တရုတ်ပြည်က ပျောက်ဆုံးမှုတွေကြောင့် အစိုးရရဲ့ ချုပ်ကိုင်မှုတွေ တွေ့ရ

တရုတ်ပြည်ရဲ့ နာမည်အကြီးဆုံး ရုပ်ရှင်မင်းသမီးနဲ့ အင်တာပို အကြီးအကဲတို့ မကြာခင်က ပျောက်သွားခဲ့ပြီးမှ အဖမ်းခံရကြောင်း တွေ့ရ
တရုတ် နိုင်ငံမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ် နှစ်ယောက် မကြာခင်က ပျောက်ဆုံးသွားတဲ့ ကိစ္စတွေ ဖြစ်ခဲ့ပြီးနောက် တရုတ်ရဲ့ တရားရေး စနစ်ကို နိုင်ငံတကာက ပြန် အာရုံစိုက်လာကြပါတယ်။ လျှို့ဝှက် ထိန်းသိမ်းရေး စခန်းတွေ အကြောင်း ကိုရော သတိပြုလာကြပါတယ်။

ပထမဆုံး ပျောက်သွားတာက ထိပ်တန်း မင်းသမီး ဖန်ပင်းပင်းပါ။

ဒီနှစ် နွေရာသီမှာ မင်းသမီးကို လူမှုကွန်ရက်နဲ့ ပြင်ပမှာ လုံးဝ မတွေ့ရဘဲ ပျောက်ချက်သား ကောင်းနေပါတယ်။ အောက်တိုဘာကျမှ အခွန်ရှောင်တဲ့ ကိစ္စ နဲ့ တောင်းပန်ရတဲ့ ကိစ္စက ထွက်လာပါတယ်။

ဖန်ပင်းပင်း ပြန်ထွက်လာပြီး နှစ်ရက်မှာပဲ နိုင်ငံတကာ ရာဇဝတ်မှုခင်း စုံစမ်းရေး ရဲအဖွဲ့ အင်တာပိုက ဥက္ကဋ္ဌ မန်ဟုန်ဝေ တရုတ်ပြည် လာရင်း ပျောက်သွားပြန်ပါတယ်။ သူ့မိန်းမဆီ ပို့တဲ့ နောက်ဆုံး တယ်လီဖုန်း မက်ဆေ့ခ်ျမှာ ဓားပုံ ပါပါတယ်။ သူ အန္တရာယ်နဲ့ ကြုံနေရပြီလို့ မိန်းမက အဓိပ္ပာယ်ကောက်ပါတယ်။

အောက်တိုဘာ ၈ ရက်မှာပဲ သူ့ကို လာဘ်စားမှု နဲ့ စစ်ဆေးနေတယ်လို့ တရုတ် အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။

ဒီအမှု နှစ်ခုကြောင့် နိုင်ငံတကာက အာရုံစိုက်မှု ရှိလာပါတယ်။ တကယ်က တရုတ်မှာ ဖမ်းဆီး ပျောက်ကွယ်မှုတွေက အဆန်း မဟုတ်ပါဘူး။
ပျောက်ကွယ်မှု၊ ခံဝန်ချက်နဲ့ အပြစ်ဒဏ်

ပျောက်ဆုံးသူတို့ ပြည်သူ့သမ္မတ နိုင်ငံ စာအုပ်ကို ရေးတဲ့ မိုက်ကယ် ကက်စတာကတော့ ဒီလို အတင်းဖမ်းဆီး ပျောက်ကွယ်မှုတွေဟာ သမ္မတရှီခေတ် တရုတ်ပြည်ရဲ့ အုပ်ချုပ်မှု စနစ်ကို ပြနေတယ် လို့ဆိုပါတယ်။

ပုံမှန် အားဖြင့် ဖြစ်လေ့ရှိတဲ့ ဖမ်းဆီးမှု အခင်းအကျင်းကိုလည်း သူက ရှင်းပြပါတယ်။

    တယောက်ချင်းလိုက် ပျောက်သွားတဲ့ ကိစ္စတွေက ရက်တွေ သီတင်းပတ်တွေနဲ့ချီ ကြာတတ်ပြီး အဲဒါကလည်း သူတို့ကို ဘာကြောင့် ဖမ်းထားတယ် ဆိုတာကို အာဏာပိုင်တွေက ထုတ်ပြောတဲ့အချိန်ထိ ကြာတတ် ပါတယ်။
    နောက်ပြီး လူသိရှင်ကြား အပြစ်ဝန်ခံတာနဲ့ တောင်းပန်တာတွေ လုပ်ရပါတယ်။ တချို့ကိုတော့ နှစ်ချီ ဖမ်းထားပြီး ဘာသတင်းမှ ထွက်မလာတာလည်း ရှိတတ်ပါတယ်။
    နောက်ထပ် ထောင်ချတဲ့ ပြစ်ဒဏ်ပေးမှုတွေလည်း ရှိတတ်ပြီး ဖန်ပင်းပင်းကတော့ ဒေါ်လာ ၁၂၉ သန်းဖိုး ဒဏ်ကြေးတပ်ခံရပါတယ်။

