မြန်မာကာချုပ်ပုံကို လူအများအပြားကို သတ်ဖြတ်မှု အတွက် အလိုရှိသည် စာတမ်းထိုး လှုံ့ဆော်

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပုံကို အလိုရှိသည် စာတန်းထိုးပြီးလှုံ့ဆော်
မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဓာတ်ပုံမှာ လူအများအပြားကို သတ်ဖြတ်မှု အတွက် အလိုရှိသည် စာတမ်းရေးထိုးပြီး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတရပ်ကို နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၄ ရက်ညက လုပ်ခဲ့ပါတယ်။

လှုံ့ဆော်လှုပ်ရှားမှုကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က ဦးစီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီတပတ်အတွင်း နယူးယောက်မြို့မှာ ၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပမှာ ဖြစ်တဲ့ အတွက် အဲဒီညီလာခံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အရေးယူနိုင်ရေး ဆောင်ရွက်ဖို့ အခုလို လှုပ်ရှားလှုံ့ဆော်တာ ဖြစ်ပါတယ်။

Amnesty International
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံနဲ့ အလိုရှိသည် စာတမ်းပါ ပိုစတာတွေကို နယူးယောက်မြို့တွင်း လမ်းဘေးနေရာ ၃၀ မှာ ကပ်ခဲ့ပါတယ်။ နယူးယောက်မြို့ရဲ့ အထင်ကရနေရာတွေမှာလည်း ပိုစတာတွေ ကပ်ခဲ့ပါတယ်။ ကုန်ပစ္စည်း သယ်ပို့တဲ့ ဗင်ကားရဲ့ ဘေးဘက်နဲ့ နောက်ဘက်မှာလည်း ပိုစတာကပ်ပြီး လှည့်လည် မောင်းနှင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တာဝန်ရှိမှုအတွက် ဒီတပတ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြတဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မျက်နှာကို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စိတ်ထဲရှိနေစေချင်လို့ အခုလှုပ်ရှားမှုကို လုပ်တာလို့ Amnesty International အတွင်းရေးမှူး ကူမိနိုင်ဒူးက သူတို့ရဲ့ ဝက်ဆိုက်စာမျက်နှာမှာ ဖော်ပြပြောကြား ထားပါတယ်။

 Amnesty International
"ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ လူအမြောက်အများကို သတ်ဖြတ်တဲ့ရာဇဝတ်မှု (Crime Against Humanity) ကို ကြီးကြပ် ဆောင်ရွက်ခဲ့တဲ့အတွက် တာဝန်ရှိပါတယ်။ မြန်မာစစ်တပ်က လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်း နှိပ်စက်မှု၊ ရွာတွေမီးရှို့မှု စတဲ့ ဆိုးဝါးတဲ့လုပ်ရပ်တွေ လုပ်ဆောင်လို့ သိန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့အချိန်မှာ ထိပ်ဆုံးက အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြစ်ပါတယ်။"

"သူ့စစ်တပ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ပြည်တွင်းစစ်ဖြစ်ရာဒေသက လူနည်းစု တွေ အပေါ်မှာလည်း လူအမြောက်အများကို သတ်ဖြတ်တဲ့ရာဇဝတ်မှု (Crime Against Humanity) ကျူးလွန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဒီလုပ်ရပ်တွေ အတွက် တာဝန်ယူရေးကိုဆွေးနွေးကြချိန်မှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ သူ့မျက်နှာကို မြင်နေစေချင်တာပါ" လို့ Amnesty International အတွင်းရေးမှူး ကူမိနိုင်ဒူးကဆိုပါတယ်။

အခုတပတ် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေ အနက် ရိုဟင်ဂျာတွေနဲ့ တခြား မြန်မာပြည်က လူနည်းစုတွေ အပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် တာဝန်ရှိသူကို အရေးယူရေးဟာ ထိပ်တန်းကပါဝင်မယ့် အကြောင်းအရာဖြစ်ပါတယ်။

 Amnesty International
စက်တင်ဘာ ၂၄ ရက်ညက ပိုစတာတွေနဲ့အတူ အသက်ရှင် လွတ်မြောက်သူ ရိုဟင်ဂျာတချို့ရဲ့ စိတ်ထိခိုက်စရာ စကားတချို့ကိုပါ ဖော်ပြခဲ့ပါတယ်။

"ကလေးငိုသံကို ကျမကြားရပါတယ်။ နောက်သေနတ်သံ ကြားရပါတယ်။ အဲဒီနောက် ဘာမှ ထပ်မကြားရတော့ပါဘူး" ဆိုတဲ့ အသက် ၄၅ နှစ်အရွယ် ရိုဟင်ဂျာ အမျိုးသမီးတယောက်ရဲ့ စကားကိုလည်း ဖော်ပြထားပါတယ်။ ၂၀၁၇ ခု သြဂုတ်လတုန်းက သူ့ရဲ့ ၇ လအရွယ်သမီးငယ်ကို စစ်သားတွေက သတ်ခဲ့တဲ့ အကြောင်း သရုပ်ဖော်ပြောဆိုချက်ကို ကိုးကားထားဖော်ပြတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာ အမျိုးသမီး၊ အမျိုးသား၊ ကလေးငယ်တွေအပေါ်ကျူးလွန်တဲ့ လူအမြောက်အများကိုသတ်ဖြတ်တဲ့ရာဇဝတ်မှု(Crime Against Humanity)တွေကို စစ်တပ်ဟာ အကွက်ချစီစဉ်ပြီး ချိတ်ဆက်မိမိ လုပ်ဆောင်ခဲ့တာလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲထားတာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
မြန်မာကာချုပ်ပုံကို လူအများအပြားကို သတ်ဖြတ်မှု အတွက် အလိုရှိသည် စာတမ်းထိုး လှုံ့ဆော် မြန်မာကာချုပ်ပုံကို လူအများအပြားကို သတ်ဖြတ်မှု အတွက် အလိုရှိသည် စာတမ်းထိုး လှုံ့ဆော် Reviewed by THITHTOOLWIN on 21:46 Rating: 5
Powered by Blogger.