အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ အိန္ဒိယ ဆရာဝန်မလေး

 ပါယယ် တက်ဗီ ကို အနိုင်ကျင့် အနှောင့်အယှက်ပေးတာတွေ ရှိခဲ့တယ်လို့ သူ့မိခင်ကပြော
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ဆရာဝန် အမျိုးသမီးငယ် တစ်ဦး နှောင့်ယှက် အနိုင်ကျင့်ခံခဲ့ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်နေချိန်မှာ လုပ်ဖော်ကိုင်ဖက် ဆရာဝန် ၃ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဒီအကြောင်း ဘီဘီစီ မရာသီဌာနက သတင်းထောက် ဂျန်ဟာဗီး မူလီနဲ့ ပရာဗင် တက်ကရီ တို့က အခုလို သတင်းပေးပို့ထားပါတယ်။

"ဒေါက်တာ ပါယယ် ရဲ့ မိခင်ပါလို့ ကျွန်မကိုယ်ကျွန်မ ညွှန်းလေ့ ရှိတယ်။ အခု ဘယ်လို ပြောရတော့မလဲ" လို့ ပါယယ် တက်ဗီရဲ့ မိခင် အဘီဒါ က မျက်ရည်လည်ရွဲနဲ့ ပြောပြပါတယ်။

သူ့ရဲ့ အသက် ၂၆ နှစ်အရွယ် သမီးဖြစ်သူ ပါယယ် ဟာ ဇာတ်နိမ့် အနွယ်ဝင် ဖြစ်နေလို့ လနဲ့ချီ နှောင့်ယှက် အနိုင်ကျင့်ခံခဲ့ရအပြီး မေလ ၂၂ ရက်နေ့မှာ သူ့ကိုယ်သူ သတ်သေသွားခဲ့ပါတယ်။

ပါယယ် သူ့ကိုယ်သူ သတ်မသေခင် လပိုင်းတွေမှာ ဆေးကောလိပ်က သူ့အထက် ဆရာဝန် ၃ ဦးက သူ့ကို အနိုင်ကျင့်ခဲ့ကြတယ်လို့ ပါယယ်ရဲ့ မိသားစုက စွပ်စွဲထားပါတယ်။ အဲဒီ ဆရာဝန် ၃ ဦးစလုံးဟာ အမျိုးသမီး ဆရာဝန်တွေ ဖြစ်ပါတယ်။

စွပ်စွဲခံထားရတဲ့ ဆရာဝန်မ ၃ ဦးစလုံးကို မေလ ၂၈ ရက် အင်္ဂါနေ့မှာ ရဲက ဖမ်းဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ရဲ ဒုတိယ ကော်မရှင်နာမင်းကြီး အဘင်နက်ရှ် ကူးမား က ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ ANI သတင်းဌာနပါ စွပ်စွဲ ဖော်ပြချက်တွေဟာ မတရား စွပ်စွဲချက်တွေ ဖြစ်တယ်လို့ အဲဒီ ဆရာဝန်မတွေက ငြင်းဆိုလိုက်ပြီး သူတို့ကို မျှမျှတတ တရားစီရင်ပေးဖို့ တောင်းဆိုထားပါတယ်။

အဲဒီ ဆရာဝန်မတွေ အဖမ်းမခံရခင်လေးမှာ သူတို့ အလုပ်လုပ်နေတဲ့ နိုင်ယာ ဆေးရုံက သူတို့ကို အလုပ်ကနေ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။ ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဆေးကောလိပ်ကလည်း စုံစမ်းစစ်ဆေးမှု တစ်ခု စလုပ်နေပြီ ဖြစ်ပါတယ်။

ပါယယ် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့တာအပေါ် သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေက အကြီးအကျယ် တုန်လှုပ်သွားခဲ့ကြပြီး တရားဥပဒေအတိုင်း အရေးယူပေးဖို့ ဆေးရုံရှေ့မှာ တောင်းဆို ဆန္ဒပြနေကြပါတယ်။

ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားတာမျိုးဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး အချက်အချာနဲ့ မြို့ပြ အဆန်ဆုံး မြို့လို့ ဆိုရမဲ့ မွန်ဘိုင်းလို မြို့ကြီးက ကောလိပ်ကျောင်း တစ်ခုမှာတောင် ဆက်ရှိနေတယ် ဆိုတာ ဒီဖြစ်ရပ်က ဖော်ပြနေပါတယ်။

