သန်လျင်၌ ရွှေထည်ပစ္စည်းနှင့် ငွေသားအပါ ငွေကျပ် သိန်း ၂၀၀ ကျော်ခိုးယူသူအား ရဲတပ်ဖွဲ့ဝင်များကပိတ်စို့ရှာဖွေမှုများကြောင့် စခန်းသို့လာရောက်အဖမ်းခံ


ရန်ကုန် နိုဝင်ဘာ ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၌ ရွှေထည်ပစ္စည်းများနှင့် ငွေသားအပါ ငွေကျပ် သိန်း ၂၀၀ ကျော်ခိုးယူသွားသူအား ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပိတ်စို့ရှာဖွေမှုများကြောင့် သန်လျင်မြို့မရဲစခန်းသို့ နိုဝင်ဘာ ၄ ရက် ည ၇ နာရီအချိန့်ခန့်က သက်သေခံပစ္စည်းများနှင့်အတူ ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့ကြောင်း သန်လျင်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့၊ ပိတုန်းစမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာအုပ်စုနေ ဒုတပ်ကြပ်ကြီး ထွန်းရှိန် အသက် (၇၇) နှစ် (ငြိမ်း) သည်နေအိမ်တွင် နိုဝင်ဘာ ၃ ရက် ညနေ ၄ နာရီအချိန်က နေအိမ်၌ အိမ်သာတက်ပြီး ပြန်လာစဉ် ၄င်း၏ ခြံဝန်းအတွင်းတွင် သုံးခွမြို့နယ်၊ သဲကွင်းကျေးရွာမှလာရောက် အိမ်ဌားနေထိုင် သည့် မအေးအေးဝင်း အသက် (၄၅) နှစ်သည် နေအိမ်နောက်ဖေးတွင် ဟိုရှာဒီရှာလုပ်နေသည်ကိုတွေ့ရှိရသဖြင့် နေအိမ်အပေါ်ထပ်သို့တက်ကြည့်ရာ နေအိမ်အပေါ်တွင်မွှေနှောက်ထားသည်ကိုတွေ့ရှိရကာ ဆက်လက် စစ်ဆေးကြည့်ရာ သံသေတ္တာအစိမ်းအတွင်းထည့်ထားသော ရွှေထည် လက်ဝတ်လက်စားပစ္စည်းများနှင့် ငွေသားကျပ် သိန်း (၁၇၀)၊ ပစ္စည်းနှင့်ငွေသား စုစုပေါင်းကျပ် သိန်း (၂၃၈၄၅၀၀၀) ကျပ်ခန့် ပျောက်ဆုံးနေသည်ကိုသိရှိရသဖြင့် အဆိုပါပစ္စည်းများအား ယူသလားဟုမေးမြန်းရာ မအေးအေးဝင်းမှ မယူကြောင်းပြောဆို၍ မယူရင်ဘယ်မှမသွားနဲ့ဟုပြောရာ မအေးအေးဝင်းမှ ထွက်ပြေးသွားခဲ့သဖြင့် သန်လျင်မြို့မရဲစခန်းတွင် မအေားအေးဝင်းအား ဥပဒေအရ အရေးယူပေးပါရန်တိုင်တန်းခဲ့ရာ အဆိုပါအမှုအား သန်လျင်မြို့မရဲစခန်းမှ (ပ) ၂၉၀၁/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ- ၃၈၀ ဖြင့် အမှုဖွင့်စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရသည်။


အဆိုပါအမှုအား ရန်ကုန်တောင်ပိုင်ခရိုင်ရဲတပ်ဖွဲ့မှူး၏လမ်းညွှန်မှု၊ သန်လျင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ထွန်းထွန်းဦး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့များပူးပေါင်းအဖွဲ့မှ ပိတ်ဆို့ရှာဖွေစောင့်ကြပ်ကြည့်ရှု လျက်ရှိသဖြင့် ထွက်ပြေးလွတ်မြောက်ရန်မလွယ်ကူကြောင်းသိရှိလာသဖြင့် ခင်ပွန်းဖြစ်သူနှင့်ဆက်သွယ်ကာ နိုဝင်ဘာ ၄ ရက် ည ၈ နာရီအချိန်ခန့်က သန်လျင်မြို့မရဲစခန်း တာဝန်ရှိသူများထံ ကိုယ်တိုင်လာရောက်၍ သက်သေခံပစ္စည်းများနှင့်အတူ လာရောက်အဖမ်းခံခဲ့သဖြင့် မအေးအေးဝင်း ခိုးယူသွားသော ရွှေထည်ပစ္စည်းများနှင့်ငွေသားတို့အား သက်သေများရှေ့တွင် စစ်ဆေးကာ ရှာဖွေပုံစံဖြင့်ရေးသွင်းသိမ်းဆည်းခဲ့ပြီး သန်လျင်မြို့မရဲစခန်းမှ အဆိုပါအမှုအား တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်၌ ရွှေထည်ပစ္စည်းနှင့် ငွေသားအပါ ငွေကျပ် သိန်း ၂၀၀ ကျော်ခိုးယူသူအား ရဲတပ်ဖွဲ့ဝင်များကပိတ်စို့ရှာဖွေမှုများကြောင့် စခန်းသို့လာရောက်အဖမ်းခံ သန်လျင်၌ ရွှေထည်ပစ္စည်းနှင့် ငွေသားအပါ ငွေကျပ် သိန်း ၂၀၀ ကျော်ခိုးယူသူအား ရဲတပ်ဖွဲ့ဝင်များကပိတ်စို့ရှာဖွေမှုများကြောင့် စခန်းသို့လာရောက်အဖမ်းခံ Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.