ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး လည်ပင်းညှစ်သတ်ခံရ


ရမ်းဗြဲ၊ ဒီဇင်ဘာ ၁ဝ၊ ၂၀၁၈။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး လည်ပင်းညှစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

ရမ်းဗြဲမြို့နယ် စည်ရင်းကျေးရွာမှ မမေဇင်နှင်း (၂၇ နှစ်)သည် ဒီဇင်ဘာလ ၁ဝ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စည်ရင်းကျေးရွာမှ တောင်ရွာကျေးရွာသို့ စာပြသွားခဲ့ပြီး မွန်းတည့် ၁၂ နာရီအချိန်ထိ ကျောင်းသို့မရောက်၍ ကျောင်းအုပ်ဆရာမကြီးက မိသားစုထံ အကြောင်းရာမှ လိုက်ရှာစဉ် လမ်းဘေးတွင် သေဆုံးလျက် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

"လည်ပင်းညှစ်သတ်ခံထားရတဲ့ အနေအထားနဲ့ တွေ့ရတာပါ။ ဘယ်သူတွေ သတ်တယ်ဆိုတာလည်း မသိရသေးဘူး။ တရားခံကိုလည်း မရသေးဘူး"ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

အဆိုပါကျောင်းဆရာမသည် ရိုးရိုးအေးအေးနေတတ်သူတစ်ဦးဖြစ်ပြီး အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားမှုနှင့် ရန်ငြိုးရန်စများလည်း မရှိဖူးကြောင်း မိသားစုဝင်များက ပြောသည်။

"ဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေအမြဲတမ်းသွားလာနေတဲ့လမ်းမှာ နောက်နောင်မဖြစ်ရအောင် တရားခံကို အမြန်ဆုံးဖော်ထုတ်ပြီးတော့ အတတ်နိုင်ဆုံး အမှုမှန်ပေါ်ပေါက်ဖို့အတွက် ဌာနဆိုင်ရာတွေအားလုံး ဝိုင်းဝန်းပူးပေါင်းစေချင်ပါတယ်။"ဟု အထက်ပါမိသားစုဝင်က ပြောသည်။

ရမ်းဗြဲမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးကလည်း " ရမ်းဗြဲမြို့ဆေးရုံသို့ ဆရာမအလောင်း ညနေ(၅)ကျော်လောက်မှာ ရောက်ရှိတယ်။ တရားခံကို အချိန်မီဖမ်းဆီးနိုင်ဖို့ အရေးကြီးတယ်။"ဟု ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရမ်းဗြဲမြို့နယ်ရဲတပ်ဖွဲ့အားဆက်သွယ်သော်လည်း အဆက်အသွယ်မရခဲ့ပါ။

မောင်စပ်စု
Central News Myanmar
https://www.facebook.com/CNMyanmar
ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး လည်ပင်းညှစ်သတ်ခံရ ရမ်းဗြဲမြို့နယ်တွင် မူလတန်းပြကျောင်းဆရာမတစ်ဦး လည်ပင်းညှစ်သတ်ခံရ Reviewed by THITHTOOLWIN on 20:12 Rating: 5
Powered by Blogger.