ပါယယ်ဟာ မွန်ဘိုင်းမြို့ တည်ရှိရာ မဟာရက်ရှ်ထရာ ပြည်နယ်ရဲ့ မြောက်ပိုင်းက ဂျာဂေါင်းမြို့က ဖြစ်ပါတယ်။ သူ့လိုပဲ ဆရာဝန်တစ်ဦး ဖြစ်တဲ့ ဆာလ်မန် တက်ဗီ နဲ့ လက်ထပ်ပြီး ဘွဲ့လွန် ဆေးပညာ ဒီဂရီတစ်ခုအတွက် မွန်ဘိုင်းမြို့ကို ပြောင်းရွှေ့လာခဲ့တာပါ။

သားဖွားမီးယပ် အထူးကု တစ်ဦး ဖြစ်ဖို့ တိုပီဝါလာ ဆေးကောလိပ်မှာ ပညာသင်ကြားနေစဉ် ပါယယ် အခုလို သေဆုံးခဲ့တာပါ။ ပါယယ်ဟာ ငယ်ငယ်လေးကတည်းက ဆရာဝန် ဖြစ်ချင်ခဲ့တာလို့ သူ့မိခင် အဘီဒါ က ပြောပါတယ်။ သူ့အိပ်မက်က ဆင်းရဲတဲ့ မျိုးနွယ်ကလူတွေ အတွက် ကျန်းမာရေး ဝန်ဆောင်မှု ပိုပေးနိုင်ဖို့ လို့ ဆိုပါတယ်။

ပါယယ် ဟာ အိန္ဒိယ နိုင်ငံမှာ ခွဲခြား ဆက်ဆံခံထားရတဲ့ မျိုးနွယ် ၇၀၀ ကျော်ထဲက တစ်ခု ဖြစ်တဲ့ တက်ဗီ ဘေလ် မျိုးနွယ်စုဝင် တဦး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က နောက်ဆုံး ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ တက်ဗီ ဘေလ် လူမျိုးစုဝင် ဦးရေ ၈ သန်းလောက် ရှိတယ်လို့ သိရပြီး အရင်က ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားဆက်ဆံတာမျိုးကို ပြင်ဆင်ပြောင်းလဲတဲ့အနေနဲ့ တက်ဗီ ဘေလ် လူမျိုးစုဝင်တွေကို အစိုးရက နိုင်ငံရဲ့ အခန်းကဏ္ဍအသီးသီးမှာ အချိုးအစားနဲ့ ပါဝင်ခွင့် ပြုထားပါတယ်။

ပါယယ်ဟာ အဲဒီလို ခွဲခြား ဆက်ဆံခံရတဲ့ လူမျိုးစုတွေအတွက် ချမှတ်ထားတဲ့ အချိုးအစားအရ ဆေးကောလိပ် ဝင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ ဆင်းရဲ နွမ်းပါးတဲ့ ဇာတ်နိမ့်အနွယ်ဝင် ဖြစ်ပေမဲ့ အောင်မြင်မှု ဆွတ်ခူးနိုင်တဲ့ သမီး ဖြစ်သူအတွက် အရမ်း ဂုဏ်ယူခဲ့ရတယ်လို့ မိခင်ဖြစ်သူ အဘီဒါ က ပြောပါတယ်။

"ဘယ်လို အသေးအဖွဲ ကိစ္စမျိုးပဲဖြစ်ဖြစ် သူ့ကို ကဲ့ရဲ့ခဲ့ကြတယ်"

အထက်လူကြီး ဆရာဝန်မ ၃ ဦးရဲ့ နှောင့်ယှက်မှုတွေအကြောင်း သူ့ကို ပြန်ပြောပြခဲ့တယ်လို့ ပါယယ်ရဲ့ မိခင်က ပြောပါတယ်။

