အင်ဒိုနီးရှား ငလျင်ဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများအတွက် တဲရှင်များစွာ လိုအပ်နေ

အင်ဒိုနီးရှားနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)
 ဂျကာတာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

 အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် ငလျင်များနှင့် ဆူနာမီဖြစ်ပွားမှုကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ယာယီအခြေချနေထိုင်ရန် တဲရှင်ပေါင်းများစွာ လိုအပ်နေကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။

စက်တင်ဘာလ ၂၈ ရက်က အင်အား ၆.၀၊ ၇.၄ နှင့် ၆.၁ ပမာဏရှိသော အင်အားပြင်းငလျင်များ လှုပ်ခတ်ပြီး ဆူနာမီဖြစ်ပွားခဲ့မှုကြောင့် ပြည်နယ်မြို့တော် ပါလူ၊ ဒုန်ဂလာခရိုင်နှင့် စီဂီခရိုင်များ၌ ပြည်သူ ၈၇,၀၀၀ ဦး နေရပ်စွန့်ခွာခဲ့ရကာ တဲရှင် ၁၈,၀၀၀ ကျော် လိုအပ်လျက်ရှိကြောင်း အမျိုးသား သဘာဝဘေး စီမံခန့်ခွဲမှုလုပ်ငန်းမှ Bernadus Wisnu Widaja က ပြောကြားခဲ့သည်။

ထို့ပြင် လူသားချင်းစာနာထောက်ထားမှုအဖွဲ့များမှ တဲရှင်ပေါင်း ၅,၀၀၀ နှင့် ကြက်ခြေနီအဖွဲ့မှာ အခြားတဲရှင် ၁,၃၀၀ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းဒေသရှိ ကျောင်းသားများအတွက် စုစုပေါင်း တဲရှင်အကြီး ၈၀၀ လိုအပ်နေကြောင်း အဆိုပါ အရာရှိ၏ ပြောကြားချက်အား ကိုးကား၍ Antara သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

ပျက်စီးသွားသော ဒေသခံစာသင်ကျောင်းများအတွက် တဲရှင် ၂၀၀ အား ယူနီဆက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ငလျင်များလှုပ်ခတ်ပြီး ဆူနာမီဖြစ်ပွားမှုကြောင့် ပြည်နယ်အလယ်ပိုင်းရှိ စုစုပေါင်း အိမ်ခြေ ၆၇,၃၁၀ နှင့် အခြေခံအဆောက်အအုံများစွာ ပျက်စီးခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အင်ဒိုနီးရှား ငလျင်ဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများအတွက် တဲရှင်များစွာ လိုအပ်နေ အင်ဒိုနီးရှား ငလျင်ဒဏ်သင့် အသက်ရှင်ကျန်ရစ်သူများအတွက် တဲရှင်များစွာ လိုအပ်နေ Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.