ဗိုက်ခွဲ ကလေးမွေးနှုန်းတိုးလာတာနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်

လိုအပ်လို့ ခွဲမွေးရတဲ့ အခြေအနေတွေမှာတောင် မိခင်နဲ့ ကလေး နှစ်ဦးစလုံးအတွက် ရေတိုရော ရေရှည်ပါ အန္တရာယ် အလားအလာတွေ ရှိ
ကမ္ဘာတလွှားမှာ လွန်ခဲ့တဲ့ ၁၅ နှစ် အတွင်း ဗိုက်ခွဲ ကလေးမွေးနှုန်း နှစ်ဆ နီးပါး တိုးလာတယ်လို့ လန်းဆက် ဆေးပညာ ဂျာနယ်က ဖော်ပြလိုက်ပါတယ်။

၂၀ဝ၀ ပြည့်နှစ်အတွင်း ကမ္ဘာ တလွှား ဗိုက်ခွဲပြီး မွေးလိုက်တဲ့ ကလေး ၁၆ သန်းလောက် ရှိခဲ့ပြီး စုစုပေါင်း ကလေးမွေးဖွား တဲ့ အရေအတွက်ရဲ့ ၁၂ ရာခိုင်နှုန်းသာ ရှိခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာတော့ ခန့်မှန်းချေ ၂၁ ရာခိုင်နှုန်းအထိ တိုးလာပြီး ၂၉.၇ သန်းအထိ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ဗိုက်ခွဲမွေးနှုန်း တိုးလာတဲ့ အထဲမှာ ဒိုမိုနီကန် သမ္မတ နိုင်ငံက အများဆုံးဖြစ်ပြီး ကလေးစုစုပေါင်း မွေးဖွားနှုန်းရဲ့ ၅၈.၁ ရာခိုင်နှုန်း အထိ ရှိနေတာ ဖြစ်ပါတယ်။

အခုလို ဗိုက်ခွဲပြီး ကလေးမွေးဖွားမှု တော်တော်များများဟာ မလိုအပ်ပဲ လုပ်တာလို့လည်း ဆရာဝန်တွေက ပြောဆိုထား ပါတယ်။

အခုလို လေ့လာမှု လုပ်ဖို့ အတွက် နိုင်ငံပေါင်း ၁၆၉ နိုင်ငံက အချက်အလက်တွေ ရယူခဲ့တာဖြစ်ပြီး ၂၀၁၅ အထိပဲ အားလုံး ဆီက အချက်အလက် အပြည့်အစုံ ရသေးတယ်လို့ ဆိုပါတယ်။

ဗိုက်ခွဲ ကလေးမွေးဖွားမှုက ဘယ်လို အလားအလာတွေ ရှိလာနိုင်သလဲ

ကလေးမွေးဖွားရာမှာ သားအိမ်အတွင်း ကလေး အနေအထား မမှန်တာ ဒါမှမဟုတ် မွေးဖွားဖို့ ခက်နေတဲ့ ကိစ္စတွေမှာ ဗိုက်ခွဲ မွေးဖွားလိုက်ရင် မိခင်ရော ကလေးရဲ့ အသက်ကိုပါ ကယ်ဆယ်နိုင်ပါတယ်။

ဒါပေမယ့် တကယ်လိုအပ်လို့ ခွဲမွေးရတဲ့ အခြေအနေတွေမှာတောင် မိခင်နဲ့ ကလေး နှစ်ဦးစလုံးအတွက် ရေတိုရော ရေရှည် ပါ အန္တရာယ် အလားအလာတွေ ရှိနေတယ်လို့ ဒီလေ့လာမှုမှာ ပါဝင်တဲ့ လန်ဒန် ဘုရင့်ကောလိပ်က လူမှုသိပ္ပံနဲ့ အမျိုးသမီး ကျန်းမာရေး ပါမောက္ခ ဂျိန်း ဆန်းဒေါက ဘီဘီစီကို ပြောပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေမှာဆိုရင် ခွဲပြီး ပြန်လည် သက်သာလာတဲ့ ဖြစ်စဉ်က ရှုပ်ထွေးပြီး သားအိမ်မှာ အမာရွတ် ဖြစ်သွားမယ်ဆိုရင် နောက်ထပ် ကိုယ်ဝန်တွေမှာ သွေးဆင်းတာ၊ အချင်းဖွံ့ဖြိုးမှု မူမမှန်တာ၊ သားအိမ်ပြင်ပ သန္ဓေ တည်တာ၊ ကိုယ်ဝန်ရင့်မှ သားအိမ်တွင်း ကလေး သေဆုံးတာနဲ့ အချိန် မတိုင်မီ မွေးဖွားတာတွေ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