"လူနာတွေရှေ့မှာ အသေးအဖွဲ ကိစ္စတိုင်းအတွက် သူ့ကို ကဲ့ရဲ့ ပြောဆိုတာ၊ ရင့်ရင့်သီးသီး စကားလုံးတွေနဲ့ စော်ကားပြောတာ၊ သူ့မျက်နှာကို ဖိုင်တွဲနဲ့ ပေါက်တာတွေ ခံခဲ့ရတယ်၊ ထမင်းတောင် ကောင်းကောင်း စားခွင့် မပေးခဲ့ဘူး ဆိုပြီး ပါယယ်က ပြန်ပြောပြခဲ့တယ်" လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ဒါ့အပြင် ဆေးကုခွင့် အပိတ်ခံရအောင် သူ့ကို လုပ်ပစ်မယ်လို့ အဲဒီဆရာဝန်မတွေက ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ပါယယ်နဲ့ မိခင် အဘီဒါ
ကင်ဆာ ရောဂါအတွက် ဆေးကုသ ခံနေတဲ့ အဘီဒါဟာ ပါယယ် ကျောင်းတက် အလုပ်လုပ်ခဲ့တဲ့ နိုင်ယာ ဆေးရုံကို မကြာခဏ သွားရောက် လည်ပတ်လေ့ ရှိပါတယ်။

အဲဒီလို သွားတိုင်း သူ့သမီးက အမြဲ အလုပ်များနေတာမို့ အဝေးကနေပဲ လှမ်းကြည့်နေခဲ့ရတယ်လို့ အဘီဒါ က ပြန်ပြောပြပါတယ်။

"သူ့သမီးအပေါ် ဆက်ဆံပုံကို တွေ့ရတော့ အထက်ကို တိုင်မယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ သမီးက တားခဲ့တယ်" လို့ အဘီဒါ ကပြောပါတယ်။

ဒီလို တိုင်လိုက်ရင် အဲဒီ ဆရာဝန်မ ၃ ဦးရဲ့ အလုပ်ကို ထိခိုက်မှာ၊ နောက်ထပ် သူ့ကို ပို နှောင့်ယှက် အနိုင်ကျင့်လာမှာကို ပါယယ် က စိုးရိမ်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာတော့ မိခင် အဘီဒါနဲ့ ခင်ပွန်းသည် ဆယ်လ်မန် တို့က ပါယယ် ကြုံတွေ့နေရတဲ့ နှောင့်ယှက် အနိုင်ကျင့်မှုတွေအကြောင်း တခြား အထက်လူကြီးတွေနဲ့ ပါမောက္ခတွေကို ပြောပြလိုက်ကြပါတယ်။

ပါယယ်ကို တခြားအုပ်စုနဲ့ ပြောင်းပြီး အတူအလုပ်လုပ်ခွင့် ပေးဖို့ကို တောင်းဆိုခဲ့ကြပါတယ်။ အဲဒီအခါ ပါယယ်ကို ဂျူတီပြောင်းချပေးခဲ့တဲ့အခါ စိတ်သက်သာရာ ရသွားပုံ တွေ့ရတယ်လို့ အဘီဒါ က ပြန်ပြောပြပါတယ်။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အနှောင့်အယှက်ပေးမှုတွေ ပြန်ဖြစ်လာတဲ့အတွက် မေလ ၁၀ ရက်၊ ၁၂ ရက် လောက်မှာ အဘီဒါကိုယ်တိုင် ဒီအကြောင်း စာရေးတိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတခါမှာတော့ သိပ်အလေးထား အရေးယူတာမျိုး မရှိတော့ဘူးလို့ ဆိုပါတယ်။

၁ဝ ရက်အကြာမှာတော့ ပါယယ် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။

"ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့ ဖြစ်ရပ်ပါ"

ပါယယ် သေဆုံးသွားခဲ့မှုဟာ အိန္ဒိယနိုင်ငံတဝန်းက စာသင်ကျောင်းတွေနဲ့ ကောလိပ်တွေမှာ အနိုင်ကျင့်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတာကို သတိပေးလိုက်သလို ဖြစ်သွားခဲ့ပါတယ်။ ကျောင်းတွေမှာ ဒီလို အနိုင်ကျင့်တာတွေကို တားမြစ်ထားပေမဲ့ ခုချိန်ထိ ရှိနေဆဲ ဖြစ်ပြီး ဇာတ်နိမ့်နွယ်ဝင် ကျောင်းသားတွေအနေနဲ့ ဒီဒဏ်ကို မကြာခဏ ဆိုသလို ရင်ဆိုင်နေရပါတယ်။

