ရူးလောက်အောင်ချမ်းသာတဲ့ အာရှသားများက ဒေသတွင်း မညီမျှမှုကို မီးမောင်းထိုးပြ အန်နာ နီကိုလာချီ ဒါ ကော့စတာ ဘီဘီစီ စီးပွားရေး သတင်းထောက်

ရူးလောက်အောင်ချမ်းသာတဲ့ အာရှသားများ ရုံဖွင့်ပွဲမှာ တွေ့ရတဲ့ မင်းသမီး ကွန်စတင့်ဝူ
ရူးလောက်အောင်ချမ်းသာတဲ့ အာရှသားများ ရုပ်ရှင် အရင်လက ရုံတင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကားကြောင့် အာရှမှာ အလွန်ချမ်းသာတဲ့ လူတန်းစားတရပ် တိုးပွားလာနေတာကို မီးမောင်းထိုးပြသလို ဖြစ်ခဲ့ပါတယ်။

စင်္ကာပူက ကုန်တိုက်ကြီးတွေမှာ မူတည် ရိုက်တဲ့ ဒီကားမှာ ပရာဒါ ဂူချီ လူဝီ ဗီတွန်စတဲ့ ဒီဇိုင်နာ လက်ပွေ့အိတ်တွေ ကိုင်လာတဲ့ ဈေးဝယ်သူတွေကို တွေ့ရမှာပါ။

အာရှက တခြားမြို့ကြီးတွေမှာလည်း စင်္ကာပူ နည်းတူပါပဲ။

ဒါပေမဲ့ ဒေသတွင်းမှာတော့ လူတန်းစား မညီမှုက ပိုဆိုးလာပါတယ်။ တချိန်က အာရှကို ဖွံ့ဖြိုးမှု ညီတဲ့ ဒေသလို့ သတ်မှတ်ခဲ့ကြတာပါ။

အာရှ ပစိဖိတ် တကြောမှာ မဟာ ဇောတိက ခေါ်ရမယ့် လူတန်းစားသစ် အရေအတွက်က မြောက်အမေရိကနဲ့ ဥရောပကို သာသွားပြီလို့ အောက်စ်ဖမ်း သုတေသနအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ဒေါ်လာ သန်းချီ ဘီလျံချီ ချမ်းသာသူတွေ အများဆုံး ရှိတဲ့ နေရာမှာ ကမ္ဘာ့ ဆင်းရဲသား ဦးရေရဲ့ ၃ ပုံ ၂ ပုံ ရှိနေပါတယ်။

ဒေသတွင်း နိုင်ငံတွေမှာ ကြွယ်ဝမှု မညီမျှတာက ကြောက်စရာ ကောင်းတယ်လို့လည်း အောက်စ်ဖမ်း အဖွဲ့ရဲ့ အာရှ ဒေသတွင်း မညီမျှမှု တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင် မွတ်စတာဖာ တာလ်ပူးက ပြောပါတယ်။

ဘီလျံနာ သူဌေး ၅၈၅ ယောက် နဲ့ အမေရိကန်က သူဌေးပေါတဲ့ စာရင်းမှာ ထိပ်က ရှိနေတယ်လို့ ဖို့ဘ်စ် စီးပွားရေး မဂ္ဂဇင်းက ထုတ်ပြန်ပါတယ်။

အဲဒီနောက်မှာ တရုတ် ပြည်မကြီးက ၃၇၃ ယောက်နဲ့ လိုက်ပါတယ်။

ဒါပေမဲ့ အာရှ ပစိဖိတ် တခုလုံးမှာတော့ ဘီလျံနာ က ၆ဝဝ ရှိနေပါပြီ။

နောက်ပြီး အာရှမှာ အိမ်တန်ဖိုး အပြင် ဒေါ်လာ တသန်းကျော် ပိုချမ်းသာသူ ဦးရေက အများဆုံး ရှိပါတယ်။ တကမ္ဘာလုံး အနေနဲ့ ကြည့်ရင် မြောက်အမေရိကမှာ ၃၁ ရာခိုင်နှုန်းပဲ ရှိချိန်မှာ အာရှက ၃၄ ရာခိုင်နှုန်း ရှိပါတယ်။

၂ဝဝ၈ ကနေ ၂ဝ၁၂ အတွင်း တရုတ်ပြည်မှာ တိုးတက်မှု ၈ ရာခိုင်နှုန်းက ၁၁ ရာခိုင်နှုန်းထိ ရှိခဲ့တုန်းက အမေရိကနဲ့ ဥရောပမှာ စီးပွားရေး အကျပ်အတည်း ဆိုက်ခဲ့ပါတယ်။

တရုတ်နဲ့ အိန္ဒိယလို ဖွံ့ဖြိုးကြီးထွားလာတဲ့ ဈေးကွက်တွေမှာ ပြည်တွင်း ထုတ်ကုန်တန်ဖိုး နဲ့ ရှယ်ယာဈေးကွက်တွေ တက်လာချိန်မှာ ဖွံ့ဖြိုးခိုင်မာပြီး ဖြစ်တဲ့ ဂျပန်၊ ဟောင်ကောင်နဲ့ စင်္ကာပူ နိုင်ငံတွေက ပုံမှန်တိုးတက်မှုကလည်း ဒီလို ဒေသတခုလုံး တိုးတက်မှုကို ဖြစ်စေတယ်လို့ နယူးယော့ အခြေစိုက် Capgemini ဈေးကွက် သုတေသနအဖွဲ့က ပြောပါတယ်။
အာရှမှာ အဌေးဆုံး ပုဂ္ဂိုလ်

