သထုံတွင် တစ်သောင်းတန်ငွေစက္ကူ အတုများ ဖမ်းဆီးရမိ


သထုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ် သထုံမြို့  လိပ်အင်းရပ်ကွက် ဝါးတောလမ်း ရှိနေအိမ်တစ်အိမ်မှ ကျပ်တစ်သောင်းတန်ငွေစက္ကူ အတုများအား စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီခွဲ အချိန်ခန့်က စစ်ဆေးတွေ့ရှိ ဖမ်းမိခဲ့ ကြောင်း သိရသည်။

သထုံခရိုင်ရဲတပ်ဖွဲ့ မှုခင်းနှိမ်နင်းရေးဋ္ဌာနမှရဲအုပ်အောင်သူ၊ သထုံမြို့မရဲစခန်းမှနယ်ထိန်းခေါင်းဆောင်ရဲအုပ်တင်မိုးလှိုင်နှင့်တပ်ဖွဲ့ဝင်များသည်သတင်းအရ ဒေါ်ဋ္ဌေးဋ္ဌေး(၅၀)နှစ်၏နေအိမ်အား ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းပါဝင်သောသက်သေများနှင့် အတူဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့ ရှာဖွေစစ်ဆေးရာမှ ၎င်းနေအိမ်တွင်လွန်ခဲ့သော တစ်လခန့်က ရောက်ရှိ တည်းခိုနေသည့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ထိန်တောကျေးရွာနေ ဇော်မင်းနိုင်(ခ)ကိုနိုင်(၄၆)နှစ်၏အိပ်ခန်းအတွင်းမှ ကျပ်တစ်သောင်းတန်ငွေစက္ကူ အတု ၁၂၅၄၅ ရွက်၊ ငွေစက္ကူ မျက်နှာတစ်ခြမ်းကူးထားသည့်A4အရွယ်စက္ကူ ၂၂၀ ရွက်၊ငွေစက္ကူ မျက်နှာနှစ်ဘက်ခြမ်းစလုံး ကူးထားပြီးမဖြတ်တောက်ရသေးသည့် A4 အရွယ်စက္ကူ ၉ရွက်၊ငွေစက္ကူ အတုပြုလုပ်ရာတွင်အသုံးပြုသည့် ကာလာပရင်တာတစ်လုံးအပါအဝင်ဆက်စပ်ပစ္စည်းများကိုသက်သေများရှေ့မှောက်တွင်ရှာဖွေပုံစံဖြင့်သိမ်းဆည်းခဲ့ကြောင်း၊ ဇော်မင်းနိုင်အားဆင်လက်စစ်ဆေးရာ အဆိုပါငွေစက္ကူ အတုများကိုလွန်ခဲ့သော ၁၀ ရက်ခန့်က သထုံမြို့နယ်အလံတစ်ရာကျေးရွာတွင် နေထိုင်သူ ဘိုလေး ဆိုသူနှင့်အတူ ၎င်းအိပ်ခန်းအတွင်း အတူပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အိမ်ရှင်ဒေါ်ဋ္ဌေးဋ္ဌေး၊ ဧည့်သည် ဇော်မင်းနိုင်နှင့် ဘိုလေးဆိုသူတို့အား သထုံမြို့မရဲစခန်း က အမှုဖွင့် အရေးယူထားပြီး ဘိုလေးဆိုသူအား ဖမ်းဆီးရမိရေးအတွက် လိုက်လံစုံစမ်းရှာဖွေနေကြောင်း သိရှိသည်။

နန္ဒကျော်စွာ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သထုံတွင် တစ်သောင်းတန်ငွေစက္ကူ အတုများ ဖမ်းဆီးရမိ သထုံတွင် တစ်သောင်းတန်ငွေစက္ကူ အတုများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 21:11 Rating: 5
Powered by Blogger.