ဒီလို ပျောက်သွားတဲ့ ကိစ္စတွေက လူတန်းစား ပေါင်းစုံမှာ ဖြစ်တတ်ပြီး ဒီစာရင်းမှာ လူ့အခွင့်အရေး ရှေ့နေ၊ အကျင့်ပျက် ခြစားတဲ့ အရာရှိ၊ နိုင်ငံရေးနဲ့ ရမယ်ရှာခံရတဲ့ အာဏာပိုင်တွေ အပြင် ပါတီ ခေါင်းဆောင်တွေကို ဒေါသထွက်အောင် ဝေဖန်တဲ့စာတွေ ရေးတဲ့ စာအုပ်ဆိုင်ရှင်တွေလည်း ပါတတ်ပါတယ်။ တခါတလေကျတော့ ထိပ်ဆုံးကနေ ပါတီနဲ့ ကာရန်မသင့်ဖြစ်လို့ လျှောကျလာသူတွေလည်း ပါပါတယ်။
တရုတ်ပြည်ရဲ့ ဥပဒေ စိုးမိုးရေး

ရှီကျင်ပင်း တရုတ်ပြည်မှာ ထိပ်တန်း ခေါင်းဆောင် ဖြစ်လာတဲ့ ၂ဝ၁၂ က စပြီး တရုတ်ပြည်မှာ အတိုက်အခံတွေရဲ့ဘောင်က ကျဉ်းလာပါတယ်။ ပြီးတော့ သူတို့ကို နှိပ်ကွပ်မှုက ပိုကြမ်းပြီး ပိုစနစ်ကျလာပါတယ်။

ရှီရဲ့ ခြစားမှု တိုက်ဖျက်ရေး စီမံချက်ကြောင့် အရာရှိ တသန်းကျော်လောက် အရေးယူခံခဲ့ရပါတယ်။ ဒီလို လူကြိုက်များတဲ့ လှုပ်ရှားမှုမျိုးနဲ့ ရန်ဘက်တွေကို နိုင်ငံရေး အရ ဖယ်ရှားဖို့ လုပ်နေတာလို့ တရုတ် အစိုးရကို စွပ်စွဲတာတွေလည်း ရှိပါတယ်။

ပြည်တွင်းမှာ ဖန်ပင်းပင်းနဲ့ မန်ဟုန်ဝေတို့ထက် ပိုပြီး နိုင်ငံရေးအရ အာဏာရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေလည်း ဖမ်းတာတွေလည်း ရှိခဲ့ပါတယ်။

ဒီထဲမှာ ဝါအရင့်ဆုံးကတော့ တရုတ်ပြည်မှာ တတိယ အာဏာအရှိဆုံး ဖြစ်ခဲ့တဲ့ ဂျိုယုန်ကန်း ပါ။

ပြည်တွင်း လုံခြုံရေးကိုလည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ ၂ဝ၁၅ မှာ သူ့ကို လာဘ်စားမှု၊ အာဏာအလွဲသုံးမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုတွေနဲ့ ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

တရုတ်ကွန်မြူနစ် ပါတီ အုပ်စိုးမှု အနှစ် ၇ဝ ရှိ
ဂျိုယုန်ကန်းရဲ့ အငွေ့အသက်ကို လုံးဝ ပျောက်ကွယ်သွားအောင် ဖျောက်ဖျက်ပစ်ရမယ် ဆိုပြီး မန်ဟုန်ဝေကို စွပ်စွဲမှုတွေ ကြေညာချိန်မှာ တရုတ် အစိုးရ ဘက်က ပြောကြားခဲ့ပါတယ်။

မန်ဟုန်ဝေကို ဂျိုယုန်ကန်းလက်ထက်မှာ ပြည်သူ့လုံခြုံရေး ဌာန ဒုတိယ ဝန်ကြီး အထိ ရာထူးတိုးပေးခဲ့ပါတယ်။

ဒါကြောင့် သူ့ကို နိုင်ငံရေးနဲ့ နှိပ်ကွပ်တာ လို့ပဲ တရုတ်အရေး စောင့်ကြည်သူတွေက ယူဆပါတယ်။

