ဘင်္ဂလာရဲအားကူညီသူ ဒုက္ခသည်စခန်းတွင် ပစ်သတ်ခံရ


နိရဉ္စရာ၊ စက်တင်ဘာ ၁

တရားမ၀င် အသိအမှတ်မပြုထားသော ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ တက်ကနက် မြို့နယ် နီလာနယ်မြေ လေဒါ (Leda) ဒုက္ခသည်စခန်းတွင် မူးယစ်ဆေးဝါးရောင်း ၀ယ်ဖောက် ကားသူ တစ်ဦးအား ဖမ်းဆီးပြီး ဘင်္ဂလာရဲကို ကူညီသူ စခန်းစောင့်တစ်ဦး ပစ်သတ် ခံလိုက်ရသည်ဟု BDnews24 တွင် သတင်းဖော်ပြသည်။

အသတ်ခံရသူမှာ အဘူ ယာဆာ (Abu Yaser) (၄၂) နှစ်ဖြစ်သည်။ အဘူယာဆာမှာ တစ်ခြား သူတစ်ချို့နှင့် အတူ စခန်းလုံခြုံရေးကို စေတနာအရ စောင့်ကြပ်ရန် ဘင်္ဂလာအာဏာပိုင်များက ခန့်အပ်ထားသူ ဖြစ်ကြောင်း သိရသည်။

သူ့အား လွန်ခဲ့သည့်သောကြာနေ့ ညနေ ၃ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်သွားခြင်း ဖြစ်ကြောင်း တက်ကနက်ရဲစခန်းမှ စခန်းမှူး ရာနာဂျစ်ကူမာ ဘရ၀ါ (Ranajit Kumar Barua) က ပြောကြောင်း သတင်းတွင် ဖော်ပြသည်။

သေနတ်ဖြင့် ပစ်သတ်သွားသူများသည် ရဲတပ်ဖွဲ့ဝင်မရောက်ရှိမီ ထွက်ပြေးသွားကြပြီး လူသတ်တရားခံကို ယခုအချိန်ထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ၎င်းက ပြောကြားသည်။

အသတ်ခံရသူ အဘူယာဆာ အလောင်းအား ကော့စ်ဘဇားခရိုင်ဆေးရုံသို့ စစ်ဆေးရန် ယူဆောင်သွားကြောင်း သိရသည်။

အသတ်ခံရသူ အဘူယာဆာသည် စခန်း လုံခြုံရေး အဖွဲ့ဝင်များနှင့် အတူ လွန်ခဲ့သော ၂ ပတ်ခန့်က ယာဘားစိတ်ကြွဆေးပြားကို စခန်းတွင်းသို့ ယူဆောင်လာသူ လေဒါ မူဆလင် ဒုက္ခသည်စခန်း အကွက် (၆) တာဝန်ခံ Abdul Matlab နှင့် ဒေသခံ တစ်ဦးဖြစ်သူ Md Yusuf တို့အား ဖမ်းဆီးပြီး စိတ်ကြွဆေးပြား ၁၆၀၀ နှင့်အတူ ဘင်္ဂလာအာဏာပိုင်များကို အပ်နှံခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။

ထိုသို့ ဖမ်းဆီးပြီး ရဲလက်အပ်သို့ အပ်နှံမှု အပေါ် မှောင်ခိုဂိုဏ်းမှ မကျေနပ်သဖြင့် ယခုလို ပစ်သတ်သွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

သောကြာနေ့က အဘူယာဆာသည် သူမိတ်ဆွေများနှင့် အလယ်မှထိုင်ပြီး စကားပြောနေစဉ် ဘင်္ဂလာဒေသခံ နှစ်ဦးနှင့် စကားများခဲ့ပြီးနောက် ပစ်သတ်ခံရပြီး နေရာတွင်ပင် ပွဲချင်းပီး သေဆုံးသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာရဲအားကူညီသူ ဒုက္ခသည်စခန်းတွင် ပစ်သတ်ခံရ ဘင်္ဂလာရဲအားကူညီသူ ဒုက္ခသည်စခန်းတွင် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.