ပါယယ် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ နိုင်ယာ ဆေးရုံက ကော်မတီတရပ် ဖွဲ့စည်းခဲ့ပြီး မကြာခင် အစီရင်ခံစာတခု ထုတ်ပြန်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ တိုပီဝါလား ဆေးကောလိပ်ကျောင်းအုပ် ဒေါက်တာ ရာမက်ရှ် ဘာမားလ် က ဘီဘီစီကို ပြောပါတယ်။

"သိပ်ကို ဝမ်းနည်း ကြေကွဲစရာ ကောင်းတဲ့ ဖြစ်ရပ်ပါ၊ ကျွန်တော်တို့ အတော်လေး တုန်လှုပ်သွားခဲ့ပါတယ်၊ ဒီဖြစ်ရပ်က ဘယ်လိုကနေ ဖြစ်ခဲ့တာလဲ၊ ဘယ်လို တားဆီးခဲ့သင့်သလဲ၊ အခု ဘာလုပ်သင့်သလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။တကယ်တော့ ဒီဖြစ်ရပ်မျိုးကို မဖြစ်ခင် ကြိုတင် တားဆီးနိုင်ကောင်းပါတယ်" လို့ သူက ပြောပါတယ်။

ပါယယ်ရဲ့ ခင်ပွန်းသည် ဆာလ်မန်က ဒေါက်တာ ဘာမားလ်နဲ့ သူတွေ့ဆုံ စကားပြောခဲ့ကြောင်းနဲ့ ကောလိပ် ကျောင်းအုပ်ကြီး ရုံးခန်းကို ဘယ်သူမှ မဆက်သွယ် မတိုင်တန်းခဲ့တာ ဘာ့ကြောင့်လဲဆိုတာ မေးခဲ့ကြောင်း ပြောပါတယ်။ ပါယယ်ရဲ့ ဌာနက ဝန်ထမ်းတွေကို သူစကားပြောခဲ့တယ်၊ လုပ်ထုံးလုပ်နည်းအတိုင်း သူတို့ လုပ်ခဲ့တယ်လို့ ဆာလ်မန်က ဒေါက်တာ ဘာမားလ်ကို ပြောပြခဲ့ပါတယ်။

"အဲဒီဝန်ထမ်းတွေက ဘာ့ကြောင့် ဘာမှမလုပ်ခဲ့တာလဲ" လို့ ဒေါက်တာ ဘာမားလ်က မေးခွန်းထုတ်ခဲ့ပါတယ်။

 ဒေါက်တာ ပါယယ် သေဆုံးခဲ့မှုအတွက် ဆေးရုံအရှေ့မှာ ကန့်ကွက် ဆန္ဒပြနေကြစဉ်
ပါယယ်ရဲ့ မိခင် အဘီဒါ ကလည်း "ကျွန်မတို့ဘက်က ဘာလုပ်ပေးရမှာလဲ၊ သူတို့ကောလိပ်မှာ ဖြစ်ပျက်နေတာကို သူတို့ မသိကြဘူးလား၊ သူတို့ မျက်စိရှေ့မှာ ဖြစ်နေတာပဲလေ၊ သူတို့ စုံစမ်းသင့်တာပေါ့"လို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဒေါက်တာ ဘာမားလ်က နှောင့်ယှက် အနိုင်ကျင့်မှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားလာမှုတွေကို အရေးယူ ဖြေရှင်းပေးဖို့ စနစ်တစ်ခုကို သူ့ရဲ့ ဆေးကောလိပ်နဲ့ ဆေးရုံမှာ ချမှတ်ထားတယ်လို့ ပြောပါတယ်။ အဲဒီ စနစ်မှာ ကျောင်းသားသစ်တွေအတွက် သီးသန့် တွေ့ဆုံ စကားပြောပေးတာမျိုး၊ တိုင်ကြားမှုတွေကို စုံစမ်းဖို့ ကော်မတီ တရပ် ဖွဲ့တာမျိုးနဲ့ ကြီးကြပ်သူတွေက ကြုံရင် ကြုံသလို ဝင်ရောက် စစ်ဆေးတာမျိုးတွေ ပါတယ်လို့ ဆိုပါတယ်။