၂ဝ၁၈ ဖို့ဘ်စ် မဂ္ဂဇင်းအလိုအရ ပိုနီမားလို့ သိကြတဲ့ မားဟွာတန်က အာရှမှာ အချမ်းသာဆုံး ဖြစ်ပြီး ကမ္ဘာမှာ နံပါတ် ၁၇ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ နည်းပညာ လုပ်ငန်းကြီး တခုမှာ သူက အမှုဆောင် အရာရှိချုပ် ဖြစ်ပြီး နာမည်ကြီးတဲ့ ဝီချတ် အင်တာနက် စာပို့ စနစ်ကိုလည်း သူတို့ဆီက ပိုင်ပါတယ်။ သူ့ကြွယ်ဝမှုက အမေရိကန် ဒေါ်လာ ၄၅ ဘီလျံ ဖြစ်ပါတယ်။
အာရှရဲ့ အချမ်းသာဆုံး ပိုနီမား
ဖို့ဘ်စ် မဂ္ဂဇင်းရဲ့ ထိပ်တန်း ဘီလျံနာ ၂ဝ ထဲမှာ အလီဘာဘာ အင်တာနက် ကူးသန်း ရောင်းဝယ်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဂျက်မား ပါပါတယ်။ အလီဘာဘာ ရဲ့ ရှယ်ယာဈေးတွေက မနှစ်က နှစ်ဆ တက်လာပြီး ကမ္ဘာမှာ အချမ်းသာဆုံး ကုမ္ပဏီတွေထဲ ပါပါတယ်။ ဂျက်မားပိုင် ချမ်းသာမှုကိုက ဒေါ်လာ ၃၉ သန်း ရှိပါတယ်။

ဖို့ဘ်စ်ရဲ့ အချမ်းသာဆုံး ၃ဝ ထဲမှာ ဟောင်ကောင်က လီကာရှင်းနဲ့ တရုတ်က ဝမ်ဂျီယန်လင်းတို့လည်း ပါပါတယ်။

ဒေါ်လာ ၃၅ ဘီလျံလောက် ကြွယ်ဝတဲ့ လီကာရှင်းက မနှစ်ကမှ သူ့အလုပ်ကနေ အနားယူပြီး သားကြီးကို လွှဲပေးခဲ့ပါတယ်။ သူ့လုပ်ငန်းမှာ လက်လီ ရောင်းဝယ်ရေး၊ ဆက်သွယ်ရေးနဲ့ လျှပ်စစ် စွမ်းအင် လုပ်ငန်းတွေ ပါပါတယ်။

ဝမ်ဂျီယန်လင်းကတော့ ကမ္ဘာမှာ အကြီးဆုံး အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ငန်းကြီးတခုနဲ့ အမေရိကန်က ရုပ်ရှင်ရုံ အုပ်စု လုပ်ငန်း တခု၊ ရုပ်ရှင် စတူဒီယို လုပ်ငန်းတွေ ပိုင်ပါတယ်။
စွန့်ပစ် ဖရဲသီးကောက်နေတဲ့ ဘင်္ဂလားဒေ့ရှ်က လူဆင်းရဲ ကလေးတွေ

 မညီမျှမှုနဲ့ အာရှ ရိုက်ခတ်မှု

မနှစ်က တရုတ်ပြည်မှာ ဖြစ်ထွန်းတဲ့ ကြွယ်ဝမှု ၇၉ ရာခိုင်နှုန်းကို လူဦးရေရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတဲ့ သူဌေးတွေက ရရှိပါတယ်။

အိန္ဒိယရဲ့ ကြွယ်ဝမှု ၇၃ ရာခိုင်နှုန်းကိုတော့ အလားတူပဲ ၁ ရာခိုင်နှုန်းသာ ရှိတဲ့ သူဌေးတွေက ရယူပါတယ်။

ဒါကြောင့် တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေမှာ အမျိုးသား ဥစ္စာဓနရဲ့ ထက်ဝက်လောက်ကို ဒီလူချမ်းသာ ၁ ရာခိုင်နှုန်းက ခံစားနေပါတယ်။

အလွန် မညီမျှမှု ကြီးတဲ့ ထိုင်းမှာလည်း ကြွယ်ဝမှု အသစ် ၉၆ ရာခိုင်နှုန်းကို ထိပ်ဆုံးက လူ ၁ ရာခိုင်နှုန်းကပဲ ယူသွားပါတယ်။

၁ဝဝ ရာခိုင်နှုန်းထိ ဖြစ်သွားရင် လုံးဝ မညီမျှမှုလို့ ပြောရမယ့် မညီမျှမှုကို တိုင်းတဲ့ ဂျီနီ ညွှန်းကိန်းမှာ တရုတ်က ၈၂ ရာခိုင်နှုန်း၊ အိန္ဒိယက ၈၈ နဲ့ ကျန်တဲ့ အာရှ ပစိဖိတ် တခုလုံးမှာ ၉ဝ ရာခိုင်နှုန်းထိ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese
ရူးလောက်အောင်ချမ်းသာတဲ့ အာရှသားများက ဒေသတွင်း မညီမျှမှုကို မီးမောင်းထိုးပြ အန်နာ နီကိုလာချီ ဒါ ကော့စတာ ဘီဘီစီ စီးပွားရေး သတင်းထောက် ရူးလောက်အောင်ချမ်းသာတဲ့ အာရှသားများက ဒေသတွင်း မညီမျှမှုကို မီးမောင်းထိုးပြ  အန်နာ နီကိုလာချီ ဒါ ကော့စတာ ဘီဘီစီ စီးပွားရေး သတင်းထောက် Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.