တရားမဝင်ဆေးဝါးရောင်းချသည့်ဆေးဆိုင် ၁၆ ဆိုင်ကို ရောင်းချခွင့် သုံးလပိတ်သိမ်း


မန္တလေး ၃ စက်တင်ဘာ

မန္တလေးတိုင်းအတွင်းမှာ ၂၀၁၈ ခုနှစ်အတွင်း တရားမဝင် ဆေးဝါးရောင်းချသည့်ဆေးဆိုင်၊ သတ်မှတ်စည်းကမ်းနှင့် မကိုက်ညီသည့် ဆေးဆိုင်စုစုပေါင်း ၁၆ ဆိုင်ကို ဆေးဝါးရောင်း ချခွင့် သုံးလပိတ်သိမ်းခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မေလအထိ မန္တလေးတိုင်းအတွင်းက ဆေးဆိုင် ၈၁ ဆိုင်ကို ရှောင်တခင် စစ်ဆေးခဲ့ရာ ဆေးဝါးရောင်းချခွင့် ၃ လပိတ်သည့်ဆိုင် ၁၆ ဆိုင် ၊ ဆေးဝါးရောင်းချခွင့် ၆ လ ပိတ်သည့်ဆိုင် တစ်ဆိုင် ၊ အမျိုးသားဆေးဝါးဥပဒေအရ တရားစွဲဆိုသည့်ဆိုင် ၁ဆိုင်ရှိခဲ့ကြောင်း သိရသည်။

‘၂၀၁၆ကတည်းက အသိပညာပေးတွေလုပ်ပေးခဲ့ပြီးပြီ။ ၂၀၁၇ ကစပြီး စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူတယ်။ မှတ်ပုံတင်မရှိတဲ့ဆေး၊ စပ်ဆေးတွေ ရောင်းချမှုရှိမရှိ စစ်ဆေး အရေးယူတယ်။ သက်တမ်းကုန်တဲ့ဆေးတွေ တွေ့တယ်ဆိုရင် သိမ်းတယ်။ နောက်တခါမထားဖို့ပြောခဲ့တယ်။ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာဆိုရင် အရေးယူတာတွေလုပ်တယ်’ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(မန္တလေးဌာနခွဲ)၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ်းမြတ်ကပြောသည်။

မှတ်ပုံတင်မထားသည့် ဆေးဝါးများ(တရားမဝင်ဆေးဝါး)ကို စစ်ဆေးရာ တရုတ်နိုင်ငံ ထုတ်ဆေးဝါးများက အများဆုံးဖြစ်ပြီး ၊ ထိုင်း၊ အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့က ဝင်ရောက်လာသည့် ဆေးများ ပါဝင်သည်ဟု သိရသည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာခွဲ(မန္တလေး)နှင့် မြို့နယ်အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့ ပူးပေါင်းပြီး ဆေးဆိုင်များအား ရှောင်တခင် ဝင်ရောက်စစ် ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ စစ်ဆေးတွေ့ရှိချက်များအား အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးကော်မတီ၏ အစည်းအဝေးတွင် တင်ပြပြီး အရေးယူမှုကို အတည်ပြုဆုံးဖြတ်သည်။

ယခုလို ပုံမှန်စစ်ဆေးမှုများကြောင့် မှတ်ပုံတင်မထားတဲ့ဆေးဝါး(တရားမဝင်ဆေးဝါး) ရောင်းချမှုလျော့ကျလာ သည်ဟုဆိုသည်။ ၂၀၁၆ ခုနှစ်တွင် မှတ်ပုံတင်မထားသည့်ဆေးဝါး များစစ်ဆေးတွေ့ရှိ သည့်ဆိုင် ၇၆ ၊ ၂၀၁၇ ခုနှစ်တွင် ၄၅ ဆိုင် ၊ ၂၀၁၈ ခုနှစ်တွင် ၁၅ ဆိုင် သာ စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

‘ပြည်တွင်းမှာရောက်မှစစ်တာထက် မဝင်ခင်တားနိုင်ရင် ပိုကောင်းတယ်။ တခြားနိုင်ငံတွေက ဘော်ဒါကွန်ထရိုး အရမ်းကောင်းတယ်’ဟု မန္တလေးဈေးချိုမှ ဆေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ဆေးဆိုင်အချို့တွင် သက်တမ်းလွန်ဆေးဝါးများအား ရက်စွဲပြန်လည်ပြင်ဆင်ကာ ရောင်းချနေမှု များစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ သက်တမ်းလွန်ဆေးဝါးများအား ရက်စွဲပြန်လည်ပြင်ဆင်ကာ ရောင်းချသည့် ဆေးဆိုင်များတွင် မေးခိုင်ကာကွယ်ဆေး၊ ပဋိဇီဝဆေး ၊ ကိုယ်ဝန်ဆောင်အားဆေး စသည့်ဆေးများကို စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

အိမို့မို့ခိုင်
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
တရားမဝင်ဆေးဝါးရောင်းချသည့်ဆေးဆိုင် ၁၆ ဆိုင်ကို ရောင်းချခွင့် သုံးလပိတ်သိမ်း တရားမဝင်ဆေးဝါးရောင်းချသည့်ဆေးဆိုင် ၁၆ ဆိုင်ကို ရောင်းချခွင့် သုံးလပိတ်သိမ်း Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.