ဆိုရှယ်မီဒီယာ စောင့်ကြည့်ဖို့ ကျပ်သန်းခြောက်ထောင်ကျော် သုံးစွဲတာထိရောက်မှုရှိပြီလား

အမုန်းစကားတွေပြန့်အောင် ဖေ့စ်ဘွတ်အသုံးပြုပြီး ဖြန့်နေတာတွေရှိနေ
ဆိုရှယ်မီဒီယာမှာ စောင့်ကြည့်ရာမှာ အသုံးပြုဖို့အတွက် သမ္မတအထူးရန်ပုံငွေကနေ ကျပ်ငွေ သန်းပေါင်း ၆,၄၂၆ သန်းကို ထုတ်ယူ သုံးစွဲခဲ့တာနဲ့ပတ်သက်ပြီး မိတ္ထီလာမဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့မှာပြုလုပ်တဲ့ ပြည်သူ့ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းမေးမြန်းခဲ့ပါတယ်။

ဒေါက်တာမောင်သင်းရဲ့ မေးခွန်းမှာ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက် ငွေကျပ်သန်းပေါင်း ၆၄၂၆သန်း သုံးစွဲတဲ့အပေါ် အသုံးပြုတဲ့သူတွေနဲ့ ဘယ်လောက်အတိုင်းအတာအထိ စောင့်ကြည့်ပြီး အပြစ်ပေး အရေး ယူမှုအပိုင်းကဘယ်လိုရှိမလဲဆိုတာကို မေးမြန်းထားတဲ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီမညီ၊ သမ္မတရုံးရဲ့ အထူးရန်ပုံငွေသုံးစွဲမှု မူဝါဒနဲ့ ကိုက်ညီမှုရှိမရှိကိုပါ မေးမြန်းထားတာတွေ့ရပါတယ်။

' ' သမ္မတရဲ့အထူးရန်ပုံငွေဆိုတာက ပုံမှန်အားဖြင့် ရေကြီးတာ၊ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ အရေးပေါ်ကိစ္စတွေမှာသုံးတာ။ အခုက အရေးပေါ်လည်းမဟုတ်ဘူး။ ဒါကတစ်ချက်ပေါ့။ နောက်တစ်ခုက ဆိုရှယ်မီဒီယာမှာ အမုန်းတရားတွေပြန့်ပွားအောင်ပြောနေကျတာတွေကို တားဆီးမယ်ဆိုပြီးပြောတယ်။ ဒါပေမယ့်လည်း ဒါမျိုးပြောနေတဲ့အကောင့်တွေကရှိနေတုန်းပဲ ပျောက်မသွားဘူးလေ။ မြန်မာနိုင်ငံမှာ အလေးထားအပ်တဲ့ဘာသာတရားလို့ပြောတဲ့ ဘာသာမှာတောင် ဆရာတော်တွေရော ရုပ်ထုတွေရော နည်းမျိုးစုံနဲ့ လုပ်နေတာတွေကမပျောက်သွားဘူး။''လို့ မေးခွန်းမေးမြန်းရတဲ့ရည်ရွယ်ချက်အပေါ် ဒေါက်တာ မောင်သင်းကဘီဘီစီကိုအခုလိုပြောပြပါတယ်။

ဒေါက်တာမောင်သင်းရဲ့ မေးခွန်းကို ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးက ဒီကနေ့ လွှတ်တော်မှာလာရောက်ဖြေဆိုရာမှာ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးကို နိုင်ငံတော်အစိုးရက ဖွဲ့စည်း ပေးထားတဲ့ အဖွဲ့နဲ့စောင့်ကြည့်နေတယ်လို့ပြန်လည်ဖြေဆိုခဲ့ပြီး ထပ်ဆင့်မေးခွန်းအချို့ကိုတော့ နိုင်ငံတော် လျှို့ဝှက်ချက်အရ ဖြေကြားနိုင်ခြင်းမရှိဘူးလို့ပြောဆိုခဲ့တယ်လို့သိရပါတယ်။

အဓိကကတော့ ဒီလောက်များတဲ့ငွေကို သုံးလိုက်တာ ဘယ်လောက်အထိနိုင်ငံတည်ငြိမ်ရေးအတွက်ကို အကျိုးရှိပြီလဲဆိုတာကို မဖြေနိုင်ဘူး။ ဘာတွေလုပ်နေတယ်ဆိုတာကိုလည်း တိတိကျကျမပြောနိုင်ဘူး။ စောင့်ကြည့်ရေးအဖွဲ့ဖွဲ့ထားတယ်။ သင်တန်းတွေပေးနေတယ်ဆိုတာလောက်ပဲပြောတယ်။ ဒါကြောင့် သင့်တော်တဲ့မေးခွန်းတွေ ထပ်ပြီးမေးမြန်းသွားဖို့ရှိတယ်လို့ မေးခွန်းရှင်ဒေါက်တာမောင်သင်းက ထပ်မံ ပြောပြပါတယ်။

' ' ဆိုရှယ်မီဒီယာကတဆင့် သတင်းတု သတင်းမှားတွေ ဖြန့်တာကို သေချာကိုင်တွယ်ဖို့လိုတယ်။ သေချာစောင့်ကြည့်ပြီးအရေးယူဖို့လိုတယ်။ နိုင်ငံတာမှာလည်း ဆိုင်ဘာရဲတွေရှိတယ်။ နည်းပညာအရ စောင့်ကြည့်ပြီး ထိထိရောက်ရောက်အရေးယူတယ်။ ဒီမှာလည်း ဆိုရှယ် မီဒီယာ စောင့်ကြည့်ဖို့အတွက် ဘီလီယံနဲ့ချီ သုံးသွားတယ်သိလိုက်ရပေမယ့် အဲ့ပိုက်ဆံတွေကဘာအတွက်သုံးနေလဲဆိုတာ ပွင့်ပွင့်လင်းလင်းချပြတာမျိုးမရှိဘူး။ တကယ်တမ်းသာ စနစ်တကျနဲ့အကျိုးရှိရှိသုံးမယ်ဆိုရင် သုံးသင့်တာတွေရှိတယ်။ ဒါတွေကိုလည်း ပွင့်ပွင့်လင်းလင်းနဲ့ချပြသင့်ပါတယ်။ '' လို့ ဆိုရှယ်မီဒီယာစောင့်ကြည့်ရေးအတွက်အသုံးပြုနေတဲ့ ငွေကြေးကိစ္စအပေါ်ဘလော့ဂါတစ်ဦးလည်းဖြစ် တိုင်းလွှတ်တော်အမတ်လည်းဖြစ်တဲ့ ကိုနေဘုန်းလတ်က ဘီဘီစီကတင်ဆက်နေတဲ့ သတင်းတုသတင်းမှားကျော်လွှားနိုင်ရေး အတွက် ဆွေးနွေးခဲ့တဲ့ Friday live ဆွေးနွေးခန်းမှာပြောဆိုထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-46271257
ဆိုရှယ်မီဒီယာ စောင့်ကြည့်ဖို့ ကျပ်သန်းခြောက်ထောင်ကျော် သုံးစွဲတာထိရောက်မှုရှိပြီလား ဆိုရှယ်မီဒီယာ စောင့်ကြည့်ဖို့ ကျပ်သန်းခြောက်ထောင်ကျော် သုံးစွဲတာထိရောက်မှုရှိပြီလား Reviewed by THITHTOOLWIN on 08:27 Rating: 5
Powered by Blogger.