နယ်စပ်ဖြတ်ကဒ်အမျိုးအစားပြောင်းလဲမှုကြောင့် တရုတ် နယ်စပ်ဂိတ်ပိတ်ထားရ


နိုဝင်ဘာ ၆ ရက် ၂၀၁၈

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ် ဂိတ်တွင် မြန်မာဘက်ခြမ်းမှပြုလုပ်ပေးသော တခါသုံး Temporary Border Pass ကဒ်အမျိုးအစားပြောင်းလဲပြုလုပ်ပေးသဖြင့် တရုတ်ဘက်ခြမ်းရှိဂိတ်ကလက်မခံဘဲ အ၀င်အထွက်ခေတ္တပိတ်ထားရကြောင်းသိရသည်။


တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် မြန်မာဘက်ခြမ်းမှပြောင်းလဲပြုလုပ်ပေးသည့် တခါသုံးကဒ် Temporary Border Pass ကဒ်အမျိုးအစားမှာ တရုတ်ဘက်ခြမ်းရှိဂိတ်တွင်ထောင်ထားသော ကွန်ပြူတာဆော့ဖ်ဝဲနှင့်မကိုက်ညီဟုဆိုကာ နိုဝင်ဘာလ ၅ ရက်နေ့က ၀င်ထွက်သွားလာလည်ပတ်အလုပ်လုပ်ကိုင်သူများအား ခေတ္တ ပိတ်ပင်ထားသဖြင့် တရုတ်ပြည်သို့ အလုပ်လုပ်သည့်သူများ၊ ကုန်သည်များ နှင့် ကုန်ကားသမားများ အခက်အခဲ ရင်ဆိုင်နေရကြောင်း မူဆယ် ဒေသခံ စိုင်းဆိုင်လျန်း က ပြောသည်။

“ ၇ ရက်သက်တမ်းရှိတဲ့နယ်စပ်ဖြတ်သန်းကဒ်အသစ်က သုံးလို့မရဆိုပြီးတရုတ်ဘက်ကပိတ်ထားတယ်။ ဘယ်နေ့ ပြန်ရမယ်ဆိုတာ မသိသေးဘူး။ တချို့က တပတ်စာသက်တမ်းကဒ်လုပ်ပြီး တရုတ်ပြည်ဘက်ခြမ်းကိုသွားပြီးအလုပ်လုပ်ကြတယ်။ ၇ ရက်ပြည့်ရင် ထွက်လာတယ်။ ကဒ်အသစ်ပြန်လုပ်ပြီး ဟိုဘက်ခြမ်းပြန်ဝင်သွားကြတယ်။ အခု နယ်စပ်ဖြတ်ကဒ်လုပ်ဖို့ပိတ်ထားတော့ အခက်အခဲတွေ ရှိတယ်” ဟု စိုင်းဆိုင်လျန်း က ဆိုသည်။

Temporary Border Pass (တခါသုံးကဒ်) ပြုလုပ်သူများမှာ ကားသမားများ၊ တခြားနယ်မှ လာပြီး တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း မူဆယ် ဒေသခံများကဆိုသည်။

“ ကျနော်တို့က တပတ်ကဒ် တခါသုံးကဒ် ပဲကိုင်တာ။တရုတ်ပြည်မှာ ကုန်တင်ကုန်ချလုပ်တယ်။ ၇ရက်တကြိမ် မြန်မာပြည်ပြန်ပြီး ကဒ်ပြန်လုပ်တယ်။ အခု က ပြန်လာလုပ်တာ။ အဆင်မပြေလို့ တရုတ်ထဲပြန်ဝင်လို့မရဘူး။ အခက်အခဲကတော့ နေစရာနဲ့ အလုပ်ပျက်တာပဲ” ဟု တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား ကိုကျော် က ပြောသည်။

Temporary Border Pass ၇ ရက် သက်တမ်းကဒ်ကို မြန်မာ ပြည် ဘက်မှ နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ကာ ပုံစံပြောင်းလဲမှုကြောင့် တရုတ်ပြည် နယ်စပ်ဖြတ်ကျော် ဂိတ်တွင် လက်မခံကြောင်း၊ အဆိုပါ ပုံစံပြောင်းလဲသည့် ကဒ်သည် တရုတ်ပြည် မှ ကွန်ပျူတာ ဆော့ဝဲလ်နှင့် ကိုက်ညီမှု မရှိသဖြင့် အခက်အခဲဖြစ်သွားကြောင်း မူဆယ်မြို့ နယ်စပ်ဂိတ် လူဝင်မှု ကြီးကြပ်ရေး တာဝန်ကျ ဝန်ထမ်းကပြောသည်။

“ ပုံစံအသစ်က တရုတ်ဂိတ်ရဲ့ ဆော့ဝဲလ်နဲ့ မကိုက်ညီလို့ပါ။ အခု ကျနော်တို့ တာချီလိတ်ဘက်က နေပြီးတော့ ကဒ်ကို ပြန်မှာထားပါတယ်။ ဒီညနေရောက်ရင်တော့ ဒီည တခါသုံးကဒ်ပြန်ထုတ်ပေးနိုင်မယ်။ မနက်ဖန်တော့ ပိုသေချာတယ်” ဟု ၎င်းက ဆိုသည်။

Temporary Border Pass တခါသုံးကဒ် တခုသည် ကျပ်ငွေ ၁၀၀၀ ကျပ်ပေးရပြီး တရက်လျှင် ကဒ်ပြုလုပ်ကာဝင်ထွက်သွားလာသည့် လူဦးရေ ထောင်ချီရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်
Panglong(Burmese)
https://www.facebook.com/ShanNewsBurmese/
နယ်စပ်ဖြတ်ကဒ်အမျိုးအစားပြောင်းလဲမှုကြောင့် တရုတ် နယ်စပ်ဂိတ်ပိတ်ထားရ နယ်စပ်ဖြတ်ကဒ်အမျိုးအစားပြောင်းလဲမှုကြောင့် တရုတ် နယ်စပ်ဂိတ်ပိတ်ထားရ Reviewed by THITHTOOLWIN on 09:55 Rating: 5
Powered by Blogger.