အခုလို ခွဲမွေးပြီးတဲ့ မိခင်မှာ ဒီလို ဖြစ်လာနိုင်ချေ နည်းတယ် ဆိုပေမယ့် ဖြစ်ရင်လည်း တကယ် အသည်းအသန် အရေးကြီး တဲ့ အခြေအနေတွေ ဖြစ်ပြီး တခါထပ်ပြီး ခွဲမွေးတိုင်း ပိုဆိုးလာမယ့် အခြေအနေတွေ ဖြစ်တယ်လို့လည်း ပါမောက္ခ ဆန်းဒေါက ပြောပါတယ်။

ဗိုက်ခွဲပြီး မွေးလာတဲ့ ကလေးတွေမှာ ဆိုရင်လည်း သဘာဝအတိုင်း မွေးတဲ့ ကလေးတွေနဲ့ ကိုယ်ခန္ဓာပိုင်း၊ ဟော်မုန်း အပိုင်း၊ ဘက်တီးရီးယားနဲ့ ဆေးပညာပိုင်း ထိတွေ့မှုတွေ ကွဲပြားတယ်ဆိုတဲ့ သက်သေတွေ ထွက်ပေါ်လာနေပြီး ဒါတွေက သူတို့ရဲ့ ကျန်းမာရေးအပေါ် မသိမသာ သက်ရောက် နိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ခွဲမွေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တဲ့ အခြေအနေတွေ များလာပြီး ရင်ကျပ်တာနဲ့ အူအတွင်း အကျိုးပြု ဘက်တီးရီးယားတွေအပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်
ဒီလို ဖြစ်နိုင်ချေအတွက် ရေရှည် သက်ရောက်မှုတွေကို မလေ့လာရသေးပေမယ့် ရေတို သက်ရောက်မှုတွေမှာဆိုရင် ဗိုက်ခွဲ မွေးလာတဲ့ ကလေးတွေမှာ ကိုယ်ခံအားစနစ် ဖွံ့ဖြိုးရေး ပြောင်းလဲမှုတွေကြောင့် ဓာတ်မတည့်တဲ့ အခြေအနေတွေ များလာ ပြီး ရင်ကျပ်တာနဲ့ အူအတွင်း အကျိုးပြု ဘက်တီးရီးယားတွေအပေါ် သက်ရောက်မှုတွေလည်း ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။

ဘယ်လို ခွဲစိတ်မှုမျိုးပဲ ဖြစ်ဖြစ် အန္တရာယ် အလားအလာ ကတော့ ရှိစမြဲဖြစ်ပြီး ခဏခဏ ခွဲမွေးတာက သဘာဝအတိုင်း အကြိမ်ကြိမ်မွေးတာထက် မိခင်အပေါ်မှာ အသက်အန္တရာယ် ရှိနိုင်တယ်လို့လည်း ပါမောက္ခ ဆန်းဒေါက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ဆေးပညာအရ လုပ်စရာ မလိုပဲ ခွဲမွေးတာတွေကို လျှော့ဖို့ အတွက် လမ်းညွှန်ချက် တခု ထုတ်ခဲ့ပါတယ်။

ခွဲမွေးဖို့ လိုနေတဲ့ မိခင်နဲ့ ကလေးတွေ အတွက် ဒီလို လုပ်ခွင့်ရဖို့ အရေးကြီးသလို မလိုအပ်ပဲ ခွဲမွေးမှုကြောင့် မိခင်ရော ကလေးမှာပါ အန္တရာယ် မဖြစ်ဖို့ အရေးကြီးတယ်လို့ WHO က တိုက်တွန်းထားပါတယ်။

