သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာလို့ ဘားအံမြို့အနိမ့်ပိုင်း ရေပြန်ဝင်နစ်မြှုပ်လာ

ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း ဇူလိုင်လ ရေကြီးခဲ့စဉ်က
သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေ အမှတ်ကို ကျော်လွန်ရောက်လာလို့ အနိမ့်ပိုင်းနေရာတွေမှာ ရေတွေ ပြန်ဝင်နေတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂ ရက် နံနက်ပိုင်း တိုင်းတာချက်အရ သံလွင်မြစ်ရေဟာ စိုးရိမ်ရေ အမှတ် ၇၅၀ စင်တီမီတာကို ကျော်လွန်ပြီး ၈၇၉ စင်တီမီတာထိ ရောက်ရှိနေတယ်လို့ ပြည်နယ်မိုးဇလဦးစီးဌာနက ပြောပါတယ်။

လက်ရှိအချိန်ထိလည်း ဘားအံမြို့ပေါ်မှာ ရေဘေးကယ်ဆယ်ရေးစခန်း ၁၃ ခု ရှိနေပြီး အနိမ့်ပိုင်း ရပ်ကွက်မှာ နေထိုင်ကြသူတွေက ခိုလှုံနေထိုင်ကြတယ်လို့ ရေဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ဘားအံမြို့ခံ လူမှုကူညီရေး လုပ်ဆောင်နေတဲ့ ဦးအောင်မိုးက ပြောပါတယ်။

ဘားအံမြို့အနိမ့်ပိုင်း ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရေက ၆ ပေ၊ ၇ ပေ၊ ၈ ပေ အထိ ရှိနေတယ်လို့လည်း ဘားအံမြို့ခံ ကိုစောချိမ့်ပေါင်က ပြောပါတယ်။

၂ လ နီးပါး ရေနစ်မြှုပ်ခဲ့တဲ့အပြင် လက်ရှိမှာလည်း လယ်စိုက်ခင်းတွေမှာ ရေတွေနစ်မြှုပ်နေသေးလို့ စပါးတွေ ပြန်စိုက်ပျိုးဖို့လည်း ဒေသခံလယ်သမားတွေ အနေနဲ့ အခက်အခဲ ကြုံနေရတယ်လို့ ကိုစောချိမ့်ပေါင်က ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေဟာ နေအိမ်တွေဆီကို မပြန်နိုင်တာ ၁ လကျော်ကြာ ရှိနေပြီး၊ ရေဘေး ရက်ကြာရှည် လာတာနဲ့အမျှ သူတို့တွေ စားသောက်ဖို့အတွက် အလှုရှင်တွေ အကူအညီပေးတာ နည်းပါးလာပေမယ့် ကရင်ပြည်နယ် အစိုးရအဖွဲ့က ထောက်ပံပေးနေတယ်လို့ ဦးအောင်မိုးက ပြောပါတယ်။
ဇူလိုင်လအတွင်းကရေကျပေမယ့် အိမ်ပြန်လို့ မရသေးဘဲ ဖြစ်နေတဲ့ မြို့ခံတွေ
ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်းက သံလွင်မြစ်ရေဟာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်မြင့်တက်ခဲ့လို့ ဘားအံမြို့တစ်မြို့နီးပါး ရေကြီးရေလျှံမှု ခံစားခဲ့ရပါတယ်။

ဒီရက်ပိုင်းတွေအတွင်း မြစ်ရေဟာ ဆက်လက်မြင့်တက်နေလို့ တကြော့ပြန် ရေဘေးဒုက္ခတွေကို ပြန်ခံစားရမှာနဲ့ ရေဘေးရှောင်စခန်းတွေ ထပ်တိုးလာမှာကို မြို့ခံတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက စိုးရိမ်နေတယ်လို့ ဦးအောင်မိုးက ပြောပါတယ်။

ဘားအံမြို့မှာ တစ်လကျော်ကြာ ရေကြီးရေလျှံမှုများကြောင့် ရေနစ်သေဆုံးခဲ့သူ ၁၄ ဦး အထိ ရှိခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သြဂုတ်လ ၃၀ ရက်က သေဆုံးသူတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် တစ်ဦးကို ကျပ်သုံးသိန်း ထောက်ပံပေးအပ်ခဲ့တယ်လို့ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှုးရုံးက သတင်းထုတ်ပြန်ပါတယ်။

BBC Burmese
https://www.bbc.com/burmese
သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာလို့ ဘားအံမြို့အနိမ့်ပိုင်း ရေပြန်ဝင်နစ်မြှုပ်လာ သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်ထက် မြင့်တက်လာလို့ ဘားအံမြို့အနိမ့်ပိုင်း ရေပြန်ဝင်နစ်မြှုပ်လာ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.