မြန်မာနိုင်ငံ နေရာတချို့ မိုးကြီးနိုင်

မြန်မာနိုင်ငံ နေရာတချို့ မိုးကြီးနိုင် (MOI)
ထိုင်းပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စနေနေ့ည သန်းခေါင်ယံ အချိန်ကနေ နောက် ၂၄ နာရီ အတွင်း မြန်မာနိုင်ငံတဝန်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့မှာ မိုးရွာမယ့် သတိပေးချက်တရပ်ကို မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက စနေည ၁၁ နာရီခွဲအချိန်မှာ ထုတ်ပြန်ထားပါတယ်။

နေရာစိပ်စိပ်က နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားတဲ့ ဒေသတွေကတော့ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းဒေသကြီးတွေ၊ ကယား၊ ကရင်၊ မွန်ပြည်နယ်တွေဖြစ်ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တခါတရံ မိုးသက်လေပြင်း ကျပြီး လှိုင်းအသင့်အတင့်က လှိုင်းကြီးနိုင်တယ်လို့ သတိပေးချက်မှာ ပြောထားပါတယ်။

မိုးသက်လေပြင်းကျတဲ့အချိန်မှာ လေတိုက်နှုန်း တနာရီ ၃၅ မိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ဖော်ပြထား ပါတယ်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအမြင့် ၆ ပေကနေ ၉ ပေလောက်အထိ ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ သတိပေးနှိုးဆော်ချက်မှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com
မြန်မာနိုင်ငံ နေရာတချို့ မိုးကြီးနိုင် မြန်မာနိုင်ငံ နေရာတချို့ မိုးကြီးနိုင် Reviewed by THITHTOOLWIN on 08:14 Rating: 5
Powered by Blogger.