WHO ရဲ့ တိုက်တွန်းချက်တွေထဲမှာ အထူးသဖြင့် သဘာဝအတိုင်း မွေးရမှာ ကြောက်တဲ့ မိခင်တွေအတွက် စိတ်ပညာပိုင်း ပညာပေးဖို့၊ ခွဲမွေးမှုနဲ့ ပတ်သက်ပြီး တဦးထက်ပိုတဲ့ ဆေးပညာဝန်ထမ်းရဲ့ အကြံဉာဏ်ယူဖို့နဲ့ အသေးစိတ်ကို မှတ်တမ်းတင် ထားဖို့နဲ့ သဘာဝအတိုင်း မွေးဖို့အတွက် လိုအပ်တဲ့ ဝန်ထမ်း အလုံအလောက် ချထားဖို့ အချက်တွေ ပါဝင်ပါတယ်။
ဘာ့ကြောင့် မလိုအပ်ပဲ ခွဲမွေးနေကြသလဲ

အခုလို ခွဲမွေးနှုန်း တိုးလာရတဲ့ အကြောင်းရင်းတွေဟာ နိုင်ငံအလိုက် ကွဲပြားနေပြီး ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဘဏ္ဍာရေး အခက်အခဲ အပြင် ရွေးချယ်စရာ နည်းပါးတဲ့ အခက်အခဲလည်း ရှိနေတယ်လို့ ပါမောက္ခ ဆန်းဒေါက ပြောပါတယ်။

နိုင်ငံအလိုက် သဘာဝအတိုင်း မွေးဖွားဖို့ အတွက် လိုအပ်တဲ့ သားဖွား သူနာပြုတွေ မရှိတာနဲ့ တဆက်တည်းမှာပဲ သဘာဝအ တိုင်း မွေးဖွားဖို့အတွက် လိုအပ်တဲ့ စွမ်းရည် ချို့တဲ့လာတာ အပြင် ဆေးပညာ ဥပဒေ သတ်မှတ်ချက် ခြားနားမှုတွေ ကြောင့်လည်း ဗိုက်ခွဲ ကလေးမွေးနှုန်း တိုးလာတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုတွေမှာ အချိန်ကိုက် တိတိကျကျ လုပ်နိုင်တဲ့ ခွဲမွေးမှုတွေကြောင့် ဆရာဝန်နဲ့ ဆေးရုံတွေအတွက် ဘဏ္ဍာရေးအပိုင်း အားသာမှု ဖြစ်စေတဲ့ အခြေအနေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာတော့ သားဖွားသူနာပြု မလုံမလောက် ဖြစ်နေပြီး ခွဲမွေးနှုန်း ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကြားအထိ ရှိနေ
အခုလို ရှိနေတဲ့ အတွက်ကြောင့်လည်း သဘာဝအတိုင်း မွေးတာနဲ့ ခွဲမွေးတဲ့ အတွက် ပေးရတဲ့ ကုန်ကျစရိတ် တန်းတူထားဖို့ ဆိုတဲ့ အချက်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ခွဲမွေး လျှော့ချရေး လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တချို့နိုင်ငံတွေမှာတော့ ရှိနေတဲ့ ကျန်းမာရေး စနစ်ကြောင့်ပဲ ခွဲမွေးတာတွေ များနေတာကို တွေ့ရပြီး အရည်အသွေး မပြည့် တဲ့ ဘရာဇီးရဲ့ အခမဲ့ ကျန်းမာရေး စနစ်ကြောင့် မွေးဖို့ စောင့်နေတဲ့ မိခင်တွေကို မြန်မြန် ခွဲမွေးပေးနေတဲ့ အခြေအနေက သာဓက တခု ဖြစ်ပါတယ်။

တရုတ်နိုင်ငံ မှာတော့ သားဖွားသူနာပြု မလုံမလောက် ဖြစ်နေတဲ့ အတွက် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ အသေ အချာ မလုပ်နိုင်ပဲ သဘာဝအတိုင်း မွေးဖို့အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှု မရှိ ဖြစ်နေတာကြောင့် ခွဲမွေးနှုန်း ၄၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းကြားအထိ ရှိနေတာကို တွေ့ရပါတယ်။
ကလေး ခွဲမွေးမှုနဲ့ ပတ်သက်ပြီး ဘာတွေ တိုးတက်အောင် လုပ်နိုင်မလဲ

