမှီခိုတဲ့ စွမ်းအင်မျိုး ထုတ်လုပ်တဲ့ နည်းပညာ (အထူးသဖြင့် လျှပ်စစ်ကား ဘက်ထရီ)မှာ အသုံးချတာကစလို့ ၊ ရေနံချက်တဲ့ လုပ်ငန်းအထိ၊ တခါ လျှပ်စစ်ပစ္စည်း ကိရိယာ အမျိုးမျိုး၊ ဖန်ထည်မှန်ထည် ထုတ်တဲ့ လုပ်ငန်း စတဲ့ ကုန်ထုတ်လုပ်ငန်း အတော်များများမှာ အသုံးပြု နေပါတယ်။

နည်းပညာ အသုံးပြု ကုန်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အင်မတန် အသုံးဝင်
လျှပ်စစ် ပစ္စည်းတွေ အရွယ်အစား ကြီးစရာ မလိုတော့ပဲ စွမ်းဆောင်မှု ပိုမြင့်အောင် လုပ်လာနိုင်တာလည်း မြေရှားသတ္တုကို အသုံးချလို့ ဖြစ်ပါတယ်။ လက်ကိုင်မိုဘိုင်းဖုန်းတွေ၊ တက်ဘ်လက်ပြားတွေရဲ့ အစိတ်အပိုင်း အတော်များများ ထုတ်ရာမှာလည်း မြေရှားသတ္တုတွေ အသုံးပြုထားတာ ဖြစ်ပါတယ်။

နာမည်ထဲ "ရှား" ဆိုတဲ့ စကားလုံး ပါဝင်နေလို့ အင်မတန် ရှားတဲ့ ပစ္စည်းတွေလို့ ယူဆမိတတ်ကြပါတယ်။ တကယ်တော့ ကမ္ဘာ့မြေသားထု အတွင်းပိုင်းမှာ တော်တော်လေး များများစားစား ရှိနေတယ်လို့ USGS က ဆိုပါတယ်။

ဒါပေမယ့် ကမ္ဘာပေါ် မြေရှားသတ္တု ထုတ်ယူတဲ့ နေရာတွေကတော့ တော်တော်လေး နည်းပါးပါတယ်။ အကြောင်းကတော့ တူးရတဲ့ လုပ်ငန်း ခက်ခဲသလို၊ သဘာဝ ဝန်းကျင် ထိခိုက် ပျက်စီးတဲ့ အန္တရာယ်လည်း ရှိပါတယ်။ ဒါ့ကြောင့် အရံပမာဏ တန်ချိန် သိန်းရာချီနေတဲ့ နိုင်ငံတွေဟာ တကယ်တမ်း ထုတ်တော့ တန် တစ်ထောင် ဝန်းကျင်လောက်ပဲ ထုတ်ကြတာ ဖြစ်ပါတယ်။

မြေရှားသတ္တု အစိုင်အခဲ အတုံးတွေကနေ လုပ်ငန်းသုံး အောက်ဆိုဒ် ဒြပ်ပေါင်း အခြေအနေထိ သန့်စင်မှု အလုပ်ခဲ့ဆုံး နိုင်ငံဟာ တရုတ်ဖြစ်ပြီး၊ မနှစ်ကဆိုရင် ၉ဝ % နီးပါး တရုတ်က ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ မြေရှားသတ္တု အောက်ဆိုဒ် ဒြပ်ပေါင်းတွေကိုတော့ မလေးရှားမှာ အခြေချထားတဲ့ ဩစတြေးလျ ကုမ္ပဏီက ပြုလုပ်တာ ဖြစ်ပါတယ်။

ပန်ဝါဒေသက သတ္တုလုပ်ကွက်

တရုတ်ဝယ်လက်နဲ့ မြန်မာမြေရှားသတ္တု

မြန်မာပြည်ဟာ မြေရှားသတ္တုထုတ်တဲ့ နိုင်ငံတွေထဲ ထိပ်ဆုံး ၄ နိုင်ငံထဲ ပါအောင်ကို ထုတ်လုပ်တဲ့ အကြောင်းကတော့ ထုတ်သမျှကို တရုတ်က ဝယ်တဲ့ အတွက် ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုနှစ် ၂ဝ၁၉ မေလလယ်မှာ တရုတ်က မူဝါဒပြောင်းပြီး သူတို့ နိုင်ငံထဲ မြန်မာဘက်က မြေရှားသတ္တု သွင်းတာကို ပိတ်ပင်လိုက်တဲ့ အခါ မြန်မာပြည်ထဲ က ထုတ်လုပ်သူတွေ အနေနဲ့ ဝယ်လက်သစ် ရှာရတော့မယ်လို့ USGS က ပြောပါတယ်။

