သစ်​ပါးလွှာစက်​ရုံ အပြီးပိတ်​သည့်​အတွက်​ ရာနဲ့ချီသော အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေကြ


မုံရွာ၊ ဒီဇင်ဘာ-၇

မုံရွာမြို့ ကျွဲရဲလမ်းခွဲ မြို့ပတ်လမ်းအနီး တည်ရှိသော တင်ဝင်းထွန်းသစ်ပါးလွှာနှင့် အထပ်သားစက်ရုံ ရှေ့တွင် စက်ရုံပိတ်ထားပြီးဖြစ်သည်ဟူသည့် ဆိုင်းဘုတ်ထောင်ထားပြီး တံခါးပိတ်ထားသဖြင့် ရာနဲ့ချီသော နေ့စားအလုပ်သမားများက စက်ရုံရှေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

နေ့စားအလုပ်သမားများ ၆ရက်နေ့မှစ၍ အလုပ်ဆင်းရန် မလိုတော့ကြောင်း စက်ရုံမန်နေဂျာက ပြောကြားလိုက်သဖြင့် ယာယီပိတ်သိမ်းသည်လား၊ စက်ရုံအပြီးပိတ်သိမ်းသည်လားဆိုသည်ကို အလုပ်သမားများက ဂဃနဏ မသိရသဖြင့် အလုပ်လာဆင်းကြခြင်းဖြစ်ကြောင်း ဆိုသည်။

"အရင်လက ယာယီရပ်နားတယ်လို့ စာကပ်ထားတယ်။ဒါပေမယ့် အလုပ်တော့ လာဆင်းနေရတာပဲ။လစာလည်း ရတယ်။ခုမနက်ကျ အလုပ်က အပြီးပိတ်သိမ်းတယ်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး ၀င်ခွင့် မပေးဘူး။"နေ့စားအလုပ်သမားတစ်ဦးဖြစ်သည့် ကိုသက်မောင်မောင်က
ပြောသည်။

ယနေ့ အလုပ်သမားများ အလုပ်လာဆင်းချိန်တွင် လွန်ခဲ့သည့် ၃ရက် ကတည်းက စက်ရုံပိတ်ထားပြီးဖြစ်ကြောင်းနှင့်အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမျ သတ်မှတ်ထားသည့် နစ်နာကြေးထုတ်ပေးမည့်ရက်ကို ယခုလအတွင်းကြေညာသွားမည်ဖြစ်ကြောင်း မန်နေဂျာက စာရေးသားထုတ်ပြန်ထားဖြစ်သည်။


အပြီးပိတ်သိမ်းသည် ဆိုပါက အလုပ်ပိတ်မည့်ရက် မတိုင်မီ အနည်းဆုံး၁၄ရက်ကြိုတင်၍ အလုပ်သမားများကို ကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး သက်ဆိုင်ရာ ညှိနှုင်းဖြန်ဖြေရေးအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အလုပ်ပိတ်ရမည်ဟု အလုပ်သမားအဖွဲ့အစည်းနည်းဥပဒေတွင်ပါရှိသည်။

" အပြီးပိတ်သိမ်းမှာကို အလုပ်သမားတွေကို ကြိုတင်အကြောင်းကြား ခြင်းမရှိဘူး။ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ပြပါဆိုတော့လည်း မပြဘူး။"ဟုတင်ဝင်းထွန်း အခြေခံအလုပ်သမားသမဂ္ဂအဖွဲ့အစည်းမှ အတွင်းရေးမှူး ဦးမြင့်စိုးက ပြောသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး တင်ဝင်းထွန်းသစ်ပါးလွှာနှင့်အထပ်သားစက်ရုံ၏ မန်နေဂျာကို မေးမြန်းခွင့် တောင်းခဲ့သော်လည်း ဖြေစရာမရှိဟုသာ ပြန်လည် အကြောင်းပြန်ခဲ့သည်။စက်ရုံတွင်နေ့စားဝန်ထမ်း ၂၀၀ခန့်ရှိသည်ဟု သိရသည်။

မန်နေဂျာလက်မှတ်ထိုးပြီး အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသို့ပေးပို့ထားသော စာတွင် စက်ရုံအနေဖြင့် နေ့စားဝန်ထမ်းများ၏ နှစ်အလိုက် လုပ်ကိုင်ခဲ့မှုအပေါ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ၀န်ကြီးရုံးမှ သတ်မှတ်ထားသော နစ်နာကြေး များကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ထုတ်ပေးမည်ဟု ဖော်ပြထားသည်။

အိအိမွန်
Monywa Gazette
https://www.facebook.com/monywagazette
သစ်​ပါးလွှာစက်​ရုံ အပြီးပိတ်​သည့်​အတွက်​ ရာနဲ့ချီသော အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေကြ သစ်​ပါးလွှာစက်​ရုံ အပြီးပိတ်​သည့်​အတွက်​ ရာနဲ့ချီသော အလုပ်သမားများ စက်ရုံရှေ့တွင် စောင့်ဆိုင်းနေကြ Reviewed by THITHTOOLWIN on 13:51 Rating: 5
Powered by Blogger.