ကလေးခွဲမွေးနှုန်း များလာတဲ့ ကိစ္စမှာ မိခင်ရဲ့ အဝလွန်မှု၊ သွေးတိုး စတာတွေကြောင့် ခွဲမွေးရတာ ဒါမှမဟုတ် သဘာဝ အတိုင်း မမွေးချင်တာတွေ အပေါ် အခြေခံပြီး မိခင်ကိုပဲ အပြစ်တင်လို့ မရဘူးလို့ ပါမောက္ခ ဆန်းဒေါက ပြောပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ ဘက်ကလည်း ဆေးပညာ ကျွမ်းကျင်သူတွေဆီက လိုအပ် ပြည့်စုံတဲ့ အကြံပေးချက်နဲ့ ဝန်ဆောင်မှု တွေ ရဖို့လိုတယ်လို့ သူက ဆိုပါတယ်။

ကလေးခွဲမွေးနှုန်း အများဆုံး ဖြစ်နေတဲ့ နိုင်ငံတွေမှာ အဓိက စပြီး လုပ်ရမှာကတော့ ဆေးရုံ ဆေးခန်းတွေမှာ သဘာဝ အလျောက် မွေးဖွားပေးမှု ကျွမ်းကျင်တဲ့ ရှေ့တန်းရောက် ဆေးပညာဝန်ထမ်းတွေ များများထားရမယ်လို့ ပါမောက္ခ ဆန်းဒေါက အကြံပြုပါတယ်။

သဘာဝအလျောက် မွေးဖွားပေးမှု ကျွမ်းကျင်တဲ့ ရှေ့တန်းရောက် ဆေးပညာဝန်ထမ်းတွေ များများထားရမယ်လို့ ပါမောက္ခ ဆန်းဒေါက အကြံပြု
အဲဒီ နိုင်ငံတွေမှာ ကျန်းမာရေး အာမခံ စနစ်ရှိတယ်ဆိုရင် ဝန်ထမ်း ဖွဲ့စည်း ထားရှိပုံတွေကို ကူညီ ဆောင်ရွက်ပေးဖို့ လိုပြီး အစိုးရဘက်ကလည်း ဒေသတွင်းနဲ့ နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့လိုမယ်လို့ ဆိုပါတယ်။

ကလေးမွေးဖွားမှုနဲ့ ပတ်သက်တဲ့ အခွင့်အရေးဆိုင်ရာ တက်ကြွ လှုပ်ရှားသူတွေကတော့ ခွဲမွေးခွင့် တောင်းဆိုသူတွေကို နားလည်မှု လွဲတာတွေလည်း ရှိနေပြီး ဒီလို တောင်းသူတွေဟာ လိင်စော်ကားခံရဖူးသူတွေ၊ ခန္ဓာကိုယ်ပိုင်းသာမက စိတ်ကျန်းမာရေး ချို့တဲ့တာကြောင့်လည်း ခွဲမွေးဖို့ တောင်းဆိုကြတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒီလေ့လာမှုက ဘာ ကိန်းဂဏန်းတွေ တွေ့ရှိသလဲ

ဗိုက်ခွဲ ကလေးမွေးဖွားမှုဟာ မွေးဖို့ ခက်ခဲလွန်းတဲ့ အချိန်မှာပဲ လုပ်သင့်ပေမယ့် ကမ္ဘာ့နိုင်ငံတွေ အားလုံးရဲ့ တဝက်ကျော် အထိ မလိုအပ်ပဲ ဗိုက်ခွဲ မွေးဖွားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အခုလို ဗိုက်ခွဲ ကလေးမွေးဖွားနှုန်း ၅၀ ရာခိုင်နှုန်းကျော်နေတဲ့ နိုင်ငံတွေထဲမှာ ဒိုမီနီကန် သမ္မတ နိုင်ငံအပြင် ဘရာဇီး၊ အီဂျစ်နဲ့ တူရကီတို့လည်း ပါဝင်နေတယ်လို့ အဲဒီ လေ့လာမှုမှာ ပါဝင်တဲ့ သုတေသီတွေက ပြောပါတယ်။

အဲဒီ အထဲမှာ ဘရာဇီးနိုင်ငံ ကတော့ ဒီလို ဗိုက်ခွဲ ကလေးမွေးဖွားနှုန်း မြင့်နေတာကို လျှော့ဖို့ အတွက် ၂၀၁၅ ခုနှစ် ကတည်းက စပြီး မူဝါဒ ချမှတ် လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