ဒါပေမဲ့ ဖန်ပင်းပင်းနဲ့ မန်ဟုန်ဝေလို ကမ္ဘာသိ ပုဂ္ဂိုလ်တွေကို ခပ်ကြမ်းကြမ်း ကိုင်တွယ်တာနဲ့ ပတ်သက်ပြီး တရုတ်အပေါ် အမြင်တမျိုး ရှိလာကြပါတယ်။

သူတို့ကို ချက်ချင်းဖမ်းပြီး စစ်ဆေးရေး စကြောင်း ကြေညာတာ မလုပ်ဘဲ အချိန်အတော်ကြာ ပျောက်နေတဲ့ ကိစ္စက လူအများ အာရုံစိုက်မှု ရစေလို့ပါပဲ။

တရုတ် ကွန်မြူနစ်ပါတီက သူ့အာဏာ ခိုင်မာတာကို ပြည်တွင်းရော ပြည်ပမှာပါ ပြလိုပုံ ရတယ်လို့ အာရှ အသင်းတော်က တရုတ် အမေရိကန် ဆက်ဆံရေး အကြီးတန်း သုတေသီ အိုက်ဆက် စတုန်း ဖစ်ရှ်က ပြောပါတယ်။

သူတို့ လုပ်ကိုင် ဆောင်ရွက်ပုံ၊ စဉ်းစားဆုံးဖြတ်ပုံနဲ့ ပတ်သက်ပြီး ပြည်တွင်းမှာရော ပြည်ပက လူတွေကိုပါ ဘာမှ ရှင်းပြစရာ မလိုတဲ့ပုံ ယူဆပုံ ရတယ်လို့လည်း ဆိုပါတယ်။

ပြည်တွင်း ပရိသတ်

ကွန်မြူနစ် ပါတီ အမြင်အရ ဒီလို စုံစမ်းစစ်ဆေးခံရသူတွေဟာ ပျောက်သွားတာ မဟုတ်ဘဲ ဗျူရိုကရေစီ နည်းစနစ်အရ ထိန်းသိမ်းထားတာပဲ ဖြစ်ပါတယ်။

 မော်စီတုန်းအလွန်မှာ ရှီကျင်ပင်းက အာဏာအရှိဆုံး တရုတ်ခေါင်းဆောင် ဖြစ်လာ
မန်လို ပုဂ္ဂိုလ်မျိုးက နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ ရာထူးကြီးတွေ ရလာတာဟာ တရုတ်ပြည်ကို နိုင်ငံတကာမှာ သြဇာပိုတက်လာစေပါတယ်။

ဒါပေမဲ့ မန်ကို ဖမ်းတဲ့ကိစ္စကတော့ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ ငွေကြေးရန်ပုံငွေ အဖွဲ့၊အိုလံပစ် ကော်မတီ စတဲ့ နိုင်ငံတကာ အဖွဲ့တွေ အားလုံးမှာ တရုတ်ပြည်က ခန့်ထားသူ မှန်သမျှကို သတိမပေးဘဲ ချက်ချင်း ဖမ်းလို့ရတယ် ဆိုတာ ရှင်းရှင်း ပြောလိုက်တာပဲလို့ မစ္စတာ စတုန်းဖစ်ရှ်က ပြောပါတယ်။

မန်ဟာ တရုတ်ပြည်မှာတော့ ပါတီဝင် တယောက်ပဲ ဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးမှုတွေဟာ နိုင်ငံတကာမှာ တရုတ်ပြည် သိက္ခာကို ထိခိုက်ပေမယ့် ဒီသတင်းစကားကို အဓိက ပေးလိုတာက ပြည်တွင်း ပရိသတ်ပဲ ဖြစ်တယ်လို့လည်း ကက်စတာက ပြောပါတယ်။

ကမ္ဘာပေါ်မှာ ကြေးအမြင့်ဆုံး ရုပ်ရှင် သရုပ်ဆောင်တယောက် ဖြစ်တဲ့ ဖန်ပင်းပင်း
ဒါဟာ ဖမ်းခံရသူသာမက သူ့နံဘေးက အသိုင်းအဝိုင်းကိုပါ ဖဲ့ချိုးလိုက်တာပဲ လို့လည်း ဆိုပါတယ်။

လူ့အခွင့်အရေး ရှေ့နေတွေပဲ ဖြစ်ဖြစ်၊ အခွန်ရှောင်တဲ့ နာမည်ကျော်ပဲ ဖြစ်ဖြစ်၊ နိုင်ငံရေး ပြိုင်ဘက် ဖြစ်ဖြစ် ဘယ်လို အသိုင်းအဝိုင်း လောကကိုမဆို သတိပေးတာလို့ ပြောပါတယ်။

