မထင်မှတ်သော သွေးတစ်စက်

ဓာတ်ပုံ- Google
၂၀၀၃ ခုနှစ် ဒီဇင်ဘာရဲ့ ဆောင်းအအေးဓါတ်နှင့်အတူ ကျွန်မတို့ သင်တန်းသူ(၁၁)ယောက် တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် သင်တန်းတက်ရောက်ကာ ပညာသင်ယူချိန်အခါက အထူးအဆန်း ဖြစ်နေတော့သည်။ သွေးဖောက်ယူ တတ်ရန် သင်ယူချိန်တွင် ကျွန်မရဲ့သူငယ်ချင်းတစ်ယောက် မတော်တဆ လူနာကိုသွေးဖောက်ပြီးသော အပ်ထိုးမိ တော့သည်။ ထိုသို့ အပ်ထိုးမိသောအခါ ကျွန်မသူငယ်ချင်း ရှမ်းတိုင်းရင်းသူလေးကတော့ ချုံးပွဲချ ငိုယိုပါလေသည်။ ချော့မော့ နှစ်သိမ့်ကြပေသော်လည်း မပြေပျောက်ပါ။ ထိုစဉ်အချိန်က အပ်စူးတာလေးကိုပင် အဘယ့်ကြောင့် ဖြေမ ဆည်နိုင်အောင် ငိုကြွေးခဲ့သည်ကို ကျွန်မ စဉ်းစားမရ ဖြစ်ခဲ့သည်။ ထိုသူငယ်ချင်းကိုလည်း ဇီဇာကြောင်သည်ဟု တွေး ထင်မိခဲ့ဖူးသည်။

နောင်သောအခါမှ ကျွန်မတို့ ဓါတ်ခွဲခန်းမှူးများ အထူးသတိပြုရမည့် ရောဂါဆိုးကြီး တစ်ရပ်ကြောင့်ဟု သိရှိလာရတော့ သည်။ အမှတ်တမဲ့ ပေါ့ဆမှုများသည် HIV မည်သော ရောဂါဆိုးကြီး ကူးစက်လောဟု တွေးပူထိတ်လန့်ခြင်းဖြစ် ကြောင်း ကိုယ်ချင်းစာ နားလည်မိပါသည်။ များမကြားမီပင် စဝ်စံထွန်းဆေးရုံ၏ ရှေ့ဘက်စစ်တပ်မှ စစ်သည်များ ရာ ထူးတိုးသင်တန်း တက်ရောက်ရန်အတွက် (၁၅)ယောက်ခန့် သွေးဖောက်စစ်ကြလေသည်။ ထိုအထဲမှ စစ်သည် တစ် ဦးသည် HIV (Positive) အဖြေထွက်လေသည်။ (Confiation test) ထပ်လုပ်ပြီး အဖြေထုတ်သောအခါ ကျွန်မတို့ အားလုံး တအံ့တသြ ဖြစ်ခဲ့ရသည်။ ထိုကာလ HIV ရှိသူကို ရှားရှားပါးပါး တွေ့ရှိခဲ့လိုက်ရခြင်းပင်။ ထို့ပြင် ထိုစစ်သည် ကိုလည်း ကျွန်မတို့ သင်တန်းသူများ တွေ့ချင် မြင်ချင်မိခဲ့သည်။

ထိုစစ်သည်မှာ စစ်ရေးပြတပ်ဖွဲ့မှ ဘင်ခရာတပ်စု တာဝန်ထမ်းဆောင်နေသော လူငယ်တစ်ဦးဖြစ်နေလေသည်။ ထိုင်း-မြန်မာနယ်စပ်တွင် တာဝန်ထမ်းဆောင်နေစဉ်အခါက ငှက်ဖျားရောဂါဖြင့် ဆေးရုံတက်ကုသစဉ် သွေးသွင်းကုသခံခြင်း ကြောင့် ကူးစက်ခံရမှုကြောင်းကို ဝမ်းပန်းတနည်း ပြောပြရှာသည်။ ထိုခေတ် ထိုသော အချိန်ကာလက HIV ရောဂါအ တွက် ART (Antiretroviral Therapy) ဆေးသောက်သုံးခွင့် မရခဲ့သည့်အတွက် ကူးစက်ခံလူနာများ၏ ရင်ထဲတွင် မည်မျှ ထိတ်လန့်တုန်လှုပ်နေမည်ကို ကိုယ်စားဝင် မတွေးရဲအောင်ပင် စာနာသနားမိပါတော့သည်။

