ထိုင်း မြန်မာ ချစ်ကြည်ရေး တံတားသစ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ၆ လုံး ဖယ်ရှားခံရ

ဖျက်ဆီးခံရတဲ့နေအိမ်တွေ
ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် ၂ ချစ်ကြည်ရေး တံတားသစ် လမ်းကြောင်းနဲ့ မလွတ်လို့ ဆိုပြီး နေအိမ် ၆ လုံးကို သက်ဆိုင်ရာက အင်အားသုံးပြီး ဒီဇင်ဘာ ၂ရက်နေ့မှာ ဖျက်ဆီးခဲ့ရာမှာ နေအိမ်ပိုင်ရှင်တချို့ မူးမေ့လဲလို့ ဆေးရုံပို့ဆောင်ခဲ့ရပါတယ်။

ဒီနေအိမ်တွေဟာ ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ် ၂ တံတား ချဉ်းကပ်လမ်းအတွင်းမှာ ပါနေလို့ ဖယ်ရှားပေးဖို့ အိမ်ပိုင်ရှင်တွေကို ခေါ်ယူညှိနှိုင်းရာမှာ လျော်ကြေးမယူ ဖယ်ရှားဖို့ လက်မခံတာကြောင့် ခုလိုဖျက်ဆီးတာ ဖြစ်တယ်လို့ မြဝတီမြို့ အမှတ် (၂) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက ပြောပါတယ်။

" အရင်ကတော့ အဲဒီအိမ်တွေက လမ်းဧရိယာမှာ မပါဘူးကြားတယ်၊ နောက်တော့ လမ်းချဲ့ရင်း မလွတ်တော့ ဖယ်ပေးဖို့ ညှိတယ်၊ သတိပေး အကြောင်းကြားစာ ၃ ကြိမ် ပို့တယ် သိရတယ် ၊ ထိုင်း - မြန်မာ ချစ်ကြည်ရေး တံတားသစ် ဖွင့်ချိန်ကလည်း နီးလာလို့ အခုလို အင်အားသုံး ဖယ်ရှားတာ ဖြစ်တယ်" လို့ ဦးအိုက်ကျန်ခမ်းက ပြောပါတယ်။

နေအိမ် ၆ အိမ်ထဲက ပိုင်ရှင်တယောက်ကတော့ လျော်ကြေးငွေ လက်ခံခဲ့တဲ့အတွက် သူတို့ လတ်တလောနေထိုင်ဖို့ တန်ဖိုးနည်း တိုက်ခန်းလည်း သက်ဆိုင်ရာက စီစဉ်ပေးထားတယ်လို့ သူက ဆက်ပြောပါတယ်။
 နေအိမ်ပိုင်ရှင်တချို့
မြဝတီမြို့ခံ တချို့ က လူမှုကွန်ရက်မှာ ရေးသားရာမှာတော့ အိမ်ပိုင်ရှင်တွေကို အာဏာပိုင်တွေက ဆွဲလားရမ်းလားလုပ်လို့ ရုန့်ရင်းဆန်ခတ်ဖြစ်ပြီး တချို့ကို ဆေးရုံကို အရေးပေါ် ပို့ဆောင်ရတယ်လို့လည်း သိရပါတယ်။

နေအိမ်တွေ အင်အားသုံး ဖယ်ရှားတာကို မြဝတီမြို့နယ် အုပ်ချုပ်ရေးမှုးရုံးအဖွဲ့နဲ့ လမ်းဦးစီးဌာနက လုပ်ဆောင်တာ ဖြစ်တယ်လို့ ဦးအိုက်ကျန်ခမ်းက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese

ထိုင်း မြန်မာ ချစ်ကြည်ရေး တံတားသစ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ၆ လုံး ဖယ်ရှားခံရ ထိုင်း မြန်မာ ချစ်ကြည်ရေး တံတားသစ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ၆ လုံး ဖယ်ရှားခံရ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.