 မြန်မာနိုင်ငံမှာတော့ ဗိုက်ခွဲမွေးဖွားတဲ့ ကလေးရာခိုင်နှုန်း ၂၀ ရာခိုင်နှုန်းအောက်ရှိ

ဗိုက်ခွဲ မွေးဖွားမှုနှုန်းဟာ ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေအကြား ကွာဟမှုတွေ ကြီးကြီးမားမား ရှိနေတာကိုလည်း တွေ့ရပါတယ်။

အထူးသဖြင့် ဆင်းရဲတဲ့ အာဖရိကတိုက် ဆာဟာရ သဲကန္တာရ တဝိုက်က နိုင်ငံတွေမှာဆိုရင် တကယ်တမ်း ဗိုက်ခွဲမွေးဖွားဖို့ လိုအပ်နေတဲ့အချိန်မှာ လုပ်ဆောင် မပေးနိုင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၁၅ ခုနှစ်အတွင်းမှာ လက်တင် အမေရိကလို့ ခေါ်တဲ့ တောင်အမေရိကတိုက်နဲ့ ကာရစ်ဘီယန် ပင်လယ်တဝိုက်က နိုင်ငံတွေမှာ ကလေးမွေးဖွားမှုရဲ့ ၄၄ ရာခိုင်နှုန်းအထိ ဗိုက်ခွဲမွေးတာ ရှိနေပေမယ့် အာဖရိက အနောက်ပိုင်းနဲ့ အလယ်ပိုင်း နိုင်ငံတွေမှာတော့ အဲဒီနှုန်းထက် ၁၀ ဆ လောက် နည်းနေပြီး ၄ ရာခိုင်နှုန်းသာ ရှိနေတာ ဖြစ်ပါတယ်။

အခုလိုတွေ ဖြစ်နေတဲ့အတွက် ကျန်းမာရေး ဝန်ထမ်းတွေ၊ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေဟာ ဗိုက်ခွဲမွေးတာကို ဆေးပညာအရ တကယ်လိုအပ်လာမှ လုပ်ဖို့နဲ့ ကလေးမွေးဖွားမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို ဖြေဖျောက်ဖို့အတွက် ပညာပေး သင်တန်းပေးတာတွေလုပ်ဖို့ အဲဒီ လန်းဆက် ဆေးပညာဂျာနယ်ရဲ့ ဗိုက်ခွဲ ကလေးမွေးဖွားမှု လေ့လာချက်က တိုက်တွန်းထားပါတယ်။
ခွဲမွေးခွင့် တောင်းဆိုသူတွေကို နားလည်မှု လွဲတာတွေလည်း ရှိနေ
ခွဲမွေး ရစေတဲ့ အခြေအနေများ
Caesarean Section လို့ခေါ်တဲ့ ကလေး ခွဲမွေးရာမှာ ဝမ်ဗိုက်နဲ့ သားအိမ်ကို ခွဲပြီး မွေးတာ ဖြစ်ပါတယ်။

ဒီလို မွေးရာမှာ ဆေးပညာ လိုအပ်ချက်ကြောင့် မဟုတ်ပဲ မိခင်ရဲ့ တောင်းဆိုချက်ကြောင့်မွေးတာ၊ သားအိမ်အတွင်း ကလေး အခြေအနေ အစရှိတဲ့ ဆေးပညာ အကြောင်းပြချက်ကြောင့် ကြိုတင် စီစဉ်ပြီး ခွဲမွေးရတာနဲ့ သဘာဝအတိုင်း မွေးစဉ်မှာ အရေးပေါ် ဖြစ်လာတဲ့ အခက်အခဲကြောင့် ခွဲမွေးတာ ဆိုပြီး သုံးမျိုးရှိပါတယ်။

ခွဲမွေးမှုကြောင့် အနာကျက်ဖို့ စောင့်ရတဲ့ အချိန်ဟာ သဘာဝအတိုင်း မွေးတာထက် ကြာမြင့်ပြီး လုံးဝ သက်သာဖို့ တလခွဲ အထိ ကြာမြင့်နိုင်သလို အမာရွတ်လည်း ကျန်ရစ်မှာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဗိုက်ခွဲ ကလေးမွေးနှုန်းတိုးလာတာနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ် ဗိုက်ခွဲ ကလေးမွေးနှုန်းတိုးလာတာနဲ့ ဖြစ်နိုင်တဲ့ အန္တရာယ် Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.