ရခိုင်လူငယ်ရှစ်ဦးကို ထပ်မံဖမ်းဆီးတရားစွဲခြင်းသည် အစိုးရအပေါ် ရခိုင်ပြည်သူများ၏ ယုံကြည်မှုကျဆင်းစေသည်ဟု AASYCမှ သဘောထားထုတ်ပြန်


စိုးဇံအောင်(တောင်ကုတ်)
နိရဉ္စရာ၊စက်တင်ဘာ ၂၉

မြောက်ဦးဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် ဒဏ်ရာရ လူငယ်ရှစ်ဦးကို အာဏာပိုင် များမှပြန်လည် ဖမ်းဆီးတရားစွဲဆိုခြင်းသည် အစိုးရ အပေါ် ရခိုင်ပြည်သူများ၏ ယုံကြည်မှု ကျဆင်းစေသည်ဟု ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ် များအစည်းအရုံး - All Arakan Student & Youth’s Congress (AASYC) မှ စက်တင်ဘာလ ၂၈ ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

AASYC ထုတ်ပြန် ကြေညာချက်ထဲတွင် “ အစိုးရအနေဖြင့် ရခိုင်ပြည်တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက် နေသည့် ကာလတွင် ယခုကဲ့သို့ ရခိုင်လူမျိုးများ အပေါ် မတရား ဖမ်းဆီးနှိပ်ကွပ်နေသည့် လုပ်ရပ်သည် အစိုးရအပေါ် ရခိုင်ပြည်သူများ၏ ယုံကြည်မှု ကျဆင်းလာစေပြီး အကြမ်းဖက် နည်းသို့ တွန်းပို့နေသည်ကို ထင်ဟပ်စေသည်” ဟုလည်း ဖော်ပြထားသည်။

“ကျွန်တော်တို့ လူငယ်ရှစ်ဦးကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ (၆)၁ နဲ့တရားစွဲ ဆိုတယ်။ သူတို့က အမှန်တရားကို ရှာဖွေတာမျိုးမဟုတ်ဘဲနဲ့ ပြည်သူတွေ၊ဒီလူငယ်တွေကို အပြစ်မကျကျအောင်၊ပြောရ မယ်ဆိုရင် လူငယ်တွေဆိုလည်း ဒီရခိုင်လူငယ်တွေကို ပိုပြီးတော့ အပြစ်မြင်နေတဲ့ပုံစံမျိုးပါ။သူတို့ သတ်မှတ်ချင်တဲ့နေရာ တစ်ခုကိုမရောက်ရောက်အောင် ပို့နေတဲ့ပုံစံမျိုး အမုန်းတရားနဲ့ လုပ်နေသလို ကျွန်တော်တို့ ထင်မြင်သုံးသပ်ပါတယ်” ဟု ရခိုင်ပြည်လုံး ဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး၏ ပြည်တွင်း တာဝန်ခံ ကိုစောထွန်းက နိရဉ္စရာသတင်းဌာနသို့ ပြောဆိုသည်။

မြန်မာအစိုးရ၏ ယခုကဲ့သို့ လုပ်ရပ်များသည် တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူပြောင်းရေး ကာလတွင် နိုင်ငံသားများ၏ ဒီမိုက ရေစီနှင့် အခြေခံလူ့အခွင့်အရေးများဖြစ်ကြသည့် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်များကို ချိုးဖောက်သည့်အပြင် ရခိုင်ပြည်သူများ အပေါ် ဥပဒေပုဒ်မ အမျိုးမျိုးကို အမည်ပြပြီး လိုသလိုအသုံးချကာ မတရားသဖြင့် တရားစွဲဆို ဖိနှိပ်အုပ်ချုပ်နေသည်ဟု မိမိတို့အနေဖြင့်ရှုမြင်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး (AASYC)မှ ၎င်းလုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်းနှင့် အစိုးရအား အချက်(၃) ချက်ကို တောင်းဆိုထားသည်။

