ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည့် အချုပ်သား ၃ ဦးမှ ၂ ဦးပြန်လည်ဖမ်းဆီးရမိ


ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မ ရဲစခန်းတွင် စက်တင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက အချုပ်သား ၃ ဦး အချုပ်ခန်းဖောက် ထွက်ပြေးမှုဖြစ်ပွားခဲ့ပြီး ၂ ဦးကို နံနက် ၇း၄၀ နာရီအချိန်တွင်ပြန်လည် ဖမ်းဆီးရမိပြီဖြစ် ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

စက်တင်ဘာ ၁၈ ရက် နံနက် ၃း၃၀ နာရီအချိန်က အချုပ်သားများဖြစ်သည့် ခိုးမှုဖြင့် ဖမ်းဆီးစစ်ဆေးခံနေရသူ အာကာဂျူး (၂၃ နှစ်)၊ လုယက်မှုနှင့် စစ်ဆေးခံနေရသူ ပိုးဖြူ(ခ)နန္ဒအောင်(၁၉ နှစ်)နှင့် ဓမ္မတာနှင့် ဆန့်ကျင် သော ပြစ်မှုပုဒ်မ ၃၇၇ ဖြင့် ဖမ်းဆီး စစ်ဆေးခံနေရသူ လှနိုင်ဦး (၃၃ နှစ်)တို့သည် အချုပ်ခန်း သစ်သားတိုင်အား သံဖြတ်လွှဖြင့် ဖြတ်ကာ ထွက်ပြေး လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်။

ထွက်ပြေးလွတ်မြောက်ခဲ့သည့် အချုပ်သားများကို ပြန်လည်ဖမ်းဆီးရမိရန် ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှုးကြီး ရွှေသောင်း ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်ခဲ့ရာ မအူပင်မြို့နယ် ရေလဲကျေးရွာအနီး လယ်ကွင်းအတွင်း၌ အာကာဂျူးနှင့် ပိုးဖြူ(ခ)နန္ဒအောင်တို့အား ပြန်လည် ဖမ်းဆီးရမိခဲ့ပြီး လှနိုင်ဦးမှာ ဆက်လက်ထွက်ပြေး လွတ်မြောက်နေကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“၃ ယောက်ထွက်ပြေး လွတ်မြောက်သွားတာမှာ နှစ်ယောက်တော့ပြန်ဖမ်းမိပါပြီ ထွက်ပြေးလွတ်မြောက်နေတဲ့ တစ်ယောက်ကိုလည်း ပြန်လည်ဖမ်းမိအောင် ပိတ်ဆို့ ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေက ပြောသည်။
လွတ်မြောက်နေသူ ဘိုကလေးမြို့နယ် ခရေကွဲကျေးရွာတွင်နေထိုင်သူ လှနိုင်ဦး (ဘိုကလေးမြို့မ ရဲစခန်းမှ (ပ) ၃၄၆/၂၀၁၈ ဓမ္မတာနှင့် ဆန့်ကျင်သောပြစ်မှုပုဒ်မ ၃၇၇ ဖြင့်ဖမ်းဆီး စစ်ဆေးခံနေရသူ)အား အမြန်ဆုံး ပြန်လည် ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့ဝင်များမှ ပိတ်ဆို့ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ရတနာပုံ နေ့စဉ်သတင်းစာ
https://www.facebook.com/yadanabonnewspaper
ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည့် အချုပ်သား ၃ ဦးမှ ၂ ဦးပြန်လည်ဖမ်းဆီးရမိ ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ခန်းဖောက် ထွက်ပြေးခဲ့သည့် အချုပ်သား ၃ ဦးမှ ၂ ဦးပြန်လည်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.