နှစ်နိုင်ငံ သဘောတူစာချုပ်များ မြန်မာ- တရုတ် လက်မှတ်ထိုး၊ မြစ်ဆုံကိစ္စ ပါ မပါ ဖော်ပြထားခြင်းမရှိ

တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာမှာ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မြန်မာ - တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များချုပ်ဆိုပွဲကို တက်ရောက်ခဲ့စဉ် /Photo: Myanmar State Counsellor Office
တရုတ်နိုင်ငံ၊ ပေကျင်းမြို့ကို ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မြန်မာ- တရုတ် နှစ်နိုင်ငံသဘောတူ နားလည်မှုစာချွန်လွှာ၊ သဘောတူစာချုပ်များချုပ်ဆိုပွဲ အခမ်းအနားကို တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

တရုတ်- မြန်မာစီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်( ၂ဝ၁၉- ၂ဝ၃ဝ ) ဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တရုတ်-မြန်မာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွေကြား စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ (၅)နှစ် ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ စီးပွားရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်တွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီခချန်းနဲ့ တွေ့ဆုံရာမှာ Belt and Road အစီစဉ်အောက်က လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး၊ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာဆန်တန်ချိန် တစ်သိန်းကို တရုတ်နိုင်ငံကို တင်သွင်းခွင့်ပေးရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီလိုလက်မှတ်ရေးထိုးဆွေးနွေးခဲ့တဲ့ ကိစ္စတွေထဲမှာ မြန်မာပြည်သူ အများစုက စိုးရိမ်မူတွေရှိနေတဲ့ မြစ်ဆုံစီမံကိန်းပါဝင်ခြင်း ရှိ မရှိကို တစ်စုံတစ်ရာ ရေးသားဖော်ပြထားခြင်း မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့ လိုက်တာပါ။

RFA Burmese
https://www.rfa.org
နှစ်နိုင်ငံ သဘောတူစာချုပ်များ မြန်မာ- တရုတ် လက်မှတ်ထိုး၊ မြစ်ဆုံကိစ္စ ပါ မပါ ဖော်ပြထားခြင်းမရှိ နှစ်နိုင်ငံ သဘောတူစာချုပ်များ မြန်မာ- တရုတ် လက်မှတ်ထိုး၊ မြစ်ဆုံကိစ္စ ပါ မပါ ဖော်ပြထားခြင်းမရှိ Reviewed by THITHTOOLWIN on 21:41 Rating: 5
Powered by Blogger.