အမေရိကန် စစ်မှုထမ်းဟောင်းများကို သမ္မတ ဂုဏ်ပြု

အမေရိကန် စစ်မှုထမ်းဟောင်းများကို သမ္မတ ဂုဏ်ပြု
စစ်တပ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်သား၊ စစ်သမီးတွေကို ဂုဏ်ပြုတဲ့ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ Veterans Day ကို အမေရိကန်ပြည်ထောင်စုမှာ တနင်္ဂနွေနေ့က ကျင်းခဲ့ပါတယ်။ စစ်မှုထမ်းတွေထဲမှာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ကြရင်း မိမိတို့ရဲ့ အသက်ကိုပါ စတေးခဲ့ကြသူတွေလည်း ပါဝင်ပါတယ်။

ပထမကမ္ဘာစစ်ကြီး ပြီးဆုံးတဲ့ နှစ် (၁၀၀) အထိမ်းအမှတ်နေ့မှာ ကျရောက်တဲ့ ဒီ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့မှာ စစ်အတွင်း အမေရိကန်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲကောင်းတွေနဲ့ အမေရိကန်စစ်ဝတ်စုံကို ၀တ်ဆင်ပြီး တိုင်းပြည် ဘေးကင်းလုံခြုံအောင် တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းတွေကို ကျွန်ုပ်တို့အနေနဲ့ လေးစား ဂုဏ်ပြုပါကြောင်း ပြင်သစ်နိုင်ငံမှာ ပဲရစ်မြို့မှာရောက်နေတဲ့ သမ္မတ Donald Trump က တနင်္ဂနေ့က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ သမ္မတ Trump ဟာ ပထမကမ္ဘာစစ်ပြီးဆုံး နှစ် (၁၀၀) ပြည့်အခမ်းအနားကို တခြား ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ တက်ဖို့အတွက် ပြင်သစ်နိုင်ငံကို ရောက်နေတာပါ။

သမ္မတဟောင်း Barack Obama ကလည်း - ကျွန်ုပ်တို့ရဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျေးဇူးတင်ကြောင်း၊ တိုင်းပြည်အတွက် ခင်ဗျားတို့ ပေးဆပ်ခဲ့ကြတဲ့ အတိုင်းအတာကို ဘယ်လိုမှ နှိုင်းယှဉ်လို့ ရနိုင်မှာ မဟုတ်ကြောင်း Twitter လူမှုကွန်ယက်တဆင့် တနင်္ဂနွေနေ့မှာ ရေးသားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ကို ပထမကမ္ဘာစစ် ပြီးဆုံးတဲ့ အထိမ်းအမှတ်အနေနဲ့ အစောပိုင်းက Armistice Day - စစ်ပြေငြိမ်းခြင်းနေ့လို့ ခေါ်ဆိုခဲ့ရာက ၁၉၂၆ ခုနှစ်မှာ အမေရိကန်လွှတ်တော်က Veteran Day - စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ အဖြစ် နှစ်စဉ်ကျင်းပဖို့ ပြောင်းလဲ သတ်မှတ်ခဲ့တာပါ။ နှစ်စဉ် နိုဝင်ဘာ ၁၁ ရက်နေ့ကို အမျိုးသား အားလပ်ရက်အဖြစ် ၁၉၃၈ ခုနှစ်မှာ သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ် နိုဝင်ဘာ ၁၁ ရက်နေ့ကတော့ တနင်္ဂနွေနေ့မှာ ကျရောက်တဲ့အတွက် တနင်္လာနေ့ကို အမျိုးသား အားလုပ်ရက်အဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
အမေရိကန် စစ်မှုထမ်းဟောင်းများကို သမ္မတ ဂုဏ်ပြု အမေရိကန် စစ်မှုထမ်းဟောင်းများကို သမ္မတ ဂုဏ်ပြု Reviewed by THITHTOOLWIN on 22:27 Rating: 5
Powered by Blogger.