တရုတ်နိုင်ငံဟာ မြေရှားသတ္တု အရံပမာဏ အများဆုံး ရှိတဲ့ နိုင်ငံ၊ ထုတ်လုပ်မှု ပမာဏ အများဆုံး နိုင်ငံ ဖြစ်သလို ပြည်ပကို အတင်ပို့ဆုံး နိုင်ငံလည်း ဖြစ်ပါတယ်။ ဥပမာ- အမေရိကန်ထဲ ဝင်လာသမျှ မြေရှားသတ္တု အားလုံးရဲ့ ၈ဝ% ဟာ တရုတ်က ဖြစ်တယ်ဆိုတာ အမေရိက အစိုးရရဲ့ တရားဝင် ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

ဒါပေမယ့်လည်း၊ သူတို့ ပြည်တွင်း ကုန်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများမှာ သုံးဖို့ အိမ်နီးချင်း မြန်မာဆီကနေ မြေရှားသတ္တုတွေ ပြန်သွင်းတာ ဖြစ်ပါတယ်။ တရုတ်ပြည် ဈေးကွက် စစ်တမ်းတွေအရ ၂ဝ၁၇ က စပြီး မြန်မာမြေရှားသတ္တုကို အတော်လေး အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။

မြန်မာပြည် ဘယ်နေရာတွေမှာ မြေရှားထုတ်နေလဲ

ကုန်ထုတ်လုပ်ငန်း မဖွံ့ဖြိုးတဲ့ မြန်မာပြည်ထဲမှာတော့ မြေရှားသတ္တုနဲ့ အကြောင်း အပြောနည်းပြီး ဘယ်နေရာတွေမှာ ထွက်တယ်၊ ဘယ်သူတွေက ထုတ်လုပ်တယ် စတဲ့ အသေးစိတ် အချက်အလက်တွေလည်း တိတိကျကျ သိရတာ နည်းပါတယ်။

အခု မေလလယ်တုန်းကတော့ ကချင်ပြည်နယ် ချီဖွေ မြို့နယ် ၊ ပန်ဝါ ဒေသထဲမှာ ရှိတဲ့ မြန်မာ မျိုးကိုကို ကုမ္ပဏီရဲ့ ခွင့်ပြုမိန့်ရ မြေရှားသတ္တု လုပ်ကွက်တွေ၊ ဆန်းလင်း ကုမ္ပဏီရဲ့ သံသတ္တု သန့်စင်စက်တွေကို ဒေသန္တရာ အာဏာပိုင်တွေ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်ခဲ့တယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်ကို တွေ့ရပါတယ်။

ပန်ဝါမှာ မြေရှားသတ္တု လုပ်ကွက်တွေရှိ

သွားရောက် စစ်ဆေးရတဲ့ အကြောင်းကတော့ သတ္တုလုပ်ကွက်တွေက စွန့်တဲ့ ရေဆိုးတွေကြောင့် အိမ်မွေး တိရိစ္ဆာန်တွေ အဆိပ်သင့်နေတယ် ဆိုပြီး ဒေသခံတွေက တိုင်တဲ့ အတွက် ဖြစ်ပါတယ်။ သူတို့ စစ်ဆေးတဲ့ လုပ်ကွက်တွေဟာ အစိုးရထံမှာ တရားဝင် မှတ်ပုံတင် ခွင့်ပြုချက်တောင်းပြီး လုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေ အဖြစ် နားလည်ရပါတယ်။ အဲဒီ ဒေသမှာ မြေရှားသတ္တု ၊ ခဲမဖြူနဲ့ သံ တွေ ထွက်ပြီး တူးဖော်ရေးလုပ်တဲ့ ကုမ္ပဏီ အနည်းဆုံး ခြောက်ခု ရှိပါတယ်။