၎င်းအချက် (၃) ချက်မှာ မြောက်ဦး ဆန္ဒပြပွဲဖြစ်စဉ်နှင့် ပတ်သက်၍ မတရားဖမ်းဆီးခံထားရသော သူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွတ်ပေးရန်၊ ဥပဒေနှင့်အညီ မဟုတ်ဘဲ ကိုင်တွယ် ခဲ့သော အပြစ်ကျူးလွန်ထားသူ သက်ဆိုင်ရာ အာဏာပိုင်များကို အမြန်ဆုံးအရေး ယူပေးရန်၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာရ ဒေသခံလူထုအပေါ် ကုစားပေးရေး အတွက် မြောက်ဦးမြို့တွင် အမှတ်တရပန်းခြံနှင့် အထိမ်းအမှတ် ကျောက်တိုင်တို့ ထားရှိရေး ပြည်နယ်လွတ်တော်မှ ဥပဒေပြဌာန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် စသည့် အချက်သုံးချက်တို့ ဖြစ်သည်။

“ကျွန်တော်တို့အခုလိုထုတ်ပြန်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရခိုင်လူငယ်တွေ ကိုပေါ့နော်။ ဇန်န၀ါရီတုန်းကဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာ သူတို့ကို အပြစ်မရှိ၊အပြစ်ရှိတဲ့ပုံစံမျိုးနဲ့ သူတို့ အတင်းအဓမ္မစွပ်စွဲ နေတဲ့ပုံစံမျိုး ကျွန်တော်တို့အနေနဲ့ တွေ့မြင်နေရလို့ အခုလို ထုတ်ပြန်ရတာ ဖြစ်ပါတယ်” ဟု ကိုစောထွန်းက ပြောဆိုသည်။

၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရခိုင်ပြည်၊ မြောက်ဦးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (၂၃၃) နှစ်မြောက် ရခိုင့်အချုပ် အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အတွက် ဟောပြောပွဲကို ဒေသအစိုးရ အာဏာပိုင်များက ပိတ်ပင် တားဆီး ခဲ့သောကြောင့် မြို့ခံလူထုက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့သည်ကို အစိုးရ အာဏာပိုင်များက အကြမ်း ဖက်နှိမ်နှင်းခဲ့ရာ ဒေသခံအရပ်သား (၇) ဦး သေဆုံးပြီး၊ (၁၂) ဦး ဒဏ်ရာရရှိခဲ့သည်။ မြောက်ဦးမြို့ လူထုဆန္ဒဖော်ထုတ်ပွဲဖြစ်စဉ်တွင် ဆေးကုသခံနေရသော ဒဏ်ရာရရှိခဲ့သူ (၁၂) ဦးအနက် စစ်တွေဆေးရုံတွင် ဆေးကုသခံနေရ သည်ပြည်သူ (၈) ဦးကို အစိုးရက ပြည်သူ့ပိုင်ပစ္စည်း ဥပဒေပုဒ်မ ၆(၁) ဖြင့် တရားစွဲဆိုခဲ့ရာ သက်သေအထောက်အထား မခိုင်လုံသောကြောင့် ရာဇသတ်ကြီး ပုဒ်မ (၁၄၈) ဖြင့် စစ်တွေမြို့နယ်တရားရုံးမှ စက်တင်ဘာ လ (၂၄) ရက်နေ့က ထောင်ဒဏ် (၈) လချမှတ်ခဲ့ပြီးနောက် လွှတ်မပေးဘဲပြန်လည် ဖမ်းဆီး ချုပ်နှောင်ထားပြီး နိုင်ငံတော် အလံဥပဒေပုဒ်မ (၆) ဖြင့် ဆက်လက် တရားစွဲထားသည်။

Narinjara
https://www.facebook.com/pg/Narinjara
ရခိုင်လူငယ်ရှစ်ဦးကို ထပ်မံဖမ်းဆီးတရားစွဲခြင်းသည် အစိုးရအပေါ် ရခိုင်ပြည်သူများ၏ ယုံကြည်မှုကျဆင်းစေသည်ဟု AASYCမှ သဘောထားထုတ်ပြန် ရခိုင်လူငယ်ရှစ်ဦးကို ထပ်မံဖမ်းဆီးတရားစွဲခြင်းသည် အစိုးရအပေါ် ရခိုင်ပြည်သူများ၏ ယုံကြည်မှုကျဆင်းစေသည်ဟု AASYCမှ သဘောထားထုတ်ပြန် Reviewed by THITHTOOLWIN on 10:18 Rating: 5
Powered by Blogger.