အင်တာပိုက မန်ရဲ့ နုတ်ထွက်စာကို လက်ခံတာကိုလည်း အများစုက အံ့သြကြပါတယ်။ ဒီစာကို ဖမ်းထားတဲ့နေရာက ပို့တာကိုလည်း မေးခွန်းမထုတ်ဘဲ လက်ခံလိုက်တာပါ။

သက်သေအထောက်အထား စစ်လို့မရတဲ့ ထုတ်ပြန်ချက်ကို အင်တာပိုက လက်ခံပြီး ထပ်မံ ဖိအားပေးတာတွေ မလုပ်ဘူးလို့လည်း ကက်စတာက ပြောပါတယ်။
ပျောက်သွားသူတွေ ဘာဖြစ်သွားသလဲ

ရက်ရက်စက်စက် စစ်တဲ့နည်းတွေ ရှိတယ်လို့လည်း ကက်စတာက ဆိုပါတယ်။ မအိပ်ဘဲ နေခိုင်းတာ၊ တချိန်လုံး ညှဉ်းပန်းစစ်ဆေးမှုတွေ လုပ်တာ စတဲ့ နည်းတွေပါ။ လူတွေကို ပုံစံမျိုးစုံနဲ့ မတ်တတ် အကြာကြီး ရပ်ခိုင်းတာ၊ လိင်ပိုင်းဆိုင်ရာ မတော်တလျော်ပြုတာ၊ နံပါတ်တုတ်နဲ့ ရိုက်တာ၊ လျှပ်စစ်နဲ့ ရှော့တိုက်တာတွေ အထိ ရှိပါတယ်။

တက်ကြွလှုပ်ရှားသူလား၊ လူ့အခွင့်အရေး ရှေ့နေလား၊ ပါတီ အရာရှိကြီးလား၊ နာမည်ကြီးလား စစ်တဲ့သူဟာ ဘယ်လိုလူမျိုးလဲ အပေါ် မူတည်တယ်လို့လည်း သူက ပြောပါတယ်။

နာမည်ကြီးမို့လို့ ပိုပြီး ကောင်းကောင်း ဆက်ဆံခံရမယ် ဆိုတာ မသေချာဘူးလို့လည်း ဆိုပါတယ်။ လူတွေ ထင်တာထက် နှိပ်စက်တာတွေက ပိုဆိုးတတ်တယ်လို့လည်း ဆိုပါတယ်။

တရုတ် အစိုးရကတော့ ညှဉ်းပန်းနှိပ်စက်တာတွေ လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ငြင်းပယ်ပါတယ်။

အဖမ်းခံရချိန်မှာ ဘာပဲဖြစ်ဖြစ်၊ ဒီလိုပျောက်သွားသူတွေ ပြန်ပေါ်လာပြီး သူတို့အပြစ်တွေကို ဝန်ခံ တောင်းပန်ရတာကလည်း မလွဲမသွေ လုပ်ရပါတယ်။

ဖန်ပင်းပင်းက သူလုပ်ခဲ့သမျှ ကိစ္စတွေအတွက် အရှက်ရမိကြောင်း ပြောကြားသလို ပါတီနဲ့ နိုင်ငံတော်ရဲ့ မူဝါဒကောင်းတွေရယ် ပြည်သူတွေရဲ့ ချစ်ခင်မှုရယ် မရှိဘဲ ဖန်ပင်းပင်း ဆိုတာ ပေါ်မလာဘူး လို့လည်း ဆိုပါတယ်။

မန်ဟုန်ဝေကိုတော့ လာဘ်စားမှုတွေနဲ့ ရုံးတင် အပြစ်ပေးခံရမှာက ရာနှုန်းပြည့်နီးပါး သေချာတဲ့ပုံ ရှိပါတယ်။

ဒီလို နာမည်ကြီးတွေကို ဖမ်းတဲ့ကိစ္စကို ကြည့်ပြီး တရုတ်နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ တရုတ်အစိုးရက သူ့စည်းကမ်းနဲ့ သူရှိတယ်ဆိုတာ ပြနေတယ်လို့ သုံးသပ်သူတွေက ယူဆနေကြပါတယ်။

အပြင်မှာ ဘယ်လိုဖြစ်ဖြစ် ကွန်မြူနစ်ပါတီနဲ့ ရှီကျင်းပင်ကို သစ္စာခံမှုက အရင်လာတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
တရုတ်ပြည်က ပျောက်ဆုံးမှုတွေကြောင့် အစိုးရရဲ့ ချုပ်ကိုင်မှုတွေ တွေ့ရ တရုတ်ပြည်က ပျောက်ဆုံးမှုတွေကြောင့် အစိုးရရဲ့ ချုပ်ကိုင်မှုတွေ တွေ့ရ Reviewed by THITHTOOLWIN on 04:35 Rating: 5
Powered by Blogger.