ART ဆေးဆိုသည်မှာ HIV ရောဂါရှင်များ၏ HIV ပိုးကို ပျောက်ကင်းအောင် မပြုလုပ်နိုင်သော်လည်း မိမိတို့၏ စိတ်ကို မကျဆင်းစေဘဲ ပုံမုန်သောက်သုံးမည်ဆိုပါက သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ပေမည် ဖြစ်သည်။ ART သည် ကိုယ်ခံအား မြင့်တက်စေသော အကျိုးအာနိသင်များ ရှိနေပေသည်။

HIV ရောဂါကို မြန်မာနိုင်ငံတွင် (၁၉၈၈) ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ ထိုကာလမှ ယခု (၂၀၁၈)ခုနှစ် ကာလအထိ နှစ်ပေါင်း(၃၀)အတွင်း HIV ရောဂါကူးစက်ပျံ့နှံ့မှုသည် အထူးအဆန်းပင် မဖြစ်တော့အောင် များပြားလွန်းလှပေသည်။ ကူးစက်ပျံ့ပွားလာမှု အမျိုးမျိုးထဲမှ မူးယစ်ဆေးဝါးကို အကြောထဲသို့ ထိုးသွင်းရာမှတဆင့် ကူးစက်နှုန်းမှာ ယခုဆိုလျှင် ကျွန်မတို့ ရှမ်းပြည်မြောက်ပိုင်းက အမြင့်ဆုံးဖြစ်နေသည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ လိင်တူဆက်ဆံသူများက လည်း အများဆုံး ပါဝင်နေသည်။

တိုးတက်သော ခေတ်နှင့်အညီ အသိအမြင်ကျယ်ပြောလာသော ယခုအခါတွင် သွေးစစ်ဆေးခြင်း၊ သွေးလှူဒါန်းခြင်းကို ယခင်ခေတ်ကကဲ့သို့ ကြောက်ရွံ့မနေကြတော့ဘဲ သတ္တိရှိရှိ ကိုယ်တိုင်လာရောက်စစ်ဆေးသူများလည်း များပြားလာ ပေပြီ။ ယခင်က စိုးရွံ့စိတ်များဆိုသည်မှာ မိမိ၌ ရောဂါတစုံတရာရှိလာသည်ကို စစ်ဆေးတွေ့ရှိသဖြင့် တစုံတယောက် သိလာမည်ကို ရှက်ရွံ့ စိုးထိတ်မှုများကြောင့် ဖြစ်သည်။ မိမိတို့ လူမှုပတ်ဝန်းကျင်တွင် နှိမ်ချခွဲခြား ဆက်ဆံခံရမည်ကို တွေးပူ ကြောက်ရွံ့လာမှုများလည်း ပါဝင်ပေမည်။

သင့်တင့်မျှတသော အခကြေးငွေသာ ယူဆောင်ကာ ဖွင့်လှစ်ထားသော ကျွန်မရဲ့ ကိုယ်ပိုင်ဓာတ်ခွဲခန်းလေးသို့ သွေး လာစစ်သူများထဲမှလည်း အကြောင်းမျိုးမျိုးကြောင့် HIV လာရောက်စစ်ဆေးသူများလည်း ရှိနေပေပြီ။ နိုင်ငံရပ်ခြားသို့ သွားရောက်ရန် တစ်ယောက်တည်းသာ ကျွန်မဆေးခန်းလေးသို့ လာရောက်စစ်ဆေးရာ မမျှော်လင့်ဘဲ HIV ရောဂါရှိ ကြောင်း အဖြေကို ရုတ်တရက် သိရှိလိုက်ရသဖြင့် ဆေးခန်းထဲ၌ပင် မေ့လဲကျသွားတာမျိုးပင် ကျွန်မကိုယ်တိုင် ကြုံ တွေ့ခဲ့ရဖူးသည်။ ကျွန်မတို့သည်လည်း ရှေးဦးသူနာပြုစုနည်းကိုပါ တတ်ထားရလေတော့သည်။ ထိုကဲ့သို့ အဖြစ်အ ပျက်မျိုး ကြုံလာပေက ကျွန်မတို့မှာ သတိပြန်လည် ရရှိလာအောင် ပြုလုပ်ကြရခြင်းပင်။

မည်သို့ပင် မိမိ၏ ကိုယ်ကျင့် သိက္ခာစောင့်ထိန်းမှုကို မိမိတို့ ကိုယ်တိုင်ယုံကြည်နေကြသည်ဖြစ်စေ အမှတ်တမဲ့ ပေါ့ လျော့မှုကြောင့်လည်းကောင်း အခြားတစုံတယောက်ယောက် ပေါ့ဆမှုများကြောင့်လည်းကောင်း မိမိကိုယ်တိုင် မည်မျှ စောင့်ထိန်းနေထိုင်သော်လည်း ထိုရောဂါဆိုးသည် တည့်တည့်မတ်မတ် ဆိုက်ကပ်လာတတ်သေးပေသည်။

