အငြိမ်းစားဝန်ထမ်းနေအိမ် ၉၆ လုံး ကျူးကျော်လို့ သတ်မှတ်ခံရ

ဝန်ထမ်းဟောင်းမိသားစုတွေက အခက်အခဲတွေ ဖြေရှင်းပေးဖို့ နမ္မတူ မြို့ဦးကျောင်းမှာ ၂၀၁၉၊ မေ ၁၃ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေကို တင်ပြတောင်းဆိုကြစဉ် / Photo: Kan Thar/ RFA
ရှမ်းပြည်နယ် နမ္မတူမြို့နယ်က သတ္တုတွင်းဧရိယာမှာ နေထိုင်နေတဲ့ အမှတ်(၁) သတ္တုတွင်းလုပ်ငန်းက အငြိမ်းစားဝန်ထမ်းတွေရဲ့ နေအိမ် ၉၆ လုံးကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားသွားမှာ ဖြစ်ကြောင်း အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

အငြိမ်းစားယူခဲ့တဲ့ ၀န်ထမ်းဟောင်းတွေဟာ ခေတ်အဆက်ဆက် ဒီမိုင်းတွင်းကြီးမှာပဲ လုပ်ကိုင်ခဲ့ကြတာဖြစ်လို့  တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်ဖို့ အခက်အခဲရှိနေတာကြောင့် အစိုးရအပါအ၀င် သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဝန်ထမ်းဟောင်းတွေ နေရာထိုင်ခင်းရရှိရေး ကူညီဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး တောင်းဆိုခဲ့ကြပါတယ်။

နမ္မတူမြို့နယ်က သတလရပ်ကွက်အတွင်းမှာ ၂၀၁၀ ခုနှစ် မတိုင်ခင်ကတည်းက နေထိုင်ခဲ့တဲ့ သတ္တုတွင်းလုပ်ငန်းက အငြိမ်းစားဝန်ထမ်းတွေရဲ့ နေအိမ် ၉၆ လုံးကို ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဥပဒေအရ ရှင်းလင်းဖယ်ရှားမှာဖြစ်ကြောင်း၊ ကနဦးအနေနဲ့ အဲဒီနေအိမ်တွေမှာ တပ်ဆင်ထားတဲ့ လျှပ်စစ်မီးတာပုံးတွေကို ဖြုတ်သိမ်းမှာဖြစ်ကြောင်း ဧပြီလကတည်းက အမှတ် ၁ သတ္တုတွင်းလုပ်ငန်းက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။

မေ ၈ ရက်နေ့နောက်ပိုင်းမှာ ကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ နေအိမ်တွေကို လျှပ်စစ်မီးတွေ ဖြတ်တောက်ခဲ့ပြီး ၀န်ထမ်းဟောင်းတွေကတော့ မီးဖြတ်တောက်မယ့်ကိစ္စအတွက် သတ္တုတွင်းဘက်က ကြိုတင်အကြောင်းကြားပြောဆိုခဲ့တာ မရှိဘူးလို့ ပြောပါတယ်။

အမှတ် ၁ သတ္တုတွင်းလုပ်ငန်းဟာ ၀င်းမြင့်မိုရ် စက်မှုလုပ်ငန်းကုမ္ပဏီကို ၂၀၁၀ ခုနစ်မှာ လုပ်ပိုင်ခွင့်လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဝန်ထမ်းဟောင်းတွေဟာ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း လက်ထက်ကတည်းက နေထိုင်ခဲ့ကြတာဖြစ်ပြီး အခုချိန်မှာ နေစရာအခက်အခဲ ရှိနေတယ်လို့ ပြောကြပါတယ်။

လက်ရှိမှာ မီးဖြတ်ခံထားရပြီး ကျူးကျော်လို့ သတ်မှတ်ခံထားရတဲ့ မိသားစုတွေဟာ ခေတ်အဆက်ဆက် သတ္တုတွင်းလုပ်ငန်းမှာ လုပ်ကိုင်ခဲ့ကြသူတွေဖြစ်လို့ အဆင်ပြေအောင်ညှိနှိုင်း ပေးသွားမယ်လို့  နမ္မတူမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်မြေ က လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှ်ိုင်က ပြောပါတယ်။

အမှတ် ၁ သတ္တုတွင်းလုပ်ငန်းကနေ လုပ်ငန်းလုပ်ပိုင်ခွင့် လွှဲပြောင်းရရှိထားတဲ့ ၀င်းမြင့်မိုရ် ကုမ္ပဏီ စီမံကိန်းညွှန်ကြားရေးမှူးကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာတော့ သတ္တုတွင်း လုပ်ငန်းတာဝန်ရှိသူကိုသာ မေးဖို့ ဖြေကြားပါတယ်။

နမ္မတူမြို့က သတ္တုတွင်းလုပ်ငန်း တာဝန်ခံကို သွားရောက်မေးမြန်းရာမှာတော့ နေပြည်တော် ညွှန်ကြားချက်အရ လုပ်ဆောင်ရတာလို့သာ ဖြေကြားပါတယ်။

၁၉၇၆ ခုနစ် ဧပြီ ၁ရက်နေ့မှာ မြန်မာ့ဘော်တွင်းကော်ပိုရေးရှင်းကနေ အမှတ် (၁)သတ္တုတူးဖော်ရေး ကော်ပိုရေးရှင်း အဖြစ် အမည်ပြောင်းခဲ့တဲ့ နမ္မတူဘော်တွင်းသတ္တုလုပ်ငန်းဟာ ၁၉၈၉ ခုနစ်မှာတော့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်း အဖြစ် ၂၀၀၉ ခုနှစ် အထိ လုပ်ကိုင်ခဲ့တာပါ။

ခေတ်အဆက်ဆက် ၀န်ထမ်းပေါင်း သုံးထောင်ကနေ ငါးထောင်ကြား အသုံးပြုပြီး လုပ်ကိုင်ခဲ့တဲ့ သမိုင်းဝင် မိုင်းလုပ်ငန်းကြီးဟာ ၂၀၁၀ ပြည့်နှစ်မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်တဲ့ လက်ရှိ လုပ်ကိုင်နေတဲ့ ၀င်းမြင့်မိုရ်ကုမ္ပဏီကို လွှဲပြောင်းပေးချိန်မှာ ၀န်ထမ်း နှစ်ထောင်ကျော်ရှိတာကနေ လက်ရှိမှာ နမ္မတူဘော်တွင်း လုပ်ငန်းအတွက် လိုအပ်တဲ့ လျှပ်စစ်ဓါတ်အားကိုထုတ်ယူတဲ့ မန်ဆန် ရေတံခွန်ရေအားလျှပ်စစ်စက်ရုံကနေ နမ္မတူ စက်ရုံဘော်တွင်းစက်ရုံအထိ အလုပ်သမားစုစုပေါင်း တစ်ထောင် ၀န်းကျင်သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကံသာ ပေးပို့တာပါ။

RFA Burmese
https://www.rfa.org/burmese
အငြိမ်းစားဝန်ထမ်းနေအိမ် ၉၆ လုံး ကျူးကျော်လို့ သတ်မှတ်ခံရ အငြိမ်းစားဝန်ထမ်းနေအိမ် ၉၆ လုံး ကျူးကျော်လို့ သတ်မှတ်ခံရ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.