ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ပင်စင်ပေး၊ တပ်ခေါင်းဆောင်တချို့ကို ရာထူးပြောင်းရွှေ့

ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း တို့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုသမ္မတ နှစ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးတို့နဲ့အတူ နေပြည်တော်မှာ ၂ဝ၁၆၊ မတ်လ ၃ဝ ရက်နေ့က တွေ့ရစဉ် / Photo: YE AUNG THU / POOL / AFP
ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ ကစထမှူး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အပြင် တပ်မတော်က ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ် ၁၀ ဦးကျော်ကို သက်ပြည့်ပင်စင်ပေးတာ၊ အနားပေး တာနဲ့ ရာထူးပြောင်းရွှေ့တာတွေ ပြုလုပ်ခဲ့ကြောင်း လူမှုကွန်ယက်မှာ ပေါက်ကြားလာတဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်ရာထူးခန့်ချုပ်ရုံးက အပြောင်းအရွှေ့ စာရင်းမှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်း ကို သက်ပြည့်ပင်စင်ပေးလိုက်ပြီး သူ့နေရာမှာ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး ဆန်းဦးကို ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေကို သက်ပြည့် ပင်စင်ပေးလိုက်ပြီး စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ညိုစောကို ပြည်ထဲရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ ဖော်ပြထားတာဖြစ်ပါတယ်။

ကချင်၊ စစ်ကိုင်း၊ မန္တလေးကို တာဝန်ယူရတဲ့ ကစထမှူး ၁ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို အနားပေးအရေးယူ ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ သူဟာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်သား ကိုယ်စားလှယ်အနေနဲ့ ပါဝင်နေသူဖြစ်ပြီး ဘာကြောင့်အရေးယူ အနားပေးတယ်ဆိုတဲ့မှတ်ချက် မပါရှိပါဘူး။

အလားတူ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ ကစထ ၆ က ဒုဗိုလ်ချုပ်ကြီး ၀င်းဗိုလ်ရှိန်ကို အနားပေးကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန အတွင်းဝန်က သူ့အနေနဲ့ မသိရှိကြောင်း ဖြေကြားပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတွေကတော့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA Burmese
https://www.rfa.org
ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ပင်စင်ပေး၊ တပ်ခေါင်းဆောင်တချို့ကို ရာထူးပြောင်းရွှေ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးတွေကို ပင်စင်ပေး၊ တပ်ခေါင်းဆောင်တချို့ကို ရာထူးပြောင်းရွှေ့ Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.