အချို့သွေးလာစစ်သူများတွင်လည်း HVI ရောဂါ စမ်းသပ်တွေ့ရှိပါသော်လည်း စစ်ဆေးသူ ကျွန်မအား ရှက်သော ကြောင့် ထင်ပါသည်။ မိမိတို့ကိုယ်တိုင် မူးယစ်ဆေးမကင်းလွှတ်၊ လိင်ကိစ္စ ရှုပ်ပွေသော်လည်း ရောဂါရှိသူသွေးကို ဆေးကုသရင်း သွင်းမိပါသည်ဟု ချော်လဲရောတိုင် ပြောတတ်ကြပါသေးသည်။ ရောဂါပိုးများကို အသေချာ စစ်ဆေး ပြီးပေမှ လူနာ၏ ခန္ဓာကိုယ်အတွင်းသို့ ထည့်သွင်းကုသပေးနေသော ကျွန်မတို့ ဓါတ်ခွဲခန်းမှူးများကို သွယ်ဝှိုက်ကာ စော်ကားနေသကဲ့သို့လည်း ခံစားခဲ့ရပေသည်။

ယခုအခါတွင် တိုးတက်လာသော ဆေးပညာနှင့်အညီ အစိုးရမှ ထောက်ပံ့ထားသော သွေးစစ်ပစ္စည်းများ ရောက်ရှိ သုံး စွဲလာချိန်တွင် မည်သည့်နည်းနှင့်မျှ သွေးသွင်းကုသမှုမှတဆင့် ရောဂါကူးစက်မှု မရှိသလောက် ရှားပါးပြီဟု ကျွန်မဆို ချင်ပါသည်။

ဆေးရုံကြီးများဆိုပေက ပိုမိုဂရုစိုက်ပြီး အထပ်ထပ် စစ်ဆေးပြီးကာမှ လူနာ၏ ကိုယ်တွင်းသို့ သွေးသွင်းကုသပေးနေကြ ပြီ။ ကျွန်မတို့ လုပ်ငန်းဌာနမှ လုပ်ဖော်ကိုင်ဖက်များလည်း ရောဂါအမျိုးမျိုးကြောင့် လူ့လောကကို ကျောခိုင်းသွားကြပေ ပြီိ ဖြစ်သည်။ အဆုတ်ကင်ဆာ အဆီကျိတ်ကင်ဆာ၊ တစ်ဦးလျှင် ကျောက်ကပ်ရောဂါ စသဖြင့် စောစီးစွာ ဝမ်းနည်း ဖွယ် လူ့ဘဝမှာ စွန့်ခွာကြရလေသည်။ ပင်စင်ယူခါစ အဒေါ်တစ်ယောက်ရဲ့ ဟာသ အနှောအပြောလေးကို ကြား ယောင်မိပါတော့သည်။

"သမီးရေ…အဒေါ်ကတော့ ဆီးချို သွေးတိုးနဲ့ မသေချင်ဘူး။ HIV ရောဂါနဲ့ပဲ သေချင်တော့တယ်။ ဆီးချို သွေးချိုက ဘာမှမစားရဘူး။"

HIV ရောဂါသည် ART သောက်ဆေးကြောင့် အစားအသောက်ရှောင်စရာမလိုဘဲ သက်တမ်းစေ့ နေထိုင်ရသည်ကို ထိုအဒေါ်က ဆိုချင်ပုံရသည်။ HIV ရောဂါသည် လွန်ခဲ့သော ရာစုနှစ်များကကဲ့သို့ ခြောက်ခြားစရာ မလိုတော့ပါ။ မထင်မှတ်သော သွေးတစ်စက်ကြောင့် ကူးစက်ခံရသည်ဆိုစေဦး HIV ရောဂါဝေဒနာရှင်တွေ ပြုံးပျော်စွာ ငါသူမခြား နေထိုင်ကြပေပြီ။ ထိတ်လန့်စရာရောဂါ အိပ်မက်ဆိုးကြီးလည်း ပျောက်ပျယ်သွားပေပြီ။

မေကြေးမုံ (ဓါတ်ခွဲ)
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
မထင်မှတ်သော သွေးတစ်စက် မထင်မှတ်သော သွေးတစ်စက် Reviewed by THITHTOOLWIN on 05:17 Rating: 5
Powered by Blogger.