"ဒီကိစ္စကို သူလုံးဝ မသိခဲ့ဘူး၊ သူသာ သိရင် ဒီလို ဖြစ်လာမှာ မဟုတ်ဘူး၊ အသေအချာ အရေးယူဆောင်ရွက်တာတွေ လုပ်ပြီး ဒီလို မဖြစ်အောင် ရှောင်ရှားနိုင်မှာပဲ" လို့ ဒေါက်တာ ဘာမားလ် က ပြောပါတယ်။

"သမီးက ကျွန်မကို ကျောထောက်နောက်ခံ ပေးနေတဲ့ သူပါ"

ပါယယ် ကြီးပြင်းလာတဲ့ ဂျာဂေါင်းမြို့က နေအိမ်မှာ မိသားစု ဆွေမျိုးတွေ အိမ်နားနီးချင်းတွေ ရောက်ရှိနေကြပြီး ဖြေမဆည်နိုင်အောင် ဖြစ်နေကြပါတယ်။ သူတို့အားလုံးက ပါယယ်ရဲ့ အကြောင်း အလုအယက် ပြောပြကြပါတယ်။ ပါယယ် ဘယ်လောက် ဉာဏ်ကောင်းတယ်၊ ရည်ရွယ်ချက် ကြီးတယ်၊ အလုပ်ကြိုးစားတယ် ဆိုတာကို သူတို့ အမှတ်ရနေကြဆဲပါ။

သူ့မောင်လေး မသန်စွမ်းဘဝနဲ့ မွေးလာပြီး လမ်းမလျှောက်နိုင် ဖြစ်ခဲ့တဲ့အတွက် ပါယယ်ဟာ ဆရာဝန် ဖြစ်ချင်ခဲ့တာ ဖြစ်ပြီး လူတွေကို အမြဲ ကူညီချင်စိတ် ရှိခဲ့တယ်လို့ သူတို့က ပြောပြပါတယ်။

ပါယယ် အခုလို ဖြစ်ခဲ့တဲ့အတွက် ဇာတ်နိမ့်အနွယ်ဝင် တခြား ကျောင်းသားတွေလည်း ဘယ်လိုနေကြမလဲဆိုတာ စဉ်းစားမိတယ်လို့ သူ့မိခင် အဘီဒါက ပြောပါတယ်။

သူ့တူ တူမတွေနဲ့ သူ့လူမျိုးနွယ်ထဲက တခြား ကလေးတွေ ဘဝကိုလည်း တွေးတော စာနာမိတယ်လို့ ဆိုပါတယ်။

"အခုဆို သူတို့မိဘတွေက ကလေးတွေကို ဒီလိုကြုံရသလား ဆိုတာကို အိမ်မှာ မေးစမ်းကြည့်ရင် ကောင်းမလား ဆိုတာ ကျွန်မဆီ လာမေးကြတယ်။ ကလေးတွေကို ကျောင်းအဖွဲ့အစည်းတွေက စောင့်ရှောက် ကာကွယ်တယ်လို့ သူတို့ မယုံကြတော့ဘူး" လို့ အဘီဒါ က ပြောပါတယ်။

"ကျွန်မ သမီးက ကျွန်မကို ကျောထောက် နောက်ခံ ပေးနေသူပါ၊ ကျွန်မတို့ အသိုင်းအဝိုင်း တစ်ခုလုံးအတွက်လည်း ကျောရိုးတစ်ခုလိုပါပဲ၊ ကျွန်မတို့ လူမျိုးနွယ်အတွက် ပထမဆုံးသော ဆရာဝန်မ ပါ။ ဒါပေမဲ့ ခုတော့ ဒီအိပ်မက်တွေကို ဆက်ဖြည့်ဆည်းရဦးမှာပါ"

BBC Burmese
https://www.bbc.com
အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ အိန္ဒိယ ဆရာဝန်မလေး အနိုင်ကျင့်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တဲ့ အိန္ဒိယ ဆရာဝန်မလေး Reviewed by THITHTOOLWIN on 10:44 Rating: 5
Powered by Blogger.