လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ အရေးယူရေး အဆို ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြု

ရှမ်းပြည်နယ် လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် ။ ဓာတ်ပုံ - စိုင်းထက်ခေးလ်
ရှမ်းပြည်နယ်အတွင်းက လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ တားဆီးပိတ်ပင် အရေးယူရေး ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။

ဒီနှစ်ဆန်းပိုင်းက လားရှိုးတက္ကသိုလ်မှာလုပ်ခဲ့တဲ့ လူငယ်တွေ့ဆုံပွဲတုန်းက ကျောင်းသားတွေပြောပြတဲ့ အခက် အခဲတွေထဲမှာ တက္ကသိုလ်ပတ်ဝန်းကျင်မှာ လောင်းကစားဝိုင်းတွေ များပြားနေပေမယ့် အရေးယူဆောင်ရွက်တာတွေ မရှိဘူးဆိုတာကြောင့် အဆိုကို မဖြစ်မနေ တင်သွင်းရတာလို့ မနေ့က အဆိုတင်သွင်းခဲ့သူ သိန္နီမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ က RFA ကို ဒီနေ့ ပြောပါတယ်။

"ရှမ်းမြောက်မှာ လူငယ်တွေ့ဆုံပွဲတစ်ခုလုပ်တဲ့အခါမှာ လားရှိုးတက္ကသိုလ်က ကျောင်းသားလေးတွေက ပြောပြတာပေါ့နော်၊ သူတို့ရဲ့ တက္ကသိုလ်ပတ်ဝန်းကျင်မှာ ဒီငါးမန်းဂိမ်းဆိုင်တွေ၊ လောင်းကစားဝိုင်းတွေ တအားများတယ်ပေါ့၊ ပညာသင်တဲ့အခါမှာလည်း အနှောင့်အယှက်ဖြစ်တယ်ပေါ့နော်၊ ဘယ်သူမှလည်း သွားပြီးတော့မှ တားဆီးခြင်း၊ အရေးယူခြင်း မရှိဘူး၊ ဒါကြောင့်မို့ ကလေးတွေဟာ ပညာသင်နေတဲ့အရွယ်မှာ လမ်းမှားရောက်ပြီးတော့ အကျင့်စာရိတ္တတွေ ပျက်ပြားနေတာပေါ့နော်၊ မူးယစ်ဆေးတွေပါ သုံးစွဲလာတဲ့အထိဖြစ် တယ်ပေါ့၊ ရှမ်းမြောက်မှာတောင် မကပါဘူး၊ အုပ်စုဖွဲ့ပြီး လုယက်တာတွေ နေရာအနှံ့မှာရှိနေတယ်လေ၊ အဲဒါကြောင့် ဒီအဆိုကို ကျမ မတင်မဖြစ် တင်လိုက်ရပါတယ်"

မုဆယ်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က အဲဒီအဆိုနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ရဲတပ်ဖွဲ့အပါအ၀င် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက အရေးယူဆောင်ရွက်မှုတွေ အားနည်းနေတာကြောင့် တရားဥပဒေစိုးမိုးမှု မရှိတာဖြစ်တယ်လို့ ဆွေးနွေးသွားခဲ့ပါတယ်။

အလားတူပဲ ကွတ်ခိုင်မြို့နယ်နဲ့ ကလောမြို့နယ်တွေမှာလည်း ငါးမန်းဂိမ်းဆိုင် (ခေါ်) အကြွေစေ့ဂိမ်းဆိုင်တွေ အပါအ၀င် လောင်းကစားဝိုင်းတွေရှိနေတယ်လို့ အသီးသီးဆွေးနွေးသွားခဲ့ကြပါတယ်။

အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်က ထောက်ခံဆွေးနွေးခဲ့ပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ နယ်လုံဝန်ကြီးကိုယ်တိုင် ထောက်ခံအတည်ပြုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

RFA Burmese
https://www.rfa.org/burmese
လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ အရေးယူရေး အဆို ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြု လောင်းကစားဝိုင်းတွေ ပပျောက်ရေးနဲ့ အရေးယူရေး အဆို ရှမ်းပြည်နယ်လွှတ်တော်မှာ အတည်ပြု Reviewed by THITHTOOLWIN on 22:13 Rating: 5
Powered by Blogger.