အဲဒီ ပန်ဝါဒေသဟာ ကချင် အထူး ဒေသ ၁ ဆိုပြီး သတ်မှတ်ထားတဲ့ နေရာ ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ် အဖြစ် ပြောင်းထားတဲ့ ဇခုံတိန့်ယန်း ဦးဆောင်တဲ့ ကချင် ဒီမိုကရေစီ တပ်မတော် NDA-K အခြေစိုက်ရာ ဖြစ်ပါတယ်။ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ပန်ဝါနဲ့ ချီဖွေကြား ဒေသမှာ မြေရှားသတ္တုလုပ်ကွက်တွေ ရှိပြီး တရုတ်ဘက်ကသူတွေ ဦးဆောင်လုပ်နေကြတာ ဖြစ်တယ်လို့ ဒေသခံ သတင်းတွေက ဖော်ပြကြပါတယ်။

တရုတ်နဲ့ နယ်စပ် ကချင်ဒေသတွေ ဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ ၊ ကန်ပိုင်တီလို နေရာတွေမှာ သတ္တုတွင်း လုပ်ငန်းတွေ ရှိလာတာ ၁၉၉ဝ ပြည့်ကျော် နှစ်တွေ ကတည်းက ဖြစ်တယ်လို့ ဆိုပေမယ့် အဲဒီ အချိန်ကတည်းက မြေရှားသတ္တုလုပ်ကွက်တွေ ရှိလာပြီလား ဆိုတာတော့ မသေချာပါဘူး။

တခါ၊ ဝဒေသထဲ ရောက်ဖူးတဲ့ သတင်းရင်းမြစ်တွေ အရလည်း အဲဒီ ဒေသမှာ မြေရှားသတ္တု ထုတ်တဲ့ လုပ်ကွက်တွေ ရှိတယ်လို့ ပြောပေမယ့် ဘီဘီစီ အနေနဲ့တော့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။ တရုတ်နိုင်ငံထဲ ဖုန်းတွေ လုပ်တဲ့နေရာမှာ သုံးဖို့ ပို့ရတယ် ဆိုပြီး တူးထားတဲ့ မြေကြီးခဲတွေကို တချို့က ပြသတယ်လို့ ကြုံဖူးသူတချို့က ဆိုပါတယ်။

 ဩစတြေးလျက မြေရှားတွေကို မလေးရှားမှာ သန့်စင်ဖို့ ပို့ပါတယ်။
တရုတ်က မြန်မာမြေရှားသတ္တုကို ဘာလို့ အသွင်းမခံတော့တာလဲ

မြေရှားသတ္တု တူးဖော်တဲ့ လုပ်ငန်း မြန်မာပြည်ထဲ တွင်ကျယ်လာတဲ့ ၂ နှစ် ကျော်ကျော် ဝန်းကျင်ပဲ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်မျိုး ရှိပါတယ်။ ၂ဝ၁၆ မှာ မြန်မာနဲ့ ကပ်ရက် ယူနန် အပါအဝင် တရုတ်ပြည်တောင်ပိုင်းမှာ သဘာဝဝန်းကျင် ကာကွယ်ရေးမူတွေ တင်းကျပ် လာပါတယ်။

ဒီအခါ မြေရှားသတ္တု တူးတဲ့ တရုတ်လုပ်ငန်းတွေ မြန်မာထဲ ဝင်လာပါတယ်။ ကွမ်ကျိုးနဲ့ ကျန်းရှီးနယ်ထဲက လူ တစ်သောင်းခွဲလောက် မြန်မာဘက် ရောက်လာ ခဲ့ကြတယ်လို့ တရုတ်ပြည်ကလာတဲ့ သတင်းတွေက ဆိုပါတယ်။ မြန်မာပြည်ထဲကနေ သူတို့ တူးရတဲ့ မြေရှားသတ္တုတွေဟာ တရုတ်ပြည်ထဲ ပုံမှန်လမ်းကြောင်းကနေ မဝင်ပဲ မှောင်ခို ဈေးကွက်ထဲပဲ အဓိက ဝင်တယ်လို့ ဆိုပါတယ်။

ပြည်တွင်း ထုတ်လုပ်သူတွေဘက်က ဝေဖန်သံတွေ ကျယ်လောင်လာတဲ့ အတွက် ဒီလို မှောင်ခိုဈေးကွက်ထဲ ရောက်လာတဲ့ မြေရှားသတ္တုတွေကို ထိန်းချုပ်ဖို့ လိုတယ်ဆိုပြီး ၂ဝ၁၈ နှစ်လယ်ပိုင်းလောက်ကတည်းက ဘေဂျင်းမှာ ရှိတဲ့ တရုတ် ဗဟိုအစိုးရက စဉ်းစား ခဲ့ကြပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ၂ဝ၁၉ မေလထဲမှာတော့ မြန်မာဘက်ကနေ မြေရှားသတ္တုတွေ အဝင် မခံတော့ပဲ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

 မြန်မာမြေရှားတွေ အဝင်မခံတော့တဲ့ ထိန်ချုံး
ဒါ့အပြင် ထိန်ချုံးမှာ ရှိတဲ့ ယူနန် မြန်မာ ဝင်ပေါက် ထွက်ပေါက် ဆိပ်ကမ်းကိုပါ ပိတ်ထားပါတယ်။ အဲဒီကနေ မြန်မာဘက်က မြေရှားသတ္တုတွေ အဓိက ဝင်တာလို့ တရုတ်အာဏာပိုင်တွေ ယူဆလို့ ဖြစ်ပါတယ်။ ဒီလိုပိတ်ပင်ပြီး ရက်ပိုင်းမှာပဲ တရုတ်ပြည်တွင်း ဈေးကွက်မှာ မြေရှားသတ္တုဝင် ဒိုင်ပရိုဆီယမ် အောက်ဆိုဒ်၊ တာဘီယမ် အောက်ဆိုဒ် ဈေးတွေ မြင့်တက်ခဲ့တာ တွေ့ရပါတယ်။

လက်ရှိ ကမ္ဘာ့ ကုန်သွယ်ရေး အခြေအနေကို ကြည့်ရင် အမေရိကန်နဲ့ ကုန်သွယ်ရေးစစ် ဖြစ်နေတဲ့ တရုတ်ဟာ အမေရိကန် ကုန်ထုတ်လုပ်ငန်းတွေ ထိခိုက်သွားနိုင်တဲ့ ခြေလှမ်းမျိုး အဖြစ် မြေရှားသတ္တုတွေ အမေရိကန်ကို တင်ပို့မှု ထိန်းချုပ်ကောင်း ထိန်းချုပ်မယ် ဆိုပြီး လေသံပစ်နေပါတယ်။ အထက်မှာ ပြောခဲ့သလို အမေရိကန်ထဲ ဝင်သမျှ မြေရှားသတ္တု ပမာဏ ၅ ပုံ ၄ပုံဟာ တရုတ်ကနေ လာတာ ဖြစ်ပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေး စစ်မှာ အခုလို မြေရှားသတ္တုကို နိုင်ဖဲသဖွယ် တရုတ်က သုံးလာနိုင်တယ်ဆိုတဲ့ အချက်နဲ့ မြန်မာရဲ့ မြေရှားသတ္တုတွေကို တရုတ်ထဲ အဝင်မခံတော့တဲ့ လုပ်ရပ်ဟာ ဆက်စပ်မှု ရှိ မရှိ အသေအချာ မပြောနိုင်သေးပါဘူး။ အမေရိကန်ကို တကယ်ပဲ မြေရှားသတ္တုတွေ မသွင်းတော့ဘူးဆိုရင် တရုတ် ပြည်တွင်း စုပုံနေမှာကို ကြိုတင်ဟန့်တားတဲ့ အနေနဲ့ မြန်မာ မြေရှားသတ္တုတွေကို ပိတ်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက်မျိုးတော့ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
မြန်မာမြေရှားသတ္တုကို တရုတ် အဝင်မခံတော့တာ ဘာ့ကြောင့်လဲ မြန်မာမြေရှားသတ္တုကို တရုတ် အဝင်မခံတော့တာ ဘာ့ကြောင့်လဲ Reviewed by THITHTOOLWIN on 02:14 Rating